အခုတလော မြန်မာပြည်သားတွေအလွယ်လမ်း ကနေ သူဌေးဖြစ် ကြံနေကြတဲ့ နှစ်လုံးထီက ထိုင်းနိုင်ငံ အထိတောင် ပြန့်နှ့ံနေတယ်။ ဒီနှစ်လုံးထီ ဆိုတာလည်း ထိုင်း TV-9 (မြန်မာ အခေါ် မျက်လုံးလိုင်း) လိုင်းမှာ
အခုတလော မြန်မာပြည်သားတွေ အလွယ်လမ်းကနေ သူဌေးဖြစ် ကြံနေကြတဲ့ နှစ်လုံးထီက ထိုင်းနိုင်ငံ အထိတောင် ပြန့်နှ့ံနေတယ်။ ဒီနှစ်လုံးထီ ဆိုတာလည်း ထိုင်း TV-9 (မြန်မာအခေါ် မျက်လုံးလိုင်း) လိုင်းမှာ လွှင့်ပေးနေတဲ့ ထိုင်းနိုင်ငံ ရဲ့ စတော့ အိပ်ချိန်းစျေးကွက် အပြောင်းအလဲ ငြိမ်သွားချိန်မှာ ပေါ်လာတဲ့ဂဏန်းကို အတည်ယူကြတာ ဖြစ်တယ်။ SET Index ရဲ့ ဒသမ နောက်က ဂဏန်းနှစ်လုံးရဲ့ နောက်ဆုံးဂဏန်းကို ထိပ်စီးအဖြစ် ယူပြီး SET Value ရဲ့ ဒသမ ရှေ့ က နောက်ဆုံးဂဏန်းကို နောက်ပိတ်အဖြစ် သတ်မှတ်ပါတယ်။
ထိုင်းစံတော်ချိန် နေ့လည် ၁၂ နာရီခွဲမှာ တကြိမ်၊ ညနေ ၅ နာရီတကြိမ် စျေးကွက်ပိတ်ပါတယ်။ ဒါကြောင့် တနေ့ကို နှစ်ကြိမ် ကစားရတယ်။ တပတ်ကို ၁ဝ ကြိမ် ကစားတယ်။ တလကို ၄၂ ကြိမ်ကနေ ၄၆ ကြိမ်အထိ ကစားတယ် ။ စနေ နဲ့ တနင်္ဂနွေ နှစ်ရက်တော့ စျေးကွက်ပိတ်လို့ မကစားကြပါဘူး(တခါတရံ အစိုးရ ရုံးပိတ်ရက်မျိုးတွေလည်း စျေးကွက် ပိတ်ပါတယ်)။
နှစ်လုံးထီ ၁ဝ ဖိုး ပေါက်ရင် ၈ဝဝ ရတယ် ဆိုပေမယ့် သုည နှစ်လုံးကနေ ၉၉ အထိ အကွက် ၁ဝဝ ဆိုတော့ ပေါက်ဖို့လည်းခက်တယ်။ ဒါကြောင့် နှစ်လုံးထိုးစားတဲ့ သူတွေက အကွက်ပေါင်း နှစ်ဆယ်-သုံးဆယ်လောက် ထိုးတယ်။ အလုံးပတ်ထိုးတယ်။ လွဲတဲ့ အခါလည်း လွဲ၊ ပေါက်တဲ့ အခါလည်းပေါက်တဲ့ အကွက်တရာမှာ တကွက်သာ ကံစမ်းမဲ ပေါက်မယ့် အစီစဉ်ပေါ့။
တကယ်တော့ ဒီ ဒသမရဲ့ ရှေ့/နောက်က ဂဏန်းတွေဟာ ထိုင်းဘတ်ငွေ သန်းပေါင်းများစွာရဲ့ အစွန်းထွက် တွေပါ။ ကြိုတင် ခန့်မှန်းတွက်ချက်ဖို့ အလွန်ခက်ပါတယ်။ ဒါပေမဲ့ တွက်တဲ့သူကလည်း တွက်တယ်။ ပေါက်တဲ့အခါတော့ တွက် နည်း မှန်တယ်ပေါ့။ မပေါက်တော့လည်း ဂွင်ဖေါက်တယ်ပေါ့။ အိပ်မက် ဂဏန်းက ရှိသေးတယ်။ တပတ်မှာ နှစ်ရက်ပဲ မမက်တာ ကျန်တဲ့ ၅ ရက်လုံး မက်တယ်။ ဟုတ်ဟုတ် မဟုတ်ဟုတ် သူတို့မှာ ဆင်ခြေတွေတော့ အများကြီး။
နောက်ပြီး နှစ်လုံးထီအတွက် ထုတ်တဲ့ ချိုင်း--တဲ့။ ဘယ်လိုပုဂ္ဂိုလ်မျိုးက ထုတ်လဲမသိဘူး။ ပေါလိုက်တဲ့ချိုင်း သထုံ ဆရာတော်ချိုင်း၊ မီးလွတ်ဆရာတော်ချိုင်း၊ ဘုန်းရောင်၊ မနောမယလက်ဆောင်၊ ရွှေပေါ်ကျွန်း၊ ရွှေပါးစပ်၊ သန္တာ၊ (စ-မ) စုံနေတာပဲ။ ဒီချိုင်းထုတ်တဲ့သူတွေက တကယ်တော့ စက္ကူကို စျေးကြီးကြီးနဲ့ ရောင်းစားတဲ့ သူတွေပဲ။ သူတို့ကိုယ်တိုင် စတော့စျေးကွက်ရဲ့ ရှယ်ယာရှင်တွေလည်းမဟုတ်။ အကြားအမြင် ရတဲ့သူတွေလည်း မဟုတ်။ လူတွေရဲ့ အားနည်း ချက်ကို အခွင့်ကောင်းယူပြီး လိမ်စားနေကြတဲ့ သူတွေချည်းပဲ။ သုည ကနေ ၉၉ အထိ အကွက် ၁ဝဝ ပဲ ရှိတာ။ သူတို့ ချိုင်းတွေထဲက ဂဏန်းတွေက အကွက်ပေါင်း နှစ်ရာ၊ သုံးရာ ကျော်နေပြီ။ တနေရာမဟုတ် တနေရာမှာတော့ သွားမှန် နေမှာ ပေါ့။
ဘုန်းကြီးတွေအနေနဲ့ ဒီလိုချိုင်းမျိုးတွေ တကယ် ထုတ်နေကြတာလား။ လူတွေကပဲ ဘုန်းကြီး နာမည်တွေ အလွဲသုံးစား လုပ်နေ ကြတာလား မသိတော့ပါဘူး။
စာလိမ်တဲ့။ (ဂဏန်းတွေကို ၄ လိုလို ၅ လိုလို ၉ လိုလို ၆ လိုလို လိမ်ပတ် ခွေထားတယ်) ဖြေတဲ့သူကလည်း ဖြေတာပဲ။ ပြီး.. တလွဲကြီးပဲ။ တကယ် အတိအကျသိမှတော့ ဘယ်သူက စာလိမ်တော့မှာလဲ၊ ဘယ်သူက ချိုင်းတွေ ထုတ် ကြတော့မှာလဲ။ သူတို့ကိုယ်တိုင် ထိုးစားလို့ ဒိုင်တွေတောင် ရှိတော့မှာ မဟုတ်ဘူး။ ချဲထီလောကတောင် ပျောက်ကွယ် သွားမှာ သေချာတယ်။
ပြောလိုက်တဲ့ စကားတွေက “မထွက်ရင်လျှာဖြတ်၊ ၉ တလုံး ပတ်မလွဲပဲ၊ ဒီအပတ် ၈- ဘိုင်သေပဲ(ကျိန်းသေ ပေါက် ပဲ)ဟေ့” လို့ ဘိုးတော်သံ လိုလို ၊ ဘာလိုလိုနဲ့၊ ပေးလိုက်တဲ့ အတိတ်တွေကလည်း ကိုကြီးကျော် အလွန်ဆိုး၊ အမဲရိုး ဟင်းအိုးမှအားမနာ၊ ကုန် သမျှကို ၆ တလုံးနဲ့ကယ် စုံနေတာပဲ။ ဒီကြားထဲ ပတ်ဂဏန်း၊ မွေးဂဏန်းနဲ့ အလုပ်ကို ရှုပ်နေတာပဲ။ နောက်ဆုံးတော့ အိုးပေါင်၊ အိမ်ပေါင်၊ ခြံပေါင်နဲ့ အကြွေးတွေ မဆပ်နိုင် လင်နဲ့မယား စကားတွေများ ရန်တွေဖြစ်၊ သူခိုးဂျပိုးတွေပေါ၊ လုယက်၊ ခါးပိုက်နှိုက်တွေ ဖြစ်ကုန်ကြရော။
အတွေ့အကြံုတခုပြောပြအုံးမယ်။ လူတယောက်က အလုံးပတ်ကို ဆတိုး ထိုးတယ်။ အလုံးပတ် ဆိုတာကလည်း သုည ကနေ ကိုး အထိ ကြိုက်တဲ့ နံပါတ်တခုကို အပါ လောင်းတာ။ တစ်လုံးကို ၁၉ ကွက် ရှိတယ်။ ဆတိုး ဆိုတာက ၂ဝ ဖိုး မပေါက်ရင် ၄ဝ ဖိုး၊ ၄ဝ ဖိုးမပေါက်ရင် ၈ဝ ဖိုး အဲဒီလို တိုးပြီး ထိုးသွားတာ။
အစ ပထမရက် နံနက်ပိုင်း ၂ဝ ဖိုးပတ်တယ်။ ၁၉ ကွက်ဆိုတော့ ၃၈ဝ ဖိုး၊ မပေါက်ဘူး။ ညနေ ၄ဝ ဖိုးပတ်တယ်။ မပေါက်ပြန်ဘူး။ ရ၆ဝ ကုန်သွားတယ်။ မနက်ကငွေနဲ့ ပေါင်းလိုက်ရင် ၁၁၄ဝ ကုန်သွားတယ်။ နောက်နေ့ ထပ်ပတ် တယ်။ မပေါက်ဘူး။ ဒီလိုနဲ့ ပတ် လာလိုက်တာ ကြာသပတေး ညနေကျတော့ ကုန်တဲ့ငွေ က များနေပြီ။ ဒိုင်လုပ်တဲ့ သူကလည်း ငွေတွေ မြှုပ်ထားရတော့ ငွေနည်းနည်း လိုတယ်။ အပတ်သမားဆီက နည်းနည်းရမလား တောင်းကြည့် တယ်။ တပတ်ရှင်း ပြောထားလို့ မရဘူး။ ဒါပေမဲ့ ပတ်ထားတဲ့ ငွေ က တသိန်းနား ကပ်နေပြီဆိုတော့ ဒိုင်လည်း မခံနိုင်တော့ဘူး။ ယုံလည်း မယုံတော့ဘူး။ တကယ်တော့ ထိုးသားလည်း အဲ့ဒီလောက်ငွေ မရှိပါဘူး လိုက်ရင်း၊ လိုက်ရင်းနဲ့ နစ်နေလို့ အရင်းလေးပဲ ပြန်ရအောင် မထူးဇာတ်ခင်းပြီး ပတ်နေတာ ဖြစ်တယ်။
နောက်ဆုံးတော့ အပတ် သမားကလည်း တနင်္ဂနွေပေး မယ်။ ဒိုင်းကလည်း မလိုချင်ဘူး အခုချပေးနဲ့ စကား များရာကနေ တုတ်ဆွဲ၊ ဒါးဆွဲ ဖြစ်ကုန်ကြရော။ နောက်တော့ ကြားက ဝင်ရှင်းပေးလို့ ဒိုင်ကလည်း တနင်္ဂနွေ စောင့်မယ်။ ထိုးသားကလည်း ဆက်မထိုးတော့ဘူး အကုန် ပေးမယ်လို့ ကတိတွေ ပေးတယ်။ တနင်္ဂနွေကျတော့ ထိုးသားက မရှိတော့ဘူး ထွက်ပြေးသွားပြီ။ ထိုးသားပြေးတော့ ဒိုင်ကလည်း တခြားသူ တွေကို လျော်ရမှာ လျော်စရာမရှိ ဖြစ်လို့ ထွက်ပြေး ပြန်တယ်။ အဲဒီလို ထိုးသားရော ဒိုင်ပါ ပြေးကြလို့ အခြားသူတွေကိုပါဂယက် ရိုက်ပြီး ကမောက်ကမ ဖြစ်ကြရတဲ့ အဖြစ်မျိုးလည်း ကြံုဖူးပါတယ်။
ပိုက်ဆံကို အလွယ်လမ်းက လိုက်လို့ ဘဝပျက်ခဲ့တဲ့သူတွေ မြန်မာပြည်မှာ အများကြီး၊ အကြွေးမဆပ်နိုင်လို့ ရန်တွေ ဖြစ်၊ လူသတ်မှု အထိ ဖြစ်တာ အများကြီး။ ချမ်းသာတဲ့ သူဌေးတွေတောင် ဘဝပျက်သွားကြတာ မမြင်ချင်မှ အဆုံး။ ရှိ တာအကုန် ထိုးဆပ်ပြီး လမ်းဘေးရောက်သွားတဲ့ သူတွေ ဒုနဲ့ဒေး။
ဒီလိုဖြစ်နေရတဲ့ ဒုက္ခတွေကို လူတွေမမြင်တာ မဟုတ်၊ မြင်တယ်။ ဘာလို့လုပ်နေကြသလဲ။ အလုပ်တွေကရှား၊ ရှိတဲ့ အလုပ်ကလည်း လစာက မလောက်ငှ၊ နေ့တဓူဝ စားဝတ်နေရေး အဆင်ပြေဖို့ အလွယ်လမ်းကို လိုက်ရင်း သောက် လေ သောက်လေ ငတ်မပြေ ၊ ပင်လယ်ဆားငံရေသောက်ရသလိုပဲ။ လိုက်လေဝေးလေ ဖြစ်ရတော့တာပါပဲ။
အစိုးရကလည်း ဒီကိစ္စကို သေချာကြပ်မတ်ပြီး ကိုင်တွယ်လို့ ရပေမယ့် နိုင်ငံရေး မလုပ်ရင်ပြီးရောသူ့သဘောနဲ့ သူ နေချင် သလိုနေ၊ ဒီသံသရာထဲမှာ မျောချင်သလိုမျော ဆိုပြီး လွှတ်ထားတယ်။ လူတွေဆင်းရဲ မွဲတေတာ၊ ကိုယ်၊ စိတ်နှလုံး နွမ်း ကြေကုန်တာ၊ အကျင့်စာရိတ္တ ပျက်ပြားလာတာတွေဟာ ဒီကနေ့ တိုင်းပြည်ကို အုပ်စိုးနေတဲ့ အစိုးရမင်းများ အနေနဲ့ ငါတို့မှာ တာဝန်ရှိပါလား ဆိုတာကော စဉ်းတောင် စဉ်းစားကြည့်ပါလေစ။ ဘယ်သူသေသေ ငတေမာ ပြီးရော မဟုတ် လား။
လူတွေကို ပိုဆင်းရဲ၊ ပိုကျပ်တည်း သွားစေတဲ့၊ အကျင့်စာရိတ္တ ပိုပျက်စေတဲ့ ဒီနှစ်လုံးထီ လောကကြီး ပပျောက်သွားပါစေလို့သာ ဆုတောင်းမိပါတော့တယ်။