ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်စခန်းသို့ လာရောက်မည့်အပေါ် ပြည်ပရောက် ကရင်လူငယ်အချို့၏ အမြင်သဘောထား

ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်စခန်းသို့ လာရောက်မည့်အပေါ် ပြည်ပရောက် ကရင်လူငယ်အချို့၏ အမြင်သဘောထား
by -
ကေအိုင်စီ

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မယ်လဒုက္ခစခန်းမှာ လာလည်မယ်လို့ သိရတဲ့အတွက် အများကြီး ၀မ်းသာပါတယ်။ သူ့အနေနဲ့ ဒုက္ခသည် စခန်းကို လာရောက်လေ့လာပြီးရင် ဒုက္ခသည်တွေရဲ့ အခြေအနေ၊ စိုးရိမ်ပူပန်မှုနဲ့ ဆန္ဒကို သိရမယ်လို့ မျှော်လင့်ပါတယ်။

နော်ထူးဖော (ထိုင်းနိုင်ငံ)

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မယ်လဒုက္ခစခန်းမှာ လာလည်မယ်လို့ သိရတဲ့အတွက် အများကြီး ၀မ်းသာပါတယ်။ သူ့အနေနဲ့ ဒုက္ခသည် စခန်းကို လာရောက်လေ့လာပြီးရင် ဒုက္ခသည်တွေရဲ့ အခြေအနေ၊ စိုးရိမ်ပူပန်မှုနဲ့ ဆန္ဒကို သိရမယ်လို့ မျှော်လင့်ပါတယ်။ အထူးသဖြင့် အခုလို အခြေအနေမျိုးမှာဒုက္ခသည် တွေကို နေရပ်သို့ ပြန်လည်ပို့ရေးမပို့ရေးနဲ့ ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုး ထွက်နေတဲ့အချိန် ဆိုတော့ ဒေါ်စုအနေနဲ့က ဒုက္ခသည်တွေကို တွေ့ဆုံပြီးတဲ့နောက်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တခုကို ချနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျမတို့အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ အာမခံချက်ရှိတဲ့၊ စစ်မှန်တဲ့ အပြောင်းအလဲ မဖြစ်မချင်း ဒုက္ခသည်တွေကို အတင်းအကြပ် ပြန်မပို့စေချင်ပါဘူး။ ဒေါ်စုကလည်း ကျမတို့ရဲ့ပြည်သူတွေ ဆန္ဒနဲ့ တစ်ထပ်တည်းပဲ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီပြည်သူတွေရဲ့ ဆန္ဒအတိုင်းအကောင်အထည် ဖော်နိုင်ဖို့ သူလုပ်နိုင်တဲ့ အတိုင်းအတာအထိ လုပ်ပေးမယ်လို့လည်း မျှော်လင့်ပါတယ်။

စောလောအဲ့စိုး (အမေရိကန်နိုင်ငံ)
မယ်လဒုက္ခသည်စခန်းကို လာမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ၀မ်းမြောက်ဝမ်းသာစွာနဲ့ ကြိုဆိုတာပေါ့နော်။ ခရီးစဉ်အတွက် စီစဉ်ပေးတဲ့ ထိုင်းအာဏာပိုင်တွေကိုရော ဒေါ်စုကိုယ်တိုင်ကိုရော ကျေးဇူးတင်တယ်။ နောက်ပြီးတော့ ဒုက္ခသည်စခန်းမှာရှိတဲ့ ဗမာပြည် သား ပြည်သူလူထုတွေ တကယ့်ခေါင်းဆောင်ကြီးလာ တဲ့အခါမှာ ၀မ်းမြောက်ဝမ်းသာရှိသလို မိခင်တစ်ယောက်အနေနဲ့ သူ့ရဲ့ သားသမီး တွေကို လာကြည့်တဲ့ ခံစားမှုမျိုးကိုပဲ သူတို့(ဒုက္ခသည်)တွေ ခံစားရမှာဖြစ်တယ်လို့ ကျနော် ယုံကြည်ပါတယ်။ နောက်တခုကတော့ လက်ရှိ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ဒုက္ခသည်အတွက် တွေ့ကြံုရမယ်ဆိုပေမယ့်လည်းအကောင်းဘက် ကို ဦးတည်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ (လူတွေရဲ့ဘဝအာမခံချက်) မသေချာ မရေရာဘူးလို့ ခံစားနေရတဲ့ ဒုက္ခသည်စခန်းမှာ ဒေါ်စုလာရင် မျှော်လင့်ခြင်းနဲ့ အားတစ်ခုပေါ့။ ဘာဖြစ်လဲဆိုတော့ ဒုက္ခသည်စခန်းက လူတွေ သူတို့ရဲ့ခံစားချက်တွေ အားလုံးဟာ သူများနိုင်ငံမှာ မိဘမဲ့လို ပစ်ထားခြင်း ခံရသလိုမျိုး ရှိတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်လာတဲ့အခါ မိခင်တစ်ယောက်လို လာပြီးတော့ တွေ့တဲ့အခါမှာ ၀မ်းသာစရာ အားအင်တစ်ခုလို့ ဒုက္ခသည်တွေ ခံစားရလိမ့်မယ်လို့ ယုံကြည်တယ်။
စကက်နက်မိုး (တောင်ကိုရီးယား)
အာဏာရှင်အဆက်ဆက်က ဖန်တီးခဲ့တဲ့ ပြည်တွင်းစစ်တွေကြောင့် စစ်ဘေးဒဏ်သင့်မှုတွေကို နှစ်ပေါင်းများ စွာ ခံစားနေရတဲ့ ကရင်လူမျိုးများနဲ့တကွ တိုင်းရင်းသားပေါင်းစုံ စုစည်းရောက်ရှိနေတဲ့ ဒုက္ခသည်စခန်းကို မမေ့မလျော့ လာရောက်တွေ့ဆုံအားပေးတဲ့ အမေ့ကို ဦးစွာ ကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်နဲ့ ငြိမ်းချမ်းပြီး တရားမျှတတဲ့ ဖက်ဒရယ်ပြည်ထောင်စု ကို ရရှိဖို့အတွက် မဆုတ်မ နစ် ကိုယ်ကျိုးမငှဲ့ဘဲ ကြိုးစားအားထုတ်နေတဲ့အမေ့ကို တကမ္ဘာလုံးက ထောက်ခံအားပေးချီးကျူးဂုဏ်ပြုနေ ကြ သလို ကျနော်တို့ တိုင်းရင်းသားတွေရဲ့ မျှော်လင့်ချက်ကလည်း အမေ့အပေါ်မှာ ယုံကြည်မှုအပြည့်အဝ ရှိပါတယ်။ လတ်တလော ဖြစ်ပေါ် နေတဲ့ ကချင်ဒေသ စစ်ဘေး၊ လျှပ်စစ်မီးလှုပ်ရှားမှု၊ အလုပ်သမားထုကြီးရဲ့ အခြေခံလစာ နည်းပါးမှုကြောင့် ဖြစ်ပေါ်နေတဲ့ လှုပ်ရှားမှုကြီး တွေအပြင် တခြားဖြစ်ပေါ်လာနိုင်တဲ့ပြဿနာ ပေါင်းများစွာကို လိမ္မာပါးနပ်စွာ ရှေ့ဆက် ဖြေရှင်းနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။

ကျနော့်အနေနဲ့ကတော့ နှစ်ပေါင်းသုံးဆယ်ခန့် ၀န်ထုပ်ဝန်ပိုးဖြစ်နေတဲ့ ထိုင်းနိုင်ငံက ဒုက္ခသည်တွေရဲ့ ကိစ္စရပ်တွေကို စနစ်တကျ ဖြစ်လာ စေဖို့အတွက် အမေ့ကို အားကိုးတကြီးနဲ့ တောင်းဆိုချင်ပါတယ်ခင်ဗျာ။ ဦးသိန်းစိန်အစိုးရအနေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အပစ် အခတ်ရပ်စဲခြင်း၊ သက်ဆိုင်ရာရုံးများ ဖွင့်လှစ်ခြင်းတွေ လုပ်ဆောင်လာနိုင်တာဟာ အလွန်ကောင်းမွန်တဲ့ လုပ်ရပ်တွေလို့ ကျနော် ယူဆပါ တယ်။ ရှေ့ဆက်ပြီး နိုင်ငံရေးအရ ငြိမ်းချမ်းစွာ အဖြေရှာရေး ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုလုပ်ငန်းများကို ၀ိသမလောဘ ကင်းမဲ့တဲ့ စက်မှုဇုန်တွေ အကောင်အထည်ဖော်လာနိုင်ရေး လုပ်ဆောင်ပြီးတဲ့အခါကျတော့ ဒုက္ခသည်တွေဟာ ငြိမ်းချမ်းပြီး တရားမျှတတဲ့ ပြည်ထောင်စုကြီးထဲက မိမိဇာတိမြေကို အတင်းအကြပ် ပြန်လည်ပို့ဆောင်ဖို့ မလိုအပ်ပါဘူး။ ရွှေပြည်သာဖို့သာ အရေးကြီးတယ်လို့ သားပြောပါရစေ အမေ။ ကြံုတွေ့နေရတဲ့ အထွေထွေ အခက်အခဲက များလွန်းတော့ အမေပင်ပမ်းနေမှာပါ။ အလားတူ အိမ်နီးချင်း ထိုင်းအစိုးရကိုလည်း အားလည်းနာတယ်၊ ကျေးဇူးလည်းတင်ပါတယ်။

ကျနော်တို့ စစ်မှန်စွာ ပူးပေါင်းဆောင်ရွက်လျှက်ရှိပါတယ်။ မဝေးတော့တဲ့ကာလအတွင်း နည်းနည်းလေး သည်းညည်းခံပေးပါအုံးလို့ မေတ္တာရပ်ခံချင်ပါတယ်။ အိမ်နီးနားချင်းတွေဟာ ဆွေမျိုးရင်းတွေပါ။ အနာဂတ်မှာ မျက်နှာပန်း လှတဲ့၊ စိတ်ရှည်သဘောကောင်းတဲ့၊ အနစ်နာခံ စောင့်ရှောက်ခဲ့တဲ့ လူတွေရဲ့အကြောင်းကို ကမ္ဘာကြီးက လေးစားဂုဏ်ယူနေမှာပါ။