Children Development Center-CDC ကျောင်းအုပ်ဆရာကြီး မန်းရွှေနှင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

Children Development Center-CDC ကျောင်းအုပ်ဆရာကြီး မန်းရွှေနှင်းနှင့် တွေ့ဆုံမေးမြန်းခြင်း
by -
ကေအိုင်စီ

ဘဏ္ဍာငွေလျော့သော်လည်း ဝေဒနာသည်နှင့် ကျောင်းသားဦးရေ မလျော့သည့် မယ်တော်ဆေးခန်း၏ လက်ရှိ ကျန်းမာရေး၊ ပညာရေး အခြေအနေနှင့် ပတ်သက်၍ ကရင်သတင်းဌာနမှ မယ်တော်ဆေးခန်း၏ ဦးဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ CDC ကျောင်းအုပ်ကြီး ဆရာမန်း ရွှေနှင်းနှင့် တွေ့ဆုံမေးမြန်းထားချက် ဖြစ်သည်။

KIC - လက်ရှိ မယ်တော်ဆေးခန်းက ဘဏ္ဍာရေး အခက်အခဲရှိတယ်ကြားရတော့ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းတွေမှာ ဘယ်လို အခြေအနေတွေ ရှိနေပါသလဲ။

မန်းရွှေနှင်း - ကျနော်တို့အနေအထားက အားလုံးအတွက် အခက်အခဲရှိပါတယ်။ မယ်တော်ဆေးခန်းနဲ့ စီဒီစီပညာရေးလုပ်ငန်းကလည်း အတူတူပါပဲ။ စီဒီစီက မယ်တော်ဆေးခန်းရဲ့ အကိုင်းတစ်ခု အပါအဝင်ပါ။ တဖက်ကနေကြည့်ရင် ဆေးခန်းအနေနဲ့ ဒီမှာကျောင်းနေနိုင် မယ့် ကလေးတွေရဲ့ ဘော်ဒါဆောင် သုံးဆယ်ကျော်မှာ ကလေး ၃,၀၀၀ကျော်အတွက် ရိက္ခာခြောက်တွေ စီစဉ်ပေးတယ်။ ဆိုလိုတာက မယ်တော်ဆေးခန်းအနေနဲ့ အခုလိုမျိုး ၀င်ငွေပဲပြောပြော အကူအညီပဲပြောပြော နည်းပါးသွားတာတို့ လျော့သွားတဲ့အခါကျတော့ ကျန်းမာ ရေးကော၊ ပညာရေးကော ကလေးကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း အားလုံး အခက်အခဲ ရှိပါတယ်။
CDC_headmaster_Mahn_Shwe_Hnin
KIC - ပညာရေးအပိုင်းမှာ ဘယ်လိုမျိုး အခက်အခဲတွေ ရှိတာလဲ။

မန်းရွှေနှင်း - ကလေးတွေရဲ့ စားဝတ်နေရေးနဲ့ပတ်သက်ပြီး အရင်ကလို ပုံမှန်တိုင်း စားရသောက်ရတဲ့ အနေအထားတွေ ခက်ခဲလာတယ်။ အရင်ကဆို တစ်ယောက်ကို တစ်လမှာ ဆန် ၁၄ကီလိုလောက် စားရတယ်။ အခုနောက်ပိုင်း ၁၀ကီလိုပဲရတဲ့အတွက် မလောက်ဘူး ဖြစ် သွားတယ်။ တခြားဟင်းတို့၊ ရိက္ခာပစ္စည်းတွေ အများကြီးလိုအပ်တာတွေ ရှိသေးတယ်။ အဲ့ဒါတွေအတွက်လည်း ကလေးတွေအနေနဲ့ အရင်က သုံးနပ်စားရမယ့်နေရာမှာ အခုဆို နှစ်နပ်တောင်မှ အချိန်နဲ့ ကွက်တိကျွေးရတဲ့ အနေအထားမျိုးတွေ ဖြစ်လာတယ်။ ဆရာ၊ ဆရာမတွေဆိုရင်လည်း ကျနော်တို့စီဒီစီကျောင်းမှာ အယောက် ရ၀ကျော် ရှိတယ်။ သူတို့တွေရတဲ့ လစာထဲက ၂၀ရာခိုင်နှုန်း ဖြတ် တောက်ရတဲ့ အခြေအနေမျိုးဖြစ်လာတယ်။ အဲ့ဒါတွေအပြင် ကျနော်တို့ နေ့စဉ် ပုံမှန်သုံးနေတဲ့ သင်ကြားရေးအထောက်အကူ လိုအပ်ချက် တွေလည်းပဲ ရာခိုင်နှုန်းအားဖြင့် ကျနော်တို့လျော့ပြီး သုံးရတာတွေ ဖြစ်လာတယ်။

KIC - ဒီလိုအခက်အခဲတွေကြောင့် ဘော်ဒါနေကျောင်းသူ၊သားတွေကိုကော လျော့ချလိုက်တာမျိုးရှိလား။

မန်းရွှေနှင်း - ကျနော်တို့ဘော်ဒါနေ ကလေးတွေကို လျော့တာတော့မရှိပါဘူး။ ကျောင်းကနေ နှုတ်ထွက်သွားတာမျိုး၊ အိမ်ပြန်သွားရတာ မျိုးတွေတော့ တစ်ယောက်မှမရှိသေးဘူး။ သူတို့ကို အခက်အခဲတွေအကြောင်း ရှင်းလင်းပြတယ်။ အဲ့အပေါ်မှာလည်း ကလေးတွေက အရင်ကထက် အပင်ပမ်းခံလာကြတယ်။ ဟင်းသီးဟင်းရွက်တွေ သူတို့ဘာသာသူတို့ ရှာစားလာတယ်။ မှိုစိုက်တာတွေ၊ စပါးစိုက်တာတွေ ပိုပြီးတော့ လုပ်လာကြတယ်။ ရေရှည်မှာလည်း ရန်ပုံငွေရနိုင်တဲ့နည်းလမ်း၊ စားရေးသောက်ရေး အဆင်ပြေတဲ့ နည်းလမ်းတွေကို ၀ိုင်းရှာ လာကြတယ်။

KIC - မယ်တော်ဆေးခန်းအကူအညီပေးနေတဲ့ ဘော်ဒါကျောင်းသူကျောင်းသားပေါင်း ဘယ်လောက်ရှိပါသလဲ။

မန်းရွှေနှင်း - စီဒီစီအနေနဲ့ကတော့ သုံးရာရှိတယ်။ မယ်တော်ကနေ တာဝန်ယူထားပြီး ရိက္ခာအစီအစဉ်မှာ တာဝန်ယူထားတဲ့ ဘော်ဒါက တော့ ၃၀ကျော်ရှိတယ်။ ကလေးအားလုံးပေါင်း ၃,၀၀၀ ရှိတယ်။ အဲ့ဒီအတွက် တစ်လပြီးတော့ တစ်လ လည်ပတ်ဖို့အတွက် ရှာနေရတဲ့၊ အလှူခံနေရတဲ့ အနေအထားတွေနဲ့ပဲ သွားနေရတာပေါ့နော်။

KIC - ဆရာ၊ဆရာမတွေကို လစာတွေ ၂၀ရာခိုင်းနှုန်းလျော့ချတယ်ဆိုတော့ အရင်ကကော ဘယ်လောက်ရကြပါသလဲ။

မန်းရွှေနှင်း - ရတဲ့အခြေခံလစာဆိုတာကလည်း ပြောရခက်ပါတယ်။ ကျနော်တို့က အခြေခံလစာအပြင် နေရေးထိုင်းရေးအတွက် အိမ်လ ခတို့ မှီခိုသူစရိတ်တို့ ပေါင်းပေးတာတော့ ရှိတယ်။ အားလုံးပေါင်းကြည့်မယ်ဆိုရင်တော့ လူပျိုလူလွတ်တစ်ယောက်အတွက်ကတော့ သုံးထောင်ဝန်းကျင်လောက် ရပါတယ်။ အခုလို ၂၀ရာခိုင်နှုန်းဖြတ်တောက်ခံလိုက်ရတဲ့အတွက် နည်းသွားကြတယ်။ တခြားကျောင်းတွေ ထက်စာရင်လည်း နည်းသွားကြပါတယ်။ တချို့ကျောင်းတွေဆိုရင်လည်း ကျနော်တို့ လည်ပတ်မှုအရ အကူအညီရတဲ့နေရာ မတူညီဘူး။ မတူတဲ့အပေါ်မှာ တချို့ကျောင်းတွေက နှစ်လ၊သုံးလ အခုထိ လစာမရသေးတာတွေ ရှိတယ်။ စီဒီစီက ပုံမှန်တော့ ရနေတယ်။ ဒါပေမယ့် ၂၀ရာခိုင်နှုန်းတော့ ကျနော်တို့ ဖြတ်ပေးရတယ်။

KIC - ဘတ်ဂျတ်လျော့ချလာပေမယ့်လို့ လူနာလျော့မလာတဲ့အတွက် အရေးပေါ်လူနာပဲဖြစ်ဖြစ်၊ အကုန်အကျများမယ့် လူနာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ ကျန်းမာရေးအပိုင်းမှာကော ဘယ်လို စီစဉ်လုပ်ဆောင်ပေးနေပါသလဲ။

မန်းရွှေနှင်း - လတ်တလော ကျန်းမာရေးဌာနတွေနဲ့ပတ်သက်ပြီး တကယ်လည်း လိုအပ်တယ်။ လူနာတွေလည်း လိုအပ်တဲ့ဌာနတွေကို တော့ ဘာမှရွှေ့ပြောင်းတာတို့ ဖြုတ်တာတို့ ဘာမှမလုပ်ရသေးပါဘူး။ လုပ်ငန်းတစ်ချို့ကိုတော့ အနေအထားတစ်ခုအရ လျော့လိုက်တာ တွေရှိတယ်။ ဘတ်ဂျက်အခြေအနေအရ ဆိုပါတော့။ အရင်ကဆိုရင် မျက်စိခွဲလူနာတွေလာရင် လူနာတွေအတွက် စားရေးသောက်ရေး ကိစ္စတွေ စီစဉ်ပေးတယ်။ လူနာစောင့်တွေအတွက်လည်း စားရေးသောက်ရေး စီစဉ်ပေးတယ်။ အဲ့လူနာစောင့်တွေရဲ့ စားရေးသောက်ရေး ကိစ္စတွေလည်းပဲ ကျနော်တို့စည်းစနစ်ကျအောင်ပြန်ပြီတော့ ကိုင်တွယ်လာမယ်။ တဖက်ကလည်း မဲဆောက်ဆေးရုံကိုပို့မယ့် လူနာတွေ နဲ့ပတ်သက်ပြီးလို့လည်း ကျနော်တို့က ရောဂါအခြေအနေပေါ် ကြည့်ပြီးတော့ ဒါကတော့ ဒီမှာကုလို့ရတဲ့ဟာဆိုရင် ဒီမှာပဲကုလိုက်ပြီးတော့ ပို့ဖို့လိုအပ်တဲ့ တကယ့်တကယ်မပို့မဖြစ်လို့ လိုအပ်တဲ့လူနာတွေကိုတော့ ကျနော်တို့ပို့မယ်။ တဖြည်းဖြည်းနဲ့ ပြန်စိစစ်ပြီး ဘတ်ဂျတ်ကို တတ်နိုင်သမျှ ထိန်းချုပ်နိုင်အောင်လို့ အစီအစဉ်တစ်ခု ပြန်လျော့လိုက်တာပဲ ရှိပါတယ်။ လုံးဝဖြုတ်လိုက်တာ မရှိသေးပါဘူး။

အရေးပေါ်လူနာနဲ့ပတ်သက်ပြီးတော့ ခုနက ကျနော်တို့ပြောသလိုပဲ တချို့လူနာရဲ့ပ့ံပိုးမှုလည်းလိုတယ်။ လူနာဘက်က ကုန်ကျစရိတ်တွေ တဖက်ကလည်း မယ်တော်ဆေးခန်းထဲက တိုက်ရိုက် အကူအညီပေးရတာမျိုးတွေလည်း ရှိသလို တချို့ဒီလူနာနဲ့ ဆက်စပ်ပြီးတော့ တိုက် ရိုက်အကူအညီပေးနေတဲ့ ပုဂ္ဂိုလ်ရေးအရ ကူညီပေးတာတွေလည်း ရှိပါတယ်။ အဲ့လူတွေကိုလည်း ကျနော်တို့က ထပ်ပြီးတော့ ချဉ်းကပ်ပြီး မဖြစ်မနေပို့ရမယ့် လူနာတွေအတွက် အကူအညီတောင်းသွားမှာပါ။

KIC - မကြာသေးမီ ရက်ပိုင်းအတွင်းက မဲဆောက်မြို့တော်ဝန်နဲ့ ဒေါက်တာစင်သီယာမောင်တို့ တွေ့ခဲ့တယ်လို့ သိရတယ်လေ။ အဲဒီတုန်း ကကော အခုအခက်အခဲတွေနဲ့ပတ်သက်ပြီး ဘာတွေ ဆွေးနွေးဖြစ်ခဲ့ကြသလဲပေါ့။

မန်းရွှေနှင်း - ကျနော်တို့ မြို့တော်ဝန်ဆီသွားတဲ့ကိစ္စကလည်း လက်ရှိ ဒီမှာရှိတဲ့ အခက်အခဲတစ်ချို့ထဲက တစိတ်တစ်ပိုင်းလောက်ပဲ ကျ နော်တို့ ပြောဖြစ်တယ်။ အတွင်းထဲက အကူအညီတွေ ပြတ်တောက်ခံရတာတွေကို မပြောဘူး။ မြို့တော်ဝန်ကတော့ ကျနော်တို့ကို ဘယ် လောက်ကြာကြာ ထပ်နေဖို့ပြုဖို့ရှိလဲ မေးတာပေါ့နော်။ ကျနော်တို့ဘက်ကတော့ ဒါက ပြောရခက်တယ်။ ပြည်တွင်းအခြေအနေကလည်း လက်ရှိအချိန်ထိ တည်ငြိမ်မှုဆိုတာ ကျနော်တို့ မမြင်ရသေးဘူး။ အဲ့လိုမျိုးတွေအပေါ်မှာ ကျနော်တို့က ဆက်ရှိနေဦးမယ်လို့ ပြောဖြစ်ပါ တယ်။ ပထမအနေနဲ့ ကျနော်တို့က ဒီမဲဆောက်မှာရှိတဲ့ အခက်အခဲတချို့ကို ရှင်းပြတယ်။ နောက်ပြီးတော့ မယ်တော်ဆေးခန်းတို့၊ ကျောင်းတို့ လည်ပတ်နေတဲ့အနေအထားတွေ ရှေ့ဆက် ကျနော်တို့ လက်တွဲနိုင်တဲ့ အနေအထားတွေ ဆွေးနွေးဖြစ်ပါတယ်။ ဆွေးနွေးဖြစ် တဲ့အခါကျတော့ မြူနီစီပယ်(စည်ပင်)နာယကကြီး ကိုယ်တိုင်ကလည်း ကျနော်တို့ကို ကြိုဆိုပါတယ်။ ကျနော်တို့နဲ့အတူတကွ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးတွေ ပူးပေါင်းလုပ်ဆောင်ကြမယ်လို့ ပြောဖြစ်ပါတယ်။ တဖက်ကလည်း ကျနော်တို့ဘက်က အခက်အခဲမျိုးစုံ ရှိတာပေါ့။ အဲ့ကာလတုန်းက ကျနော်တို့သွားတာက အဓိကက ကျနော်တို့ တစ်လတစ်လမှာ မယ်တော်ဆေးခန်းက လူနာတွေထဲကနေ သေတာတွေ ၂၀လောက်ရှိတယ်။ သေသွားတဲ့လူတွေအတွက် သငြ်္ဂိုလ်ဖို့နေရာတွေ၊ အခက်အခဲတွေတချို့ သွားရှင်းပြတယ်။ သွားရှင်းပြ ရင်းနဲ့ပဲ တဖက်ကလည်း သငြ်္ဂိုလ်ဖို့အနေအထားတွေကိုလည်း သူတို့အနေနဲ့ဝိုင်းပြီးတော့ စီစဉ်ပေးမယ်၊ ကူညီပေးမယ်ဆိုတဲ့ အနေအထား မျိုးလောက်ပဲ ကျနော်တို့ ဆွေးနွေးဖြစ်ခဲ့တယ်။ ကျနော်တို့ဘက်ကလည်း လက်ရှိငွေရေးကြေးရေး အခက်အခဲဖြစ်နေတယ်ဆိုတာထက် လတ်တလော ကျနော်တို့ကြံုရတဲ့ အနေအထားတွေလောက်ပဲ ပြောဖြစ်တယ်။

KIC - ဒါဆိုမယ်တော်ဆေးခန်းက ပညာရေးကော၊ ကျန်းမာရေးမှာ ထိုင်းပညာရေး၊ ကျန်းမာရေးဌာနတွေနဲ့ ဘယ်လို ပူးပေါင်းလုပ်ဆောင် နေတာတွေရှိပါသလဲ။

မန်းရွှေနှင်း - မယ်တော်ဆေးခန်းအနေနဲ့ကတော့ ကျနော်တို့ ဒီမဲဆောက်ဆေးရုံနဲ့ ဆက်သွယ်လုပ်ဆောင်တာ၊ လူနာပြောင်းလဲပို့တာတွေ ကို မဲဆောက်ဆေးရုံနဲ့အတူ ကျန်းမာရေးအတွက် ပူးပေါင်းလုပ်ဆောင်တာတွေ ပုံမှန်သွားနေတယ်။ ပညာရေးနဲ့ပတ်သက်ပြီးတော့ ဒီမှာရှိ တဲ့ တာ့ခ်ခရိုင် ပညာရေးဝန်ကြီးဌာနနဲ့ ပုံမှန် အချိတ်အဆက်တွေရှိတယ်။ ဆရာဆရာမတွေအရေးနဲ့ ပတ်သက်ရင်လည်း ထိုင်းပညာရေး ဌာနနဲ့ အမြဲတမ်း ဆက်စပ်ပူးပေါင်းလုပ်ဆောင်ရတာတွေ ရှိတယ်။

KIC - ဟုတ်ကဲ့။ ပြီးခဲ့တဲ့လက အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်းနဲ့ ဒေါက်တာစင်သီယာမောင်တို့ တွေ့ဆုံတုန်းက မယ် တော်ဆေးခန်းကို ဘယ်လိုမျိုးပြောသွားတာ ရှိပါသေးလဲ။

မန်းရွှေနှင်း - သူတို့ကတော့ ကျနော်တို့လက်ရှိလုပ်နေတဲ့ လုပ်ငန်းတွေဟာ အစိုးရက တာဝန်ရှိတဲ့လုပ်ငန်းတွေဖြစ်တယ်။ ကျနော်တို့ လုပ် ဆောင်ပေးတဲ့အတွက် သမ္မတကြီးကိုယ်စား ကျေးဇူးတင်တယ်လို့ပြောတာပေါ့နော်။ တဖက်ကလည်း လက်ရှိ ကျနော်တို့ အခက်အခဲ တချို့ ရှိနေတာလောက်ပဲ ပြောဖြစ်ပါတယ်။ ကျနော်တို့အပေါ် အလှူရှင်တွေက ကူညီနေတာတွေ လျော့ချလိုက်ပြီတို့၊ လက်ရှိမှာ ငွေကြေး အခက်အခဲ ဘယ်လိုရှိနေတယ် ဆိုတာတွေကိုတော့ ကျနော်တို့ဘက်က မပြောဖြစ်ပါဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ကလည်း အလှူငွေ ပေးတယ်။ ကျနော်တို့ဆီမှာလည်း ဘော်ဒါဆောင်ကျောင်းသူ၊သားတွေအတွက် စားဝတ်နေရေး အခက်အခဲကြံုနေတော့ အဲ့ပြဿနာတွေ ကို ဖြေရှင်းလိုက်ရတယ်။ မီဒီယာတွေကိုတော့ ၀န်ကြီးဦးအောင်မင်းတို့က ပြောတာပေါ့။ ကျနော်တို့ကို လာပြန်ခေါ်ဖို့ ဘာဖို့တို့လေ။ ဒါပေ မယ့် ကျနော်တို့ဘက်ကတော့ အဲ့လောက် အဆင့်ထိကို မဆွေးနွေးဖြစ်ကြပါဘူး။

KIC - ဘဏ္ဍာရေး အခက်အခဲအပေါ်မှာ အခြားဘယ်လိုဖြေရှင်းတာမျိုး ရှိနေပါသလဲ။

မန်းရွှေနှင်း - ဒီကိစ္စနဲ့ပတ်သက်ပြီး မီဒီယာလိုင်းကနေ မေးလာတာကို ဖြေပေးလိုက်တာမျိုးတွေ ရှိတယ်။ တဖက်ကလည်း နိုင်ငံခြားမှာ ရှိ နေတဲ့ စီဒီစီက ထွက်သွားတဲ့ ကလေးတွေ၊ ဆရာ၊ဆရာမတွေဆီ ကျနော်တို့ရဲ့ လက်ရှိ အခက်အခဲစာစောင်တွေ ပို့ပေးတယ်။ သူတို့က လည်း အကြံဉာဏ်ဝိုင်းပေးတယ်။ ကူညီနိုင်ဖို့ နည်းလမ်းတွေပေးတယ်။ ကျောင်းမှာလည်း ဆက်စပ်ပြီးတော့ ကျောင်းသားမိဘတွေ အကုန်လုံးခေါ်ပြီး မိဘဆရာအသင်း အစည်းအဝေးခေါ်တယ်။ ပြီးတော့ ကျောင်းအခက်အခဲတွေ လက်ရှိ ငွေရေးကြေးရေး အခက်အခဲ တွေကို ဘယ်လိုဝိုင်းကူကြမလဲဆိုတော့ မိဘတွေကလည်း နည်းလမ်းတွေပေးတယ်။ သူတို့ကိုယ်တိုင်လည်း အလှူငွေတွေ ပေးပါတယ်။ သူတို့သူဌေးတွေဆီမှာ အလှူငွေဖြတ်ပိုင်းတွေနဲ့ အလှူခံပေးတာတွေလည်း ရှိပါတယ်။

KIC - မယ်တော်ဆေးခန်းကို အဓိက ကူညီပေးနေတဲ့ နိုင်ငံတွေကို ပြောပြလို့ရနိုင်ပါသလား။ ဘယ်နှစ်ရာခိုင်နှုန်းလောက် မယ်တော်ဆေး ခန်းရဲ့ ဘဏ္ဍာရေး အကူအညီ ဖြတ်တောက်ခံလိုက်ရသလဲပေါ့။

မန်းရွှေနှင်း - မယ်တော်တစ်ခုလုံးကို အကူအညီပေးတဲ့အဖွဲ့ကတော့ များတယ်။ အထူးသဖြင့်တော့ ဥရောပနိုင်ငံတွေ များတယ်။ ချက် ချင်းကြီး ကျနော်တို့ ခံနေရတာကတော့ နော်ဝေးအစိုးရရဲ့ အကူအညီကနေ ပြည်တွင်း ပြန်လည်တည်ဆောက်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ မှာ သွားလိုက်တဲ့အတွက် ဒီဘက်တွေမှာတော့ ပြတ်တောက်မှုတွေ ဖြစ်သွားတာပေါ့လေ။ ရာခိုင်နှုန်းအရ အဲ့လိုမျိုးပြောရင်တော့ တော် တော်တော့ ခက်ပါတယ်။ ကျောင်းဆိုလည်း ကျောင်းအတိုင်းအတာအရ၊ ဆေးခန်းဆိုလည်း အဲ့လိုပါပဲ။ တစ်ခုလုံး အတိုင်းအတာအရဆို ရင်တော့ သေချာပါတယ်။ ၄၀ရာခိုင်နှုန်းကျော် ဖြတ်တောက်ခံလိုက်ရပါတယ်။

KIC - နောက်ထပ် ဘာများ ဖြည့်စွက်ပြောချင်ပါသေးသလဲ။

မန်းရွှေနှင်း - ကျနော်တို့လုပ်လာတာကလည်း နှစ်ပေါင်းနှစ်ဆယ်ကျော်ပြီ။ ဒီမတည်မငြိမ်ဖြစ်နေတဲ့ ရွှေ့ပြောင်းလူထုတွေကိုကော၊ ဒုက္ခ သည်တွေကိုကော မိဘလုံးဝမဲ့တဲ့ ကလေးတွေကိုကော၊ မိဘနဲ့ အဆက်အသွယ်မရှိတဲ့ကလေးတွေ အားလုံးကို ကျန်းမာရေး၊ ပညာရေးအ ရ ၀ိုင်းဝန်းကူညီလုပ်ဆောင်ခဲ့ကြပြီးပြီ။ လုပ်လည်း လုပ်နိုင်ခဲ့တယ်။ နှစ်ပေါင်း ၂၀ကျော်လုပ်လာခဲ့ပြီးမှ အကူအညီတွေကို ချက်ချင်း ဖြတ် တောက်ပစ်လိုက်တော့ ကျနော်တို့ နည်းနည်းတော့ အခက်အခဲတွေ ရှိတယ်။ ဆိုလိုတာက အချိန်ကာလတစ်ခုအရ ဖြတ်မယ်၊ ပြုမယ် သဘောတရား မပေးတော့ဘူး၊ မကမ်းတော့ဘူးဆိုလို့ရှိရင်လည်း သဘောတူညီချက်လေးပေါ့။ သုံးနှစ်အတွင်း၊ ငါးနှစ်အတွင်းတော့ ပြင်ဆင်မှုတစ်ခုလုပ်ပေးပါ။ အဲ့ဒီလိုမျိုးအနေအထားနဲ့ အလှူရှင်တွေဘက်ကလည်း ကျနော်တို့ကို ချည်းကပ်သင့်တာပေါ့။ ဘာပဲပြောပြော ဒီအခက်အခဲက ကျနော်တို့ အခက်အခဲမဟုတ်ဘူး။ မြန်မာပြည်သားအားလုံးရဲ့ အခက်အခဲတွေချည်းပဲ။ ဆိုလိုတာက ဒီကိစ္စအတွက် ဒီမဲဆောက်မှာရှိတဲ့ မြန်မာပြည်သားတွေက အားလုံးပူးပေါင်းပါ၀င်ဖို့ လိုတယ်။ အဲ့လိုပဲ နိုင်ငံတကာမှာရောက်နေတဲ့ တိုင်းရင်းသားတိုင်းက လည်း တာဝန်ရှိသလို ဒီအခက်အခဲကို ကူညီလုပ်ဆောင်သွားဖို့ လိုတယ်။ ဆက်လက်ပြီး ပူးပေါင်းလုပ်ဆောင်သွားဖို့ လိုပါမယ်။