စားပွဲပေါ်မှာ ရှင်းတဲ့ခေတ်မို့ စားပွဲပေါ်မှာဘဲအဖြေရှာပါ

စားပွဲပေါ်မှာ ရှင်းတဲ့ခေတ်မို့ စားပွဲပေါ်မှာဘဲအဖြေရှာပါ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် တိုက်ပွဲဖြစ်ပွားရာ နောင်မရွာနှင့်အနီးတဝိုက်မှ ရွာသားများ တရုတ်ပြည်ဘက်ခြမ်း ရောက်ရှိနေသည်ဖြစ်ရာ အစိုးရ၏ စစ်ဗျူဟာမှူးနှင့်အဖွဲ့က ယမန်နေ့ မေလ ၁၄ ရက်က သွားရောက်ကာ နေရပ်ပြန်ကြရန် စည်းရုံးနေကြောင်း ကြားသိရပါသည်။

(နမ့်ခမ်းမြို့ ကျားဖြူပါတီ ပြည်သူ့လွှတ်တော်အမတ် နှင့်ဆက်သွယ်မေးမြန်း)

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် တိုက်ပွဲဖြစ်ပွားရာ နောင်မရွာနှင့်အနီးတဝိုက်မှ ရွာသားများ တရုတ်ပြည်ဘက်ခြမ်း ရောက်ရှိနေသည်ဖြစ်ရာ အစိုးရ၏ စစ်ဗျူဟာမှူးနှင့်အဖွဲ့က ယမန်နေ့ မေလ ၁၄ ရက်က သွားရောက်ကာ နေရပ်ပြန်ကြရန် စည်းရုံးနေကြောင်း ကြားသိရပါသည်။ လက်ရှိ ဒုက္ခသည်များရင်ဆိုင် နေရသည့်အခက်အခဲနှင့်ပတ်သက်၍ အသေးစိတ်သိရအောင် ကျားဖြူပါတီ၏ နမ့်ခမ်းမြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် Dr.စိုင်းကျော်အုန်းကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းထားပါသည်။

တရုတ်ဘက်ခြမ်း နောင်တောင်းလုံခန်းမ၌ ခိုလှုံနေသော စစ်ပြေးဒုက္ခသည်များ

မေး။    ။ ရွှေလီမြစ်ဝှမ်းမှာ ဖြစ်ပွါးတဲ့ အစိုးရနဲ့ သျှမ်းပြည်တပ်မတော် RCSS ကြားတိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခ သည်တွေရဲ့ နောက်ဆုံးအခြေအနေလေးကို ကျေးဇူးပြုပြီးပြောပြပေးပါလား။

ဖြေ။    ။ ဟုတ်ကဲ့။ မနေ့ကတော့ ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းလွင်နဲ့အဖွဲ့ မြစ်ဟိုဘက်ကမ်း နောင်မဘက်ကိုသွားတယ်။ သူက နောင်မထဲမှာ တပတ်သွားနေ မယ် တဲ့ ။ တရုတ်ဘက်မှာသွားပြီးခိုလှုံနေတဲ့ လူထုကို တပ်ကလဲ သွားစည်းရုံးတယ်။ အားလုံး ပြန်လာပါပေါ့။ လူထုက ပြန်လာချင်နေတာကိုး။ ဗျူဟာမှူးသွားပြောတာ အာလုံးပြန်လာပါ ကြောက်မနေနဲ့။ အားလုံးပြန် မလာရင် ဒီမှာရှိနေတဲ့လယ်ယာမြေတွေ ဘယ်သူလုပ်မလဲ။ မြန်မာစစ်တပ်ကတော့ ရှိနေဦးမယ် ဒါပေမယ့် ကြောက်စရာ မလိုဘူး။ တပ်ဆရာဝန်တွေပါတယ်။ ရောဂါဖြစ်ရင်လာပြဖို့။  အစားအသောက်တွေရှိတယ် အစရှိတာတွေ စည်းရုံးတယ်။ ဒီနေ့တော့ နောင်ခမ်း မန့်ကွန် နောင်မတာဘက်က လူတွေ အိမ်ပြန်နေကြပါပြီ။

မေး။    ။ ဒုက္ခသည်တွေ အခုလောလောဆယ် ဘယ်မှာနေနေကြတာလဲ။

ဖြေ။    ။ တရုတ်ပြည် ဘက်မှာပေါ့။ နယ်စပ်ရွာတွေဖြစ်တဲ့ မန့်အိုင် နောင်တောင်း ရှောက်ယောင်ပန်ရွာဘက်မှာ။ ကျနော်တို့ဘက်က မန့်ကွန်ရွာသားတွေ ရှောက်ယောင်ပန်မှာသွားခိုလှုံနေတယ်။ နောင်မကတော့ မန့်အိုင်နဲ့ နောင်တောင်းရွာမှာသွားနေတယ်။ နောင်ခမ်းရွာလဲ  နောင်တိန်းရွာတို့ မန့်အိုင်တို့မှာသွားနေကြ တယ်။ တချို့လဲ ဆွေမျိုးတွေရှိတယ်။ မရှိတဲ့လူက ဘုန်းကြီးကျောင်းမှာသွားနေတယ်။

မေး။    ။ ဒုက္ခသည်တွေရဲ့ ဆုံးရှုံးမှုအတွက် ဘယ်လိုလုပ်ကြမလဲ။

ဖြေ။    ။ မနေ့ကဗျူဟာမှူးကပြောတယ်။ ဆုံးရှုံးမှုအတွက်စာရင်းတင်ပါ။ အိမ်တွေပျက်လား ဘာတွေပျောက်လဲ ။ အထက်ကို တင်ပြ ပြီးတော့ ပြန်လျော်ပေးမယ်လို့ပြောတယ်။ အပျက်အစီးကဘယ်လောက်ရှိလဲဆိုတာ အားလုံးကအိမ် မပြန်နိုင်ကြ သေးတော့ မသိနိုင်သေးဘူး။ အခု ဟိုဘက်ကမ်းမှာလဲ ဘိန်းစားများတော့ ဘိန်းစားတွေခိုးတာလား အဲလိုလဲရှိမယ်လေ။ မနေ့ကလဲ  နောင်မမှာ ရွှေတွေ ဘာတွေပျောက်တယ်ပြောတယ်။

မေး။    ။ တရုတ်ဘက်ခြမ်းကျတော့ကော သျှမ်းပြည်က သွားရောက်ခိုလှုံနေတာ ဘယ်လောက်လောက်ရှိမလဲ

ဖြေ။    ။ ၂၀၀၀ - ၃၀၀၀ လောက်ရှိမှာပေါ့။

မေး။    ။ အခုအခြေအနေက ငြိမ်နေလား။ ဘယ်လိုမြင်ရလဲဆရာ။

ဖြေ။    ။ အခု ဟိုဘက်ကမ်းကငြိမ်နေတယ်။ မနေ့တနေ့ကနမ့်ခမ်းဘက်မှာတော့ ချောင်းပစ်တာ ရှိတယ်။ သေကြေဒဏ်ရာ ရတာရှိတယ်။ ဆေးရုံမှာရောက်နေတယ်အခု။ အဲလို မငြိမ်မသက်လေး တွေရှိနေလို့ ။

မေး။    ။ အစိုးရနဲ့ သျှမ်းတပ်ကြားက တိုက်ပွဲကြောင့် ဒေသခံလူထုကိုခြိမ်းခြောက် နေတယ်လို့ထင်ပါသလား။

ဖြေ။    ။ လူထုကတော့ ကြောက်နေတယ်။ စခန်းကထွက်သွားတုန်းက သျှမ်းတပ်ဖွဲ့က ပြန်လာတိုက်မယ်ဘာညာ ပြောသွားတာကိုး။ ဒါပေမယ့် အခု သူတို့လည်း လူထုရဲ့ရင်ဆိုင်နေရတဲ့ ဒုက္ခကို ကြည့်ပြီးတော့ ပြန်လာမှာမဟုတ်ဘူးလို့တော့ ထင်တာဘဲ။ သူတို့ပြန်လာ ပြီး ပြန်တိုက်မယ် ဆိုရင်တော့ ပြည်သူလူထုကဘဲ ဒုက္ခရောက်မှာဘဲ။ ကျနော်တို့တော့  လူထု ဒုက္ခရောက်မှာကိုမလိုလားဘူး။

မေး။    ။ ပြည်သူ့လွှတ်တော်အမတ်တယောက်အနေနဲ့ အပစ်ရပ်ပြီးသော်လည်း တိုက်ပွဲပြန်ဖြစ်နေတဲ့အပေါ်  ဘယ်လိုသုံးသပ် လိုပါ သလဲ။

ဖြေ။    ။ ကျနော်တို့တော့ တိုက်ပွဲကိုမလိုလားဘူး။ စားပွဲပေါ်မှာဖြေရှင်းတဲ့ခေတ်ရောက်နေပြီ။ စားပွဲပေါ်မှာဘဲ အဖြေရအောင် ဖြေရှင်း သင့်ပါတယ်။

ပြီးခဲ့သည့်အပတ်က သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ အမှတ် ရ၀၁ စစ် ဒေသဌာနချုပ်အား မြန်မာစစ်တပ်  စကခ ၁၆ လက်အောက်ခံ အင်အား ၄၀၀ ကျော်ဖြင့် တိုက်ခိုက်သောကြောင့် RCSS အခြေစိုက်ရာ နောင်မရွာ နှင့်အနီးတဝိုက်ရှိ ကျေးရွာများမှ ဒေသခံများ တရုတ်နယ်စပ်ဘက်သို့ ထွက်ပြေး တိမ်းရှောင်နေခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

၎င်းနှင့်ပတ်သက်၍လည်း ရ၀၁ စစ် ဒေသမှူး ဒု-ဗိုလ်မှူးကြီး စွမ်မိဏ်းက “ ကျနော်တို့ရဲ့ စစ်ပြေးဒုက္ခသည်တွေကို သားသမီးရင်းတွေလို သဘောထားပြီး တရုတ်အစိုးရကနေ ခေတ္တ လက်ခံပေးဖို့ မေတ္တာ ရပ်ခံချင်ပါတယ်။ အခုရွှေလီမြစ်တဘက်ကမ်းက ရွာ ၁၉ ရွာတင်မကတော့ဘူး။ ကချင်ပြည်နယ် လွယ်ဟိုဆေ ဘက်ကောဘဲ။ အစိုးရတပ် အင်အားဖြည့်ချင်းကပ်လာလို့ လူထု ထွက်ပြေးနေတာ တိုင်းပြည် ပျက်သလို နေရပ်ကနေ စွန့်ခွာနေရတယ်။ တရုတ်နယ်စပ် မှာ ဒုက္ခသည်စခန်းမရှိဘူးဖြစ်နေတယ်။  စစ်ပြေးဒုက္ခသည်တွေအတွက် အခက်အခဲတအားဖြစ်နေတယ်။  စစ်ပြေးဒုက္ခသည်တွေကို အိမ်မပြန် နိုင်ခင်စပ်ကြားကာလမှာ ကူညီထောက်ပံ့ပေးဖို့ပါ ” ဟု သျှမ်းသံတော်ဆင့်ထံသို့ ပြောဆိုခဲ့ပါသည်။