(အင်တာဗျူး) တရုတ် ပြည်သူ့ကွန်ဂရက် နိုင်ငံတကာရေးရာ ကော်မတီရဲ့ဖိတ်ကြားမှုနဲ့ SNDP ခေါ် သျှမ်းတိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌလဲဖြစ် ကျောက်မဲမြို့နယ် ပြည်သူ့ လွှတ် တော် ကိုယ်စား လှယ်လဲဖြစ်တဲ့ စိုင်းဆောင်ဆီ
တရုတ် ပြည်သူ့ကွန်ဂရက် နိုင်ငံတကာရေးရာ ကော်မတီရဲ့ဖိတ်ကြားမှုနဲ့ SNDP ခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌလဲဖြစ် ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လဲဖြစ်တဲ့ စိုင်းဆောင်ဆီ ဟာ နိုဝင်ဘာလ ၂၈ ရက်ကနေ ဒီဇင်ဘာ ၅ ရက်နေ့အထိ တရုတ်နိုင်ငံကို လေ့လာရေးခရီး သွားခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ အုပ်ချုပ်းရေး စနစ်ဘယ်လို ရှိပါသလဲ။ အုပ်ချုပ်ရေးကော်မတီတွေက တိုင်းရင်းသားတွေကို ဘယ်လောက် အခွင့်အရေးပေးထားသလဲ ဆိုတာကို သျှမ်းသံတော်ဆင့်က ဆယဲန်ခယိုဖှက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။အန်ကယ်လေ့လာမိသလောက် တရုတ်နိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်ကိုပြောပြပေးပါလားရှင့်။
ဖြေ။ ။ တရုတ်အစိုးရအဖွဲ့မှာ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၂၉၉၉ ဦးရှိတယ်။ ဒီထဲမှာတိုင်းရင်း သား ပေါင်းစုံ ပါဝင်ခွင့်ရှိတယ်။ တိုင်းရင်းသားပေါင်းစုံဖြစ်အောင်လဲ သူတို့ ရွေးချယ်ထားတယ်။ ဥပမာ ကူမင်းပြည်နယ်မှာ ဆိုရင် တိုင်း ရင်းသား ၅၆ မျိုးရှိတယ်။ အဲဒီထဲက ၁၆ မျိုးဟာ လူဦးရေများတဲ့တိုင်းရင်း သားတွေပေါ့။ သို့ပေမယ့် အများဆုံး လူဦးရေ ၅၀၀၀ ဘဲရှိတဲ့တိုင်းရင်းသားကိုလဲ လွှတ်တော်ထဲ မှာ ပါခွင့်ပေးတယ်။ ဒါ့အပြင် ပညာရေး၊ စီးပွါးရေး၊ လူမှုရေးတွေမှာလဲ တရုတ်လူမျိုးစစ်စစ်ထက်တောင်အခွင့် အရေး ပိုပေးထားတယ်။ ဥပမာပညာရေးမှာ ကြည့်။ တက္ကသိုလ်ဝင်ခွင့် အမှတ် တောင်မှတရုတ်လူမျိုး လောက် အမှတ်များစရာမလိုဘူး။ ဥပမာ တရုတ်က ၆၀ ရမှအောင်မယ်ဆိုရင် တိုင်းရင်းသားဆိုရင် ၄၀ လောက် နဲ့ အောင်နိုင်တယ်ပေါ့။ မွေးဖွားခွင့်ဆိုရင်လဲတရုတ်လူမျိုး မှာကလေးမွေးဖွားခွင့်သတ်မှတ်ထားပေ မယ့် တိုင်း ရင်းသားတွေအတွက် မွေးဖွားခွင့်လဲလွတ်လပ်ခွင့်ပေးထား တယ်။ ကျန်းမာရေးဆိုရင် ပိုတောင် ပေးထားတယ်။ စီးပွား ရေးမှာတောင်မှ တချို့နေရာမှာ တိုင်းရင်းသား တွေကို လုပ်ပိုင်ခွင့်ပိုပေးထားတယ်။
ကျနော်တို့နိုင်ငံမှာ အမြဲတမ်းကော်မတီ Standing Committee ၄ ခုဘဲရှိတယ်လေ။ သူတို့နိုင်ငံမှာ အမြဲတမ်း ကော်မတီ Standing Committee ၉ ခုရှိတယ် ။ ဒီ ၉ ခုကနေ နိုင်ငံကိုအုပ်ချုပ်နေတာ။ အဲ့ ၉ ခုထဲမှာ တိုင်းရင်းသားရေးရာ က ဦးစားပေး နံပါတ် ၁ ဘဲ။
မေး။ ။ အဲ့ဆိုရင် ကျမတို့မြန်မာနိုင်ငံနဲ့ ဘယ်လိုကွာတယ်လို့ သုံးသပ်မိပါသလဲရှင့်။
ဖြေ။ ။ သူတို့နိုင်ငံမှာ လွှတ်တော် ၁ ရပ်ဘဲရှိတယ်လေ။ ကျနော်တို့ဆီမှာ လွှတ်တော် ၂ ရပ်ရှိတာကော။ သို့ပေ မယ့် ကျနော်တို့မှာ ပြည်နယ်လွှတ်တော်အမတ်တွေက ဥပဒေ ပြုခွင့်ရှိတယ်။ သူတို့ဆီမှာကျတော့တိုင်းရင်းသား တွေက ဥပဒေ ပြုခွင့်မရှိဘူး။ နိုင်ငံတော်ဥပဒေထဲမှာ ပါပြီးသားဘဲ။
မေး။ ။ အန်ကယ်လေ့လာလာမိသမျှ သူတို့ရဲ့ အုပ်ချုပ်ပုံထဲက ဘယ်ကဏ္ဍကို ကျမတို့နိုင်ငံမှာ ပြန်ပြီး အသုံးပြုနိုင်မလဲ။
ဖြေ။ ။ ကျနော်တို့နိုင်ငံမှာခုလည်း တော်တော်လေးကိုပြောင်းလဲနေပြီဆိုတာ သမီးတို့အသိပါဘဲ။ တချို့တလေ မှာ သူတို့က ကျနော်တို့ထက် တိုးတက်နေတာ မှန်ပေမယ့် သူတို့တွေလဲ အနောက်နိုင်ငံသား တွေကို သွားအားကိုး နေရတယ် ဆက်သွယ်နေရပါတယ်။ ဆိုတော့ ကျနော်တို့လဲ အနောက်နိုင်ငံသားတွေနဲ့ များများဆက်ဆံနိုင်ရင် ကောင်းကောင်းဆက် ဆံနိုင်ရင် သူတို့လိုဘဲ တိုးတက်ပြောင်းလဲ လာမယ်လို့ ကျနော် မြင်တယ်။ အဓိကက နိုင်ငံ အုပ်ချုပ်မင်းလုပ်နေတဲ့ ခေါင်း ဆောင်ကြီးတွေ ဖြူစင်သန့်ရှင်း မယ်ဆိုရင်၊ လူထုကိုတကယ်ချစ်ရင် ၊လူထုမျက်နှာ ကိုတကယ်ထောက်ရင် ကျနော်တို့ နိုင်ငံကို အနောက်နိုင်ငံတွေက ချစ်ခင်နှစ်လိုမယ်။ သူတို့ဆီကနည်းပညာတွေ ဘာတွေ ထောက်ခံမှုရရင် ကျနော်တို့ဟာ တခဏအတွင်းမှာ တိုးတက်လာမှာ မလွှဲပါဘူး။
မေး။ ။ အဲ့ဒီကိုသွားတာ အန်ကယ်လ်တို့ ဘယ်သူတွေနဲ့တွေ့ဆုံခွင့်ရလဲရှင့်။
ဖြေ။ ။ ကျနော်တို့ National People’s Congress ကိုသွားရတယ်။ အဲ့မှာ အဆင့်အမြင့်ဆုံးဘဲ။ အဲဒီနောက် ပိုင်း Provincial ဆိုတဲ့ ပြည်နယ်လွှတ်တော်ကိုသွားတွေ့ရတယ်။ ဆွေးနွေးရတယ် ။အဲ့နောက် မှာ တော့ Municipal လို့ခေါ် တဲ့ ခရိုင်လွှတ်တော်ပေါ့။ အဲ့ဒီကမှ မြို့နယ်အဆင့်ခေါင်းဆောင်တွေ နဲ့တွေ့ရ တယ်။ သူတို့ဆီမှာဥပဒေကို ဘယ်လိုပြုလဲ။ ကျနော်တို့နိုင်ငံ နဲ့ဘယ်လိုကွာလဲဆိုတာ မေးခွင့်ရခဲ့တယ်။ သူတို့နိုင်ငံမှာဥပဒေပြုတဲ့ လူတွေကဘဲ အလုပ်လုပ်သွားတယ်။ ခုနပြောတဲ့ Standing Committee ၉ ယောက်ပေါ့။ ဝန်ထမ်းတွေကိုဖြုတ်တာခန့်တာက အစပေါ့။
ခရီးစဉ်ကိစ္စနဲ့ပါတ်သက်ပြီး စိုင်းဆောင်ဆီက “ နှစ်နိုင်ငံလွှတ်တော်အချင်းချင်း ရင်းနှီးဖို့ပေါ့။ သူတို့ဆီက လွှတ်တော်ကို သွားပြီး ကိုယ့်တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးရှိမယ့်ဟာတွေကို လေ့လာခဲ့တယ် ” လို့ ပြောပါတယ်။
တရုတ်နိုင်ငံကို တပတ်ကြာ သွားရောက်လေ့လာခဲ့တဲ့ နိုင်ငံခြားရေးရာကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ် အဖွဲ့မှာ သျှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီမှ စိုင်းဆောင်ဆီ အပြင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီက တစ်ဦး နဲ့ ကြံ့ခိုင်ရေးပါတီမှ ၅ ဦး၊ လွှတ်တော်ရုံးက တာဝန်ရှိသူတစ်ဦး စုစုပေါင်း ၈ ဦး ဖြစ်ပါတယ်။
စိုင်းဆောင်ဆီဟာ သူ့အမျိုးတွေဖြစ်တဲ့ ကွမ်ဆီပြည်နယ်အခြေစိုက် ကျုံ့သျှမ်း ( Zhuang) တွေကိုတော့ တွေ့ဆုံခွင့်မရခဲ့ဘူးလို့ဆိုပါတယ်။