ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးမဲဆွယ်ဟောပြောဖို့ အမျိုးသားဒီမိုကစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်မယ့်ဒေသတွေမှာ သွားရောက်စည်းရုံး နေသလို အခုလဆန်းပိုင်းကလည်း သျှမ်းပြည်တောင်ပိုင်း ကလော၊ အောင်ပန်းမြို့တွေမှာ သွားရောက် ဟောပြော ခဲ့ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးမဲဆွယ်ဟောပြောဖို့ အမျိုးသားဒီမိုကစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်မယ့်ဒေသတွေမှာ သွားရောက်စည်းရုံး နေသလို အခုလဆန်းပိုင်းကလည်း သျှမ်းပြည်တောင်ပိုင်း ကလော၊ အောင်ပန်းမြို့တွေမှာ သွားရောက် ဟောပြော ခဲ့ပါတယ်။လားရှိုးမြို့နယ် မဲဆန္ဒနယ်အမှတ် ၃ မှာလည်း ဝင်ရောက်ယှဉ်ပြိုင် မယ့် NLD ပါတီ အတွက် လူထုတွေကို ဟော ပြော စည်းရုံးဖို့လာမယ့် စနေနေ့ မတ်လ ၁၇ ရက်နေ့မှာ လားရှိုးမြို့ကိုရောက်ရှိမယ် လို့သိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး NLD ပါတီရဲ့ အမှတ် ၃ မဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းမြင့်မောင် ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
စိုင်းမြင့်မောင်နှင့်၎င်း၏စည်းရုံးရေးလက်ကမ်းစာစောင်
မေး။ ။ ဒေါ်အောင်ဆန်းစုကြည် မကြာခင် လားရှိုးကို ရောက်လာမယ်လို့ ကြားသိရပါတယ်။ ဘယ်နေ့ ရောက်မှာလဲ။
ဖြေ။ ။ ၁၇ ရက်နေ့ ရောက်မှာပါ။
မေး။ ။ ဘာတွေပြင်ဆင်ထားသလဲ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည် လေယာဉ်နဲ့ရောက်မယ်။ ရောက်လာရင် ရန်တိုင်းအောင်ဘုရားမှာ လူထုနဲ့တွေ့ဖို့ အစီအစဉ်လုပ်ထားပါတယ်။ သက်ဆိုင်ရာကိုလဲ ခွင့်ပြုချက်တင်ထားတယ်။ အဲဒါလဲ ကျမှာပါ။ ဟိုမှာအခမ်းအနား ပြင်ဆင်ဖို့လဲ လုပ်နေပါတယ်။
မေး။ ။ ဘာကြောင့် ရန်တိုင်းအောင်ဘုရားမှာ လုပ်ရသလဲ။ ဘောလုံးကွင်းတို့ မိုးလုံလေလုံအားကစား ကွင်းတို့ ပြည်သူ့အားကစားကွင်းတို့မှာ ဘာကြောင့်မလုပ်တာလဲ။
ဖြေ။ ။ ရန်တိုင်းအောင်ဘုရားကို ကျနော်တို့ ကိုယ်တိုင်လဲ သဘောကျတယ်။ ဘာကြောင့်လဲဆိုတော့ မြို့အဝင်မုခ်ဦးမှာလဲရှိတယ်။ ပြည်ထောင်စုလမ်းမကြီးကနေပြီး ကြည့်ရင်လဲမြင်ရတယ်။ ရန်တိုင်း အောင်ဘုရားနဲ့ နဂါးရုံဘုရားရဲ့ ရှုခင်းလဲကောင်းတယ်။ ပရိသတ်လဲ ပိုဆန့်တယ်။ တင်တဲ့ အခါကျတော့ တခုမဟုတ် တခုရအောင် တင်တာပေါ့။ ကစားကွင်းနဲ့ ရန်တိုင်းအောင်ဘုရားကို တင် တယ်။ အားကစားဝန်ကြီးက ဘောလုံးကွင်းကို မပေးဘူးလို့ ပြောတယ်။ ကျနော်တို့ကိုဘဲ ပြောတာ မဟုတ်ဘူး။ အစကတည်းက တခြားသူတွေကိုလဲ မပေးဘူးလို့ပြောတော့ ကျနော်တို့ကို ရန်တိုင်းအောင်ဘုရားပေး မယ်လို့ထင်တာပေါ့နော်။ နောက်တချက်က မိုးလုံလေလုံနေရာမျိုးတွေဆို ပရိသတ်သိပ်မဆန့်ဘူးဗျ။ ဒေါ်အောင်ဆန်းစုကြည်ကို လာကြိုမဲ့သူတွေ မိုးလုံလေလုံနေရာမျိုးထက် ၅ ဆ ၆ ဆ မကများ လိမ့် မယ်လို့ ကျနော်တို့ ယူဆတယ်။ ဒါကြောင့် ကွင်းလဲကျယ် ၊ လွတ်လွတ်လပ်လပ်လဲ ရှိ၊ ၁၀ တန်းစာမေး ပွဲဖြေတဲ့ကျောင်းသူ၊ ကျောင်းသားတွေကိုလဲ စိတ် အနှောင့်အယှက်မဖြစ်တဲ့ နေရာလဲဖြစ်တဲ့ဒီနေရာကို ရွေးလိုက်တာပါ။ မြို့အဝင်ဖြစ်နေတဲ့အတွက် မြို့ထဲမှာလဲ ဆူညံသံတွေ မဖြစ်နိုင်ဘူး၊ သွားလာတဲ့ သူတွေ ပိုအဆင်ပြေမယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဒါကြောင့် သက်ဆိုင်ရာကလဲ ကျနော်တို့ကို ပေးမယ်လို့ ယူဆပါတယ်။
မေး။ ။ ရန်တိုင်းအောင်ဘုရားဆိုတော့ ဘုရားဂေါပကကိုလဲ တင်ပြရသေးလား။
ဖြေ။ ။ ဟုတ်ကဲ့။ ကော်မရှင်ကနေလုပ်တဲ့အခါအဆင့်တဆင့်က ဘာပိုလာသလဲဆိုရင် ဟောပြော တဲ့နေရာနဲ့ပတ်သက်လို့ အဲဒီနေရာကို စီမံခန့်ခွဲခွင့်ရှိတဲ့သူကနေ ဟောပြော ခွင့်ပြု ကြောင်း ခွင့်ပြုချက် ယူရတယ်လေ။ ကျနော်တို့ ရန်တိုင်းအောင်ဘုရား ဂေါပကကိုလဲ သွားတွေ့တယ်။ အခြေအနေကို ပြောပြတယ်။ ဂေါပကအဖွဲ့လဲ လိုလိုလားလားခွင့်ပြုပါတယ်။ သူတို့ရဲ့ခွင့်ပြုချက်လဲ ရပါတယ်ခင်ဗျာ့။
မေး။ ။ NLD ကိုယ်စားလှယ်လောင်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်လာမယ်ဆိုတော့ ဘယ်လို ပြင်ဆင်ချက်တွေ၊ အားရချက်တွေ၊ ဂုဏ်ယူချက်တွေ ရှိပါသလဲ။
ဖြေ။ ။ ကျနော်က အထူးသဖြင့် ကျေးလက်ပိုင်းတွေမှာ ကွင်းဆင်းပြီး မဲဆွယ်စည်းရုံးနေပါတယ်။ သျှမ်းတွေ ပလောင်တွေနေတဲ့ ကားလမ်းမကြီးကနေ အတွင်းထဲဝင်သွားရတဲ့ ရွာတွေကိုရောက်ပါတယ်။ ရောက်တဲ့အခါကျတော့ ဘာတွေ့ရလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်လာမှာကို လိုလိုလားလား ရှိကြ တယ်။ ရောက်မဲ့နေ့ဆိုရင် သူတို့ရွာကနေ ထော်လာဂျီတွေနဲ့လာမယ်။ အစီးရေ ၅၀ - ၁၀၀ လာမယ် လို့ကြားရပါတယ်ဗျာ။ နောက်တခုက မီဒီယာတွေရဲ့ အကျိုးကျေးဇူးပေါ့။ အရင်က ကျေးလက်တောရွာက လူတွေ ဘာမှသိပ်မသိဘူးဗျ။ အခုတော့ ကျေးလက်တောရွာတွေက သိနေတယ်။ ကျနော်တို့ ဘာတွေလုပ်မလဲဆိုတာလဲသိတယ်။ စိတ်လဲဝင်စားတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုတာလဲ မီဒီယာကနေတဆင့် ကြားနေတယ်။ အဲဒါကြောင့် confirm ယူတယ်။ လိုလို လားလားနဲ့ လာတွေ့မယ်။ လာတွေ့ဖို့လဲပြင်ဆင်နေကြတယ်။ အဲဒါကြောင့် ကျနော်ကိုယ်စားလှယ်တယောက်အနေနဲ့ ဒေါ်အောင်စုကြည်လာမဲ့ကိစ္စဟာ ရွေးကောက်ပွဲအတွက် သာမက တိုင်းရင်းသားတွေမျှော်လင့်နေတဲ့ ဒုတိယပင်လုံညီလာခံကိစ္စမျိုးတွေ ဥပဒေစိုးမိုးရေးတွေဟာ ဒေါ်အောင်ဆန်းစုကြည်လာရင် အများကြီးခရီးပေါက်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျ။
မေး။ ။ အခုကျနော်တို့ သျှမ်းပြည်မှာ ပအိုဝ်း၊ ပလောင်၊ ကချင်၊ ကိုးကန့် စတဲ့တိုင်းရင်းသားတွေ ရှိတယ်ဆိုတော့ သျှမ်းတိုင်းရင်းသားအပြင် တခြားတိုင်းရင်းသားတွေအပေါ် ထားရှိတဲ့မူက ဘယ်လိုရှိ ပါသလဲ။
ဖြေ။ ။ ကျနော်တို့ပါတီကတော့ လူမျိုးအပေါ်မှာအခြေခံထားတာလဲမဟုတ်ပါဘူး။ ဒေသအပေါ် အခြေခံထားတာလဲမဟုတ်ဘူး။ ပြည်ထောင်စုထဲမှာရှိတဲ့ လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲချမ်းသာ မရွေး အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဖြစ်စဉ်ကြီးတခု ပေါ်ပေါက်လာဖို့အတွက် ထမ်းဆောင်နေတဲ့ ပါတီဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုအတွင်း၊ ဒေသအတွင်းရှိနေတဲ့ သျှမ်းအပြင် ကချင်၊ ပလောင်၊ ပအိုဝ်းနဲ့ တခြာ တိုင်းရင်းသားတွေအားလုံး ပါဝင်နိုင်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ လူမျိုးခွဲ ဘာသာခွဲ အတန်းအစားခွဲ မရှိဘဲ အားလုံးကို ဖိတ်ခေါ်ထားပါတယ်။
မေး။ ။ NLD ကနေ သျှမ်းပြည်ကြီးအတွက် ဘာတွေလုပ်ပေးမယ်လို့ မျှော်လင့်ထားသလဲ။
ဖြေ။ ။ NLD က သျှမ်းပြည်အတွက် ဘာလုပ်ပေးမယ်ဆိုတဲ့ အဲဒီသဘောမျိုး ခွဲခွဲခြားခြားတော့ မဟုတ်ပါဘူး။ လူ့အခွင့်အရေး၊ တန်းတူညီမျှမှုရှိဖို့ရယ် ပြည်ထောင်စုတဝှမ်းလုံး တပြေးညီတည်း တိုးတက်အောင်ဆောင်ရွက်ဖို့ အားလုံးပါဝင်နိုင်တဲ့စနစ်ဖြစ်ဖို့ရယ် စစ်မှန်တဲ့ ပြည်ထောင်စုကြီးဖြစ်လာဖို့ အားလုံးကို ဆောင်ရွက်မှာပါ။ အဲဒီထဲမှာ သျှမ်းပြည်အတွက်လဲ ပါပါတယ်။
မေး။ ။ အခု ဆရာက စည်းရုံးရေးဆင်းနေတယ်ဆိုတော့ NLD အနေနဲ့ အမှတ် ၃ အမျိူးသား လွှတ်တော်မဲဆန္ဒနယ်မှာ ဘာတွေ အခက်အခဲရှိလဲ။ ဘာတွေရင်ဆိုင်ရသလဲ။
ဖြေ။ ။ မြို့ပေါ်နဲ့နယ်ဘက်ပေါ့ဗျာ။ ကျနော်တို့ ထင်ထားတာကတော့ နယ်ဘက်ဆင်းရင်တော့ ကျနော်တို့ ပါတီကို ဗမာပါတီဖြစ်တယ်ဆိုပြီးတော့ အစွဲတွေရှိမှာလားဆိုပြီးတော့ စိုးရိမ်စိတ်တွေရှိ တယ်။ တကယ်တမ်းသွားတော့ အဲဒီလိုမရှိဘူးခင်ဗျ။ နယ်ဘက်က ကျနော်တို့ထင်ထားသလို အဲလောက် ကြီး အခြေအနေမဆိုးဘူး။ တချို့နေရာမှာ ကျနော်တို့ကြားရတာက ပြည်သူ့စစ်က ကျေးရွာသူကြီးကို ခေါ်ပြီး မင်းတို့ ခြင်္သေ့ကို မဲထည့်ရမယ်။ မထည့်ရင် ရွာကနေ မောင်းထုတ်မယ်လို့ ကြိမ်းမောင်းတာ တွေရှိတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ကျားဖြူက ပြည်နယ်ကော်မရှင်အထိ တင်ထားတယ်လို့ သိရတယ်။ ဒါသူတို့အပိုင်းပေါ့နော်။ ကျနော်တို့တော့ အဲလို မကြုံပါဘူး။ နောက်တပိုင်းက မြို့ပေါ်ပေါ့နော်။ မြို့ပေါ်မှာစည်းရုံးရေးလုပ်ရင် လူထုတွေက လာချင်ပေ မဲ့ ရပ်ကွက်မှာတာဝန်ရှိတဲ့သူတွေ နယ်မြေမှူးတွေ လာကြည့်တဲ့အခါကျတော့ ငါတို့ကို မှတ်သွားမလား ဆိုပြီး မလာရဲတာတွေ ကျနော်တို့ တွေ့ရတယ်ခင်ဗျ။ အနိုင်ရပါတီက ကိုယ်စားလှယ်တွေကတော့ နယ်မြေမှူးတွေကို ဆင့်ခေါ်တယ်။ အစည်းအဝေးရှိတယ် မတက်မနေရဆိုပြီး ဆင့်ခေါ်တယ်။ နောက် ကြံ.ခိုင်ဖွံ.ဖြိုးရေးပါတီကို မဲထည့်ရမယ်ဆိုပြီးတော့ ပြောတယ်လို့ ကြားရတယ်ခင်ဗျာ။ နောက်တချက်က ကျေးရွာတွေဆီသွားတယ်။ ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်လို့စည်းရုံးတာတွေရှိတယ်။ ကျနော်တို့ ပါတီကျတော့ လူတွေမလာရဲအောင် မသွားရဲအောင် ခြောက်လှန့်တာတွေဟာ မြို့ပေါ်မှာ ထင်ထင် ရှားရှားတွေ့နေရတယ်။ အခက်အခဲ အတားအဆီး အကြီးကြီးတော့ မရှိဘူးခင်ဗျ။ ရောင်တော်ပြန်လေး တွေနဲ့ လာပြီးရပ်ကြည့်နေတာလေးတွေ ဒီနားလေးမှာအလုပ်ရှိလို့ လာသလိုလို လုပ်နေတယ်။
မေး။ ။ ကျားဖြူပါတီကနေ သိရသလောက် ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မွန်း ကပြောထားတဲ့ စကားကို ပြန်မရုတ်သိမ်းပေးဘူးဆိုရင် အမဲရောင်နယ်မြေအဖြစ် ကြေငြာဖို့ပြောတယ်။ ပြန်မရုတ်သိမ်း ရင် သူတို့စည်းရုံးရေးဆင်းနိုင်မှာမဟုတ်ဘူး။ အဲဒါကြောင့် အဲဒီဒေသဘက် မဲမကောက်ဖို့ တင်ပြထား တယ်။ NLD အနေနဲ့ ဟိုဘက်ကို စည်းရုံးရေးဆင်းပြီလား။ အဲအခြေအနေပေါ် ဘယ်လိုလေ့လာ မိလဲခင်ဗျာ။
ဖြေ။ ။ ကျနော်တို့ဆင်းတဲ့အခါမှာတော့ မိုင်းရယ်ဘက်ခရီးသွားတဲ့အခါ နမ့်ပွန်မရောက်ခင် ရွာတရွာမှာ ဆင်းပြီး အမှန်တော့ စကားလေးဘဲ ပြောတာပါ။ ဝင်ပြီးနှုတ်ဆက်တာပါ။ ရွာသူကြီးလဲ မတွေ့ပါဘူး။ အဲဒီရွာမှာ လားဟူတို့ ၀တို့နေတယ်လို့ ပြောတယ်။ ကျနော်တို့ ပြန်လာပြီးတော့ ဘာသတင်းကြားလဲဆိုရင် ပြည်သူ့စစ်ဝမ့်ပန်က မင်းတို့တွေ ခြင်္သေ့ထဲကိုဘဲ မဲထည့်ရမယ်။ မင်းတို့မဲမထည့်ရင် ရွာမှာမထား ဘူးလို့ပြောတယ်လို့ ကြားတယ်။ ကျားဖြူပါတီက မတိုင်ခင် ကတည်းက ကျနော်တို့ ကြားနေရတယ်။ နောက်ပိုင်းသွားတဲ့ရွာတွေက သျှမ်းရွာတွေ။ လမ်းမကြီးကနေ အတွင်းဘက် မိုင် ၂၀ လောက်သွားရတဲ့ ရွာတွေ။ အဲဒီမှာတော့ ဒီလိုပြသနာတွေ မတွေ့ရဘူးခင်ဗျ။ ကျနော်တို့နဲ့တွေ့တဲ့ သူတွေကတော့ အဲဒီ ကိစ္စကို ဘာမှမပြောဘူး။ ကျနော်တို့ကို လိုလိုလားလားဘဲ အထူးသဖြင့် ဒေါ်စုကိစ္စပေါ့ဗျာ။ လိုလိုလားလားနဲ့ အဲဒီသတင်းကိုဘဲ မေးတာများပါတယ်။ ကျိန်းဝါး တာတော့ မကြားရဘူးခင်ဗျ။ ပြည်သူ့စစ်က ခေါ်ပြောတာက ကျနော်တို့ အရင်ကြုံတယ်လို့ ထင်ပါ တယ်။ ကျနော်တို့ စာရွက်တွေ နည်းနည်းပါးပါးဝေတယ်။ အဲဒီမှာ ခေါ်ပြောတယ်။ နောက်ပိုင်းမှ ကျားဖြူပါတီက ကြုံတွေ့ပြီး တင်ပြတယ်။
မေး။ ။ ကျနော်တို့ ကြားရတာက လားရှိုးမှာ ရပ်ကွက်တွေမှာ မဲပေးပိုင်ခွင့်ရှိတဲ့သူနာမည်စာရင်း ကပ်တယ်။ မဲပေးပိုင်ခွင့်ရှိတဲ့သူတွေရဲ့နာမည်က အားလုံးမပါဘူး။ သေသွားတဲ့သူနာမည်တွေလဲပါ တယ်။ ရပ်ကွက်တိုင်းလိုလိုဘဲခင်ဗျာ။ အဲဒီအပေါ်မှာ ဘယ်လိုပြောချင်ပါသလဲ။
ဖြေ။ ။ အဲဒါကတော့ ကျနော်တို့ ကိုယ်တိုင်တွေ့ပါတယ်။ အထူးသဖြင့် ပါတီထဲက စည်းရုံးလုပ်ဆော် နေတဲ့သူတွေ နာမည်ကျန်ရစ်ခဲ့တာ ကျနော်တို့တွေ့တယ်။ သေပြီးတဲ့သူစာရင်းပါတယ်ဆိုတာက နောင်မွန်မှာ အဲဒီပြသနာတွေ့တယ်။ သေတယ်ဆိုတာက လတ်တလောသေတာမဟုတ်ဘူး။ လွန်ခဲ့တဲ့ သုံးလေးနှစ်က သေတာဖြစ်တယ်။ တချို့ဆိုရင် အိမ်ထောင်စုလိုက် ပြုတ်ကျန်နေတာတွေ့တယ်။ အမှန်ပါဘဲ။ ကျနော်တို့ မဲရုံကိုယ်စားလှယ်လို့ ခန့်ထားတဲ့သူတွေရှိတယ်။ အဲဒီကိုယ်စားလှယ်တွေက နေ့ရောညရော ပါတီစည်းရုံးရေးကိစ္စတွေ ဒေါ်စုလာမဲ့ကိစ္စတွေလုပ်နေတော့ ဒီစာရင်းတွေကို သွားမကြည့်အားဘူး ခင်ဗျာ။ အားတဲ့အခါ ရ ရက်ကျော်မှသွားကြည့်တော့ စာရင်းထဲမှာ မပါဘူးခင်ဗျာ။ အဲဒါကို ပြောခဲ့တယ်။ တိုးပေးလား မတိုးပေးဘူးလားဆိုတာတော့ မသိဘူးခင်ဗျာ။
မေး။ ။ အဲလိုဆိုရင် လာမဲ့ကြားဖြတ်ရွေးကောက်ပွဲဟာ တရားမျှတမယ်လို့ ဆရာတို့ ယုံကြည်လား ခင်ဗျာ။
ဖြေ။ ။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာက ရွေးကောက်တဲ့တနေ့တည်းမဟုတ်ဘဲနဲ့ ရွေးကောက်ပွဲမတိုင်ခင်က အခြေအနေတွေလဲပါမယ်။ ရွေးကောက်ပွဲနေ့လဲပါမယ်။ အခုကော်မရှင်က သန့်ရှင်းတဲ့ရွေးကောက်ပွဲဖြစ်စေရမယ်။ ကြိုတင်မဲတွေကိစ္စမဖြစ်စေရဘူး။ ဒါတွေကိုတော့ အဓိက ပြောနေတာ တွေ့ရပါတယ်။ သို့သော်လည်းဘဲ လူဦးရေစာရင်းမှန်မမှန်တာ၊ အဲဒီစာရင်းမှာမပါလို့ ကန့် ကွက်ရတဲ့ကိစ္စတွေ ပေးထားတဲ့အချိန်က နည်းတယ်လို့ NLD က တင်ပြထားတာရှိတယ်။ အဲဒါတွေကို မပြင်ဆင်နိုင်ဘူးဆိုရင်တော့ ရွေးကောက်ပွဲဟာ စင်းလုံးချော အပြစ်အနာအဆာမရှိဘူးလို့တော့ မပြော နိုင်ဘူးလို့ ဆိုရမယ်ခင်ဗျာ့။ ဘာကြောင့်လဲဆိုရင်တော့ သွေးရိုးသားရိုးကျန်ရစ်ခဲ့တာလား။ ဒါမှမဟုတ် NLD ထဲကပါတဲ့လူတွေ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲမထည့်တဲ့သူတွေ ကျန်ရစ်ခဲ့တာက ရိုးရိုး သားသားဟုတ်မဟုတ်ဆိုတာ လုပ်တဲ့သူတွေ သိမှာပါ။ အဲဒါတွေကို သိခဲ့မယ်ဆိုရင် ကောင်းတယ်လို့ ထင်ပါတယ်ခင်ဗျာ့။
မေး။ ။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါသလဲ။
ဖြေ။ ။ အထက်ပိုင်းနဲ့ကော်မရှင်ပိုင်း လုပ်ဆောင်ချက်တွေက တော်တော်လေး မျှမျှတတ လုပ်နေ တယ်လို့ တွေ့ရပါတယ်။ အောက်ပိုင်းမှာတော့ မျှတအောင်လုပ်ဖို့ဆန္ဒရှိတာထက် နိုင်အောင်လုပ်ဖို့ ဆန္ဒက ပိုများနေတယ်လို့ ကျနော်ဒီလိုမြင်တယ်ခင်ဗျာ့။