(ကချင်ပြည်နယ် ဗန်းမော်အကျဉ်းထောင်မှ အောက်တိုဘာလ ၁၂ ရက် နံနက်ပိုင်းတွင် ပြန်လည် လွတ်မြောက်လာသည့် ဗကသများ အဖွဲ့ချုပ် အဖွဲ့ဝင် ကိုရှိန်းရာဇာနှင့်သျှမ်းသံတော် ဆင့် အင်တာဗျူး )
၂၀၀၇ ခုနှစ်ရွေဝါရောင်တော်လှန်ရေးကာလအတွင်း ပါ၀င်လှုပ်ရှားမှုဖြင့် ကိုရှိန်းရာဇာအား နအဖစစ်အစိုးရ ကအသင်းအဖွဲ့ ၆ ၊ အသင်းအဖွဲ့ ရ စသည့် ပုဒ်မ ၂ ခုဖြင့် ထောင်ဒဏ် ၄ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ရာ လွတ်ရက်စေ့ ခါနီး ၁ လခန့်အလိုတွင် ထောင်မှပြန်လွတ်လာခြင်း ဖြစ်သည် ။
မေး - ဗန်းမော်ထောင်က လွတ်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက်ပါသလဲခင်ဗျ ။
ဖြေ - ၄ ယောက်ပါခင်ဗျ ။ ဦးကိုကိုမြင့် ဦးသိန်းနွယ် နိုင်ထွေး ရှိန်းရာဇာထွန်း ။ ကျန်တဲ့လူတွေမလွတ်သေးပါဘူး ။
မေး - နောက်အသုတ်တွေရောလွတ်ဖို့ရှိသေးလား ။
ဖြေ - မပြောတတ်ပါဘူး ။ သူတို့ကတော့ နောက်အသုတ်တွေရှိနိုင်ပါတယ်လို့ ပြောတာပဲ ။
မေး - ဝန်ခံလက်မှတ်ထိုးခိုင်းတာတို့ ဘာတို့လုပ်သေးလားခင်ဗျ ။
ဖြေ - လက်မှတ်ထိုးရတာတော့မရှိပါဘူး ။ ထောင်ဗူးဝမှာ သူတို့အစိုးရက ဖတ်ခိုင်းတဲ့ စာရွက်စာတမ်း တွေဖတ်ခိုင်းတာ အဲလောက်ပဲရှိပါတယ်
မေး - အကျဉ်းသားဦးရေ စုစုပေါင်းဘယ်လောက်လွတ်သလဲ ။ ဘယ်လိုလူမျိုးတွေအများစု ပါသလဲခင်ဗျ ။
ဖြေ - ကျနော်တို့ဗန်းမော်အကျဉ်းထောင်မှာတော့ အများစုက ထောက်လှမ်းရေးဟောင်းတွေပါ ။ ကျန်တာတွေ ကတော့ အများစုက နိုင်ငံရေးအကျဉ်းသားတွေနဲ့လွတ်နီးတွေပဲ ပါပါတယ် ။ လွတ်ဖို့ တစ်လ နှစ်လ သုံးလ အဲလောက်လိုတဲ့လူတွေပဲ လွတ်တာပါ ။
မေး - ဗန်းမော်ထောင်အတွေ့အကြုံလေးပြောပြပါအုံး ။
ဖြေ - သိပ်ထူးထူးခြားခြားမရှိပါဘူး ထောင်ဆိုတော့ ထောင်လိုပါပဲ ။ ဒီမှာကတော့ ဆေးရုံမရှိတဲ့အတွက် ဆရာဝန်လာမှပဲ ဆရာဝန်ပြရတာပေါ့နော် ဒါမှမဟုတ်အပြင်ဘက်ထွက်ပြတယ် အဲဒီနှစ်ခုပဲရှိပါတယ် ။ အစားအသောက်ကတော့ သာမန်ထောင်တွေလိုပဲ ပုံမှန်ကျွေးပါတယ် ။
မေး - သမ္မတဦးသိန်းစိန်ရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာတယ်ဆိုတော့ ဒီအပေါ်မှာရော ဘာပြောချင်သလဲ ။
ဖြေ - ကျနော့်အမြင်ကိုပြောရမယ်ဆိုရင်တော့ ဘာမှထူးထူးခြားခြားမရှိပါဘူး ။ နိုင်ငံရေး အကျဉ်းသား လွတ်တယ် ဆိုပေမဲ့ လည်း အများစုကိုလွတ်တာမဟုတ်ပဲ သူတို့လွတ်ချင်တဲ့သူကို ရွေးလွတ်တာပေါ့နော် ။ လွတ်ခါနီးတွေလူတွေကို လွတ်ပြီး တော့ နှစ်ရှည်ကျနေတဲ့သူတွေကို ချန်ထားတာတော့ ဘယ်လိုမှ သဘောမထားနိုင်ဘူးပေါ့နော် ။ ဦးသိန်းစိန်တို့အနေနဲ့ ဒီမိုကရေစီပြောင်းလဲရေးလုပ်မယ်လို့ ပြောပြီး ဒီလိုလုပ်နေတာ တော်တော်အဆင်မပြေဘူးပေါ့နော် ။
မေး - ထောင်ထဲမှာ ကျန်နေတဲ့ လုပ်ဖေါ်ကိုင်ဘက် နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာရော ဘယ်လိုခံစားရ သလဲဗျ ။
ဖြေ - ထောင်ထဲမှာ ကျန်နေတဲ့ ညီအကို ရဲဘော်ရဲဘက်တွေကတော့ ကျနော်တို့လွတ်လာလို့ ပျော်မှာပါ ။ ကျနော်လည်း လွတ်လာတဲ့အတွက် ဝမ်းသာပါတယ် ။ ဒါပေမဲ့ထောင်ကလွတ်လာလို့ ထူးထူးခြားခြားခံစားမှု မရှိပါဘူး ။ အဓိကကတော့ ကျနော့်ရဲဘော်ရဲဘက်တွေနဲ့ ထောင်ထဲမှာကျန်ခဲ့သူအားလုံး ကိုပြန်လွတ်စေ ချင်တာပါပဲ ။
မေး - အခုဗန်းမော်ထောင်မှာ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ကျန်သေးလဲ ။
ဖြေ - နိုင်ငံရေးအကျဉ်းသား ကိုပန္နိတ်ထွန်း ကိုအောင်မြင့်ထွန်း ကိုကျော်စွာဋ္ဌေး ဒေါက်တာဝင့်သူ ကိုဇော်ဇော် ဒေါ်မာမာဦး အဲလူတွေကျန်တာပေါ့နော် ။ အားလုံး ၈ ယောက်လောက်ရှိမယ် ကျန်အုံးမယ်ထင်တယ် ။
မေး - ဗန်းမော်ကနေ ဘယ်နေ့လောက်အိမ်ကို ပြန်ဖြစ်မလဲ ။
ဖြေ - ဒီတစ်ညတော့ ဗန်းမော်မှာပဲ တည်းအုံးမှာပါ ။ မန္တလေးမှာလည်း နေအုံးမှာပါ အိမ်ကိုနောက် ၃ ၊ ၄ ရက်လောက်မှ ရောက်ဖြစ်မယ် ထင်တယ် ။
မေး - တခြားထပ်ပြောစရာရော ရှိသေးလားဗျ ။
ဖြေ - ထပ်ပြောစရာဆိုရင် သမ္မတဦးသိန်းစိန်အနေနဲ့ တကယ်ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ဆန္ဒရှိတယ်ဆိုရင် တော့ ဒီလိုလွတ် ပေးနေတဲ့ ပုံစံက လုံးဝမဖြစ်သင့်ဘူး ။ ဖြစ်နိုင်ရင်တော့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ လွတ်ပေးစေချင်ပါ တယ် ။