နိုင်ငံရေးအကျဉ်းသားတွေ စီစစ်ပြီး အစိုးရက ကော်မတီ ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီကော်မတီမှာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်လည်း ပါဝင်တယ်လို့သိရပါတယ်။ ကော်မတီဝင်တွေအနေနဲ့ ဘာတွေလုပ်ပိုင်ခွင့်ရှိပါသလဲ ။ ဘယ်သူ တွေ ပါဝင်သလဲ - SNLD အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်ကို သျှမ်းသံတော်ဆင့်ကဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ သမ္မတဦးသိန်းစိန်ကနေ စဝ်ခွန်ထွန်းဦးကို နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ဖို့ စီစစ်ရေးကော်မတီ ထဲမှာ ပါဝင်ဖို့ ပြောဆိုတယ်လို့ကြားသိရပါတယ်။ အဲတာ သမ္မတကြီးကနေ ဖိတ်ခေါ်တာလား ခန့်အပ် တာလားခင်ဗျ။
ဖြေ။ ။ အဓိက ပါတီ ၂ ခုပေါ့။ SNLD နဲ့ NLD ပေါ့။ ကျားခေါင်းက စိုင်းညွန့်လွင်ကို ကိုယ်စားလှယ်ပေး လိုက်တယ်။ NLD က ဦးဉာဏ်ဝင်းကိုထည့်လိုက်တယ်။ ဒါပေမယ့် ကျနော်တို့ စာရင်းထွက်လာတော့ ခွန်ထွန်းဦးနာမည်နဲ့ပေါ့။ နောက်ပိုင်း မှာတော့ ဦးကောင်းမြတ်ထက် ဦးသိန်းညွန့် တို့ပါလာတယ် ။ နောက်ဒေါက်တာလွန်းနိုင် (NDF )ကပေါ့ ၃ ပါတီထပ်တိုးလာ တယ်။ ကိုယ်စားလှယ်တောင်းလာတယ်။
မေး။ ။ သမ္မတကြီးက တိုက်ရိုက်တောင်းတာလား။
ဖြေ။ ။ မဟုတ်ဘူး။ နိုင်ငံရေးအကျဉ်းသားများစီစစ်ရေးကော်မတီကတောင်းလာတယ်။
မေး။ ။ နိုင်ငံရေးအကျဉ်းသားများစီစစ်ရေးကော်မတီကဘယ်သူလဲခင်ဗျ။
ဖြေ။ ။ ဥက္ကဌက ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ အတွင်းရေးမှူးက ဒု-ဝန်ကြီးဦးအောင်သိန်း။ ကျန်တာတွေ ကတော့ AAPP ၊ နိုင်/ကျဉ်းဟောင်း အဖွဲ့ချုပ်ပါတယ်။ ၈၈ အဖွဲ့က ဦးကိုကိုကြီးပါတယ်။ အဲလောက်ဘဲ။
မေး။ ။ နိုင်ငံရေးအကျဉ်းသားများစီစစ်ရေးကော်မတီက အစိုးရဆီက ထောက်ပံ့မှုရလားခင်ဗျ။
ဖြေ။ ။ မရပါဘူး။ ကိုယ့်စားရိတ်နဲ့ကိုယ်ဘဲ။
မေး။ ။ ဆရာတို့ ဘာတွေထမ်းဆောင်ရသလဲ ။
ဖြေ။ ။ ကျနော်တို့အနေနဲ့က ပါတီတွေဆီ အဖွဲ့အစည်းတွေဆီ စာပို့ထားတယ်။ နိုင်ငံရေးအကျဉ်းသားတွေရှိ ရင် စာရင်းပေးပို့ဖို့။ အဲဒီစာရင်းတွေကြည့်ပြီးတော့မှ ကော်မတီဆီကို တင်ပြပေးတယ်။ အဲဒီ SSNA က အကျဉ်းသား ၄၀ က ကျနော်တို့ SNLD ကနေ စာတင်ပေးလို့ အစိုးရကလွှတ်ပေးတာ။
မေး။ ။ အဲ့ဆို ၁၇ ရက်နေ့က ထပ်လွှတ်တဲ့နိုင်ငံရေးအကျဉ်းသားဆိုတာတွေကကော ဆရာတို့ တောင်းဆိုပေးမှုကြောင့် လား။
ဖြေ။ ။ ဟုတ်ပါတယ်။ ကျနော်တို့ ထောက်ခံပေးလို့ သူတို့လွတ်မြောက်လာကြတာပါ။
မေး။ ။ ၄၀၁ ပုဒ်မက နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်ပေးရင် သူတို့ကိုလက်မှတ်ထိုးခိုင်းတယ်။ သူတို့ ထပ်မံချိုး ဖောက်ရင် နဂိုပြစ်မှုအပြင် ထပ်မံကျူးလွန်တဲ့ ပြစ်မှုအတွက် ထပ်ပေးခံရမယ်လို့ပြောတယ်။ အဲတာ ဟုတ်ပါသလား။
ဖြေ။ ။ အဲတာ အရင်တုန်းကတော့ ဟုတ်တယ်ရှိခဲ့တယ်။ အခုနောက်ပိုင်းလွှတ်ပေးလိုက်တဲ့ ၂၃ ယောက် ကတော့ အဲတာ မရှိတော့ဘူး။ ချွင်းချက်မရှိလို့ပြောထားတယ်။ လက်မှတ်ထိုးရတာလဲမရှိတော့ဘူး။
မေး။ ။ ပြီးခဲ့တဲ့ ၁၃ ရက်နေ့က ဦးခွန်ထွန်းဦးကနေပြီးတော့ သမ္မတဆီကို တတိုင်းပြည်လုံး အပစ်ရပ်ကြောင်း ကြေငြာပေး ဖို့ တောင်းဆိုတယ်ဆိုတဲ့ကိစ္စလဲ ပြောပြပေးပါဦး။
ဖြေ။ ။ ဟုတ်တယ်။ စာရေးတင်ပြထားတာ။
မေး။ ။ လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီအပေါ်ကော် ဘယ်လိုသုံးသပ်လိုပါသလဲ။
ဖြေ။ ။ အဲတာ မဝေဖန်ချင်ပါဘူး။ဥက္ကဌက ဒေါက်တာစိုင်းမောက်ခမ်း ဒုဥက္ကဌ ဦးအောင်မင်း လုပ်တော့လုပ်နေကြတာဘဲ။
မေး။ ။ ငြိမ်းချမ်းရေးကော်မတီကနေ ပဏာမအဆင့် ပြည်ထောင်စုအဆင့် လုပ်နေကြတဲ့အချိန်မှာ တိုက်ပွဲဖြစ်နေတယ်။ ဘယ်လို ပြောချင်ပါသလဲခင်ဗျ။
ဖြေ။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တပ်ပိုင်းကလဲ ပါဖို့လိုတယ်လေ။ ဆွေးနွေးပွဲမှာ တပ်ကမပါလို့ အဲလိုဖြစ်နေတာပေါ့။ အဲလောက်ဘဲပြောနိုင်ပါသေးတယ်။
မေး။ ။ လက်ရှိ ငြိမ်းချမ်းရေးတည်ဆောက်မှုအပေါ် ထာဝရငြိမ်းချမ်းဖြစ်ဖို့ ဘယ်လိုလုပ်သင့်သလဲလို့ မြင်ပါသလဲ။
ဖြေ။ ။ အခုအပစ်ရပ်တယ်ဆိုတာက ငြိမ်းချမ်းရေးရဲ့တံခါးပေါက်မှာဘဲရှိနေသေးတယ်။ ငြိမ်းချမ်းရေးအမှန် တကယ်ရချင်ရင် နိုင်ငံရေးအရဆွေးနွေးပွဲစရမယ်။ နိုင်ငံရေးအရပြေလည်အောင်ညှိနှိုင်းရမယ်။ အဲဒါပါဘဲ။