သျှမ်းပြည်တပ်မတော်နှင့် အစိုးရကိုယ်စားလှယ်တို့ ဂျန္နဝါရီ ၁၆ ရက်တောင်ကြီးမြို့၌ ပြည်ထောင်စု အဆင့်ဆွေးနွေးပြီးနောက်ပိုင်း သျှမ်းပြည်အရှေ့ပိုင်း မိုင်းထားမြို့နယ်ခွဲသို့ RCSS ဌာနချုပ်ရုံးစိုက်ရန် စစ်အင်အားပို့ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
သျှမ်းပြည်တပ်မတော်နှင့် အစိုးရကိုယ်စားလှယ်တို့ ဂျန္နဝါရီ ၁၆ ရက်တောင်ကြီးမြို့၌ ပြည်ထောင်စု အဆင့်ဆွေးနွေးပြီးနောက်ပိုင်း သျှမ်းပြည်အရှေ့ပိုင်း မိုင်းထားမြို့နယ်ခွဲသို့ RCSS ဌာနချုပ်ရုံးစိုက်ရန် စစ်အင်အားပို့ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ တချိန်တည်းမှာပင် တြိဂံတိုင်း ဒုတိုင်းမှူးကလည်း စစ်ယာဉ်တန်းနှင့်အတူ မိုင်းတုံ မိုင်းထားဖက်သို့ ဆင်းသွားကြောင်း မိုင်းတုံဒေသခံ များကပြောသည်။ ထိုသို့ တပြိုင်နက်ဆင်းသွားရခြင်းနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး လောဝ်ဆိုင်အား သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ငြိမ်းချမ်းရေးဆွေးနွေးသဘောတူညီချက်ထဲမှာပါတဲ့ ဌာနချုပ်မိုင်းထား ဟိုမိန်းဖက်ကို သျှမ်းပြည်တပ် မတော်က စစ်အင်အားတွေပို့ဆောင်နေတယ်လို့ကြားရပါတယ်ခင်ဗျ။
ဖြေ။ ။ ဟုတ်ပါတယ်။ အခုလ ဆန်းကတည်းက မိုင်းတော့မိုင်းထားဖက်ကို စစ်အင်အား ပို့လိုက် ပါတယ်။ နေရာချထားရေးအတွက် တြိဂံတိုင်းမှူးကိုယ်တိုင် စီမံပေးဖို့ အစိုးရက ညွှန်ကြားထားတယ် လို့ ပြောပါတယ်။
မေး။ ။ အခြေချနိုင်ရေးအတွက် ဘယ်လို အဆင့်တွေခွဲထားလဲခင်ဗျ။
ဖြေ။ ။အခြေချနိုင်ရေးအတွက် ပထမဆုံးအဆင့်ကတော့ ကျနော်တို့ တပ်အင်အား အရင်ပို့မယ်။ ကျနော်တို့ဖက်က အဆင်သင့်ဖြစ်ပြီဆိုရင် အစိုးရဘက်နဲ့ပြန်ဆွေးနွေးမယ်။ ဒုတိယအဆင့်မှာတော့ နေရာထိုင်ခင်းတွေပြင်ဆင်မယ်။ တတိယအဆင့်မှာတော့ တပ်သားတွေရဲ့မိသားစုတွေကို ပို့မယ်။ အဲဒီနောက် တပ်မိသားစု ဝမ်းစာအတွက်၊ ဒေသခံလူထုရဲ့ စီးပွါးရေးလုပ်ငန်းအတွက် ဆက်လက်ဖေါ် ဆောင်ပေးသွား ဖို့ရှိပါတယ်။
မေး။ ။ဟုတ်ကဲ့။ မနေ့က တိုင်းမှူးနဲ့ အတူ စစ်ယာဉ်တန်းတွေလဲ မိုင်းထားကိုရောက်လာတယ် ဆိုတာ ကော ဟုတ်ပါ သလားခင်ဗျ။
ဖြေ။ ။ ဟုတ်တယ်။ တပ်သားတွေနေရာချထားဖို့အတွက်ပေါ့။ စစ်ယာဉ်တန်းဆိုတာကတော့ တိုင်းမှူးရဲ့ လုံခြုံရေးယာဉ်တန်းပါ။
မေး။ ။ ရှေ့ဆက် ဆွေးနွေးဖို့ကကော ဘာတွေဆွေးနွေးဖို့ ပြင်ဆင်ထားလဲခင်ဗျ။
ဖြေ။ ။ပထမဆုံးကတော့ နေရာချထားဖို့ရယ် မရှင်းလင်းတာကို ရှင်းလင်းအောင် ဆွေးနွေးဖို့ရယ်။ နောက်တခုက ဖွံ့ဖြိုးရေးအတွက် တည်ဆောက်မယ်။ ဒေသတွင်းဖွံ့ဖြိုးရေးရော တပ်သားထုဖွံ့ဖြိုး ရေးရော လုပ်ဆောင်သွားမယ်။ နောက်တခုက မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေးပေါ့။ အစိုးရနဲ့ လက်တွဲပြီးတိုက်ဖျက်သွားမယ်။ ခုလောလောဆယ်တော့ သူတို့အထဲမှာ ညှိနှိုင်းဆွေးနွေးနေတုန်းဘဲ။ သူတို့ကိုဘဲစောင့်နေတာပါ။
နိုင်ငံရေးစကားဝိုင်းအတွက်တော့ တခြားသောတိုင်းရင်းသားတွေကို စောင့်နေပါတယ်။
မေး။ ။ဘာကြောင့် တခြားတိုင်းရင်းသားတွေကို စောင့်နေရတာလဲခင်ဗျ။
ဖြေ။ ။နိုင်ငံရေးစကားပြောရင် တိုင်းရင်းသားအစုံအညီပါမှကောင်းမယ်လေ။ ကျနော်တို့ တိုင်းရင်း သားတွေကနေ ဘယ်လိုမျိုးသောအခြေအနေဖြစ် စေချင်သလဲ။ ဘယ်ဟာတွေကိုပြောင်းလဲစေချင် သလဲဆိုတာကို မျက်နှာစုံညီ ဆွေးနွေးသဘော တူညီချက်ရယူမယ်လေ။ နောက်တခု နိုင်ငံရေးပါတီ တွေကိုလဲ ဆွေးနွေးရမယ်။ သူတို့နဲ့ ကျနော်တို့နဲ့ သဘော တူညီချက်ရလာမှ အစိုးရဆီတက်ပြီး အကျယ်တဝင့် ဆွေးနွေးမယ်။ နိုင်ငံရေးဆိုတာ ကျနော်တို့ တဖွဲ့တည်းဖြေရှင်းလို့မရဘူးလေ။ နိုင်ငံသားအားလုံး၊ တိုင်းရင်းသားအားလုံးနဲ့ဆိုင်တယ် ဆိုတော့ အဖက်ဖက်က အဆင်သင့်ဖြစ်နေ အောင် စောင့်ရတာပေါ့။
မေး။ ။တိုင်းရင်းသားအားလုံးနဲ့ဆိုင်တယ်ဆိုတော့ - ခုလောလောဆယ်ကျနော်တို့ သျှမ်းပြည်ထဲက သျှမ်းအမျိုးသားထဲကဘဲအရင်ကြည့်မယ်ဆိုရင် နိုင်ငံရေးပါတီ ၂ ခုရှိမယ် ။ စစ်တပ်လဲ ၂ ခုရှိမယ်။ မျက်နှာစုံညီဆွေးနွေးဖို့ အစီအစဉ်ရှိလား။ ရှိတယ်ဆိုရင် ဘယ်လောက်အတိုင်းအတာအထိ ပြင် ဆင်ထားပြီးပြီလဲ။
ဖြေ။ ။အစီအစဉ်ရှိပါတယ်။ ကျနော်တို့အခြေအနေနဲ့အချိန်အခါကိုစောင့်ကြည့်နေတုန်းပါ။ ခုလဲ တဆင့်ချင်းစီတက်လာနေတယ်ဆိုတော့မကြာခင်အချိန်အတွင်းမှာ တွေ့ဆုံဆွေးနွေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
မေး။ ။သျှမ်းပြည်မြောက်ပိုင်းဘက်မှာရော တောင်ပိုင်းရော တိုက်ပွဲအခြေအနေ ဘယ်လိုရှိလဲ။
ဖြေ။ ။တိုက်ပွဲကတော့ ငြိမ်သွားပြီ။ ဖေဖော်ဝါရီ ၂၇ ရက်နေ့တုန်းက ကျနော်တို့ဖက်က လူကြီးရော အစိုးရရဲ့ တပ်မတော်ဖက်က အရာရှိတွေရော တွေ့ဆုံပြီး စကားပြောကြတယ်။ မပြေလည်သေးတဲ့ဟာ မရှင်းသေးတဲ့ နယ်မြေကိစ္စတွေကိုလဲ ဆွေးနွေးဖြေရှင်းနိုင်ခဲ့လို့ တိုက်ပွဲတွေလဲ လျော့ပါးသွားတာဖြစ် တယ်။
အဲဒီလိုဆွေးနွေးရာမှာ ယုံကြည်နိုင်လောက်တဲ့ သဘောတူညီချက်က ဘာတွေလဲ၊ ထပ်မံ ရင်ဆိုင် တိုက်ခိုက်တာတွေ မရှိဖို့။
သဘောတူညီချက်အတိုင်း ရောက်ရာအရပ်မှာ ဒေသခံလူထုနဲ့ အတူနေသွားမယ်။ ရောက်ရာဒေသမှာ မြန်မာစစ်တပ်နဲ့အပစ်ရပ်မယ် ဒါ နောက်ထပ်တွေ့ဆုံမှု မရခင်စပ်ကြားပေါ့နော်။ လိုအပ်ရင်လဲ တဆင့် ချင်းစီ ထပ်မံဆွေးနွေးသွားမယ်။
အခုလို တိုက်ပွဲတွေဖြစ်နေရတာဟာ နှစ်ဦး နှစ်ဖက် နားလည်မှုလွဲမှားလို့ ဖြစ်တာတဲ့။ နောက်ပိုင်း ဒီလိုမဖြစ်စေရပါဘူးတဲ့ မြန်မာအစိုးရရဲ့ စစ်တပ်ဖက် အရာရှိတွေက ပြောတယ်။ ဆိုတော့ နောက်ပိုင်း ပြဿနာဖြစ်လာရင်လဲ အချိန်မှီမှီဖြေရှင်းနိုင်အောင် ကြိုးစားသွားမယ်လို့ လဲ ဆွေးနွေးသဘော တူညီ ချက်ရရှိခဲ့တယ်။
မေး။ ။ဟိုမိန်းဖက်ကိုကော ဘယ်တော့ဆင်းမလဲခင်ဗျ။
ဖြေ။ ။ပြည်ထောင်စုအဆင့်ဆွေးနွေးတုန်းက ဟိုမိန်းမြို့နယ်ခွဲနဲ့ မိုင်းထားမြို့နယ်ခွဲကို RCSS/SSA ကို ဌာနချုပ်အခြေစိုက်ဖို့အတွက် သဘောတူညီပါသည် လို့ပါလာလို့ ကျနော်တို့ကတော့ သွားဖို့အဆင် သင့်ဖြစ်နေပါပြီ။ သို့ပေမယ့် အစိုးရဖက်ကနေ သူတို့ အတွင်းပိုင်းကို ထပ်ပြီး ဆွေးနွေးဦးမယ် သူတို့ အဆင်သင့်ဖြစ်တဲ့အချိန်အထိ စောင့်ပေးပါ ဆိုလို့ သူတို့ကိုဘဲစောင့်နေတာပါ။
မေး။ ။RCSS/ SSA အနေနဲ့ ရှေ့ဆက် ဘာကိုလုပ်ဆောင်သွားဖို့ စဉ်းစားထားပါသလဲခင်ဗျ။
ဖြေ။ ။လူနေမှုတိုးတက်ရေး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျနော်တို့ လုပ်ဆောင်သွားမှာပါ။ ပြဿနာဆိုတာကတော့ ဖြစ်မြဲဓမ္မတာမို့ ဖြစ်လာရင်လဲ အချိန်မှီမှီ ဖြေရှင်းသွားမှာပါ။ ဒေသခံလူထု ဖက်ကလဲ ကျနော်တို့ သျှမ်းပြည်တပ်မတော်ကိုဘယ်လိုပုံစံဖြစ်စေချင်သလဲဆိုတာ အကြံဉာဏ်ပြု ပေးစေချင်ပါတယ်။ ကျနော်တို့လဲ ကိုယ်စားလှယ်တွေလွတ်ပြီး ဒေသခံလူထုကိုတွေ့ဆုံ ဆွေးနွေး စေပါမယ်။ မိဘပြည်သူကပေးလာတဲ့အကြံဉာဏ်အတိုင်း ကျနော်တို့ အကောင်အထည်ဖော် ဆောင် ရွက်သွားမှာဖြစ်ပါ တယ်။