ဇွန်လပထမပတ်ထဲတွင် အမျိုးသားလွှတ်တော်၌ အမျိုးသားဒီမိုကရေစီအင်အားစု (NDF)ပါတီမှ လွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်က တင်သွင်းခဲ့ပြီး လွှတ်တော်ကလည်း လက်ခံခဲ့သည်။ ထိုသို့ဖြစ်ပေါ်နေသည့် အခြေအနေနှင့် ပတ်သက်ပြီး မီဒီယာများမှ ဝေဖန်မှုများ၊ တိုင်းရင်းသားပါတီများနှင့် အကြီးမားဆုံး အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း လက်မခံကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အင်န်ဒီအက်ဖ်ပါတီမှာ ပီအာရ်ကို တင်သွင်းသည့်အမတ်အား တယ်လီဖုန်းဖြင့် ခြိမ်းခြောက်ခြင်း၊ ဘုံရန်သူဟု သတ်မှတ်ရေးသားခြင်း၊ သစ္စာဖောက်ဟု ခေါ်ဝေါ်ခြင်းများရှိနေသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ ပီအာရ်ကို ကျင့်သုံးရန် မသင့်လျော်သေးကြောင်း ဝေဖန်ခဲ့သူများထဲမှ ပီမှ အာကြပါဟူသော ဆောင်းပါးကို ရေးသားခဲ့သည့် ဦးဇာဂနာအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ပီအာရ်စနစ်ကျင့်သုံးဖို့ အခုအချိန်ကမကိုက် ညီ သေးတာလား၊ကျင့်သုံးဖို့ လုံးဝမသင့်လျော်တာလား ဦးဇာဂနာဘယ်လိုမြင်လဲ။
ကျွန်တော်ပြောချင်တာက ပီအာရ်စနစ် ကိုကျင့်သုံးဖို့အခုအချိန်က မသင့်လျော်သေးဘူးလို့ ပြောတာပါ။ နောင်၁၀ နှစ်၊၁၅ နှစ် လောက်ကြာလို့ တိုင်းသူပြည်သားတွေက ပီအာရ်စနစ်ကို နားလည်သွားပြီဆိုရင် အဲဒီ့အချိန်လောက်ကျမှ ကျင့်သုံးသင့်ပါတယ်။ နောက်ပြီးတော့ တစ်ခါကျင့်သုံးမယ်ဆိုရင်တောင် ကျွန်တော်တို့မှာ စဉ်းစားစရာရှိတယ်၊ အဲဒါက ဘာလဲဆိုရင် ပြည်နယ်တွေမှာ သုံးမှာလား၊ တိုင်းဒေသကြီးတွေမှာပဲ သုံးမှာလားဆိုတာကိုလည်း စဉ်းစားရမယ်။
ပီအာရ်စနစ်ဆိုတာ အကျယ်ကြီး၊အများကြီးစဉ်းစားရမယ်။ ပီအာရ်စနစ်ဆိုတာ ဒီလိုလေးမဲပေးလိုက်ရုံနဲ့ မပြီးဘူးလေ။ ပီအာရ်စနစ်ရဲ့အောက်မှာကို အခြေခံထားရမယ့် နည်းစနစ်ကိုက အမျိုးမျိုးကွဲပြားနေတာလေ။ သြစတေးလျမှာ သုံးတာနဲ့ ဂျာမနီမှာ သုံးတာလဲ မတူဘူးလေ။ ကျွန်တော်တို့ အများကြီးလေ့လာရဦးမယ်၊ အချိန်တွေယူရဦးမယ်၊ ပြည်သူတွေကိုလည်း ပညာပေးရဦးမယ်။ အခု ပီအာရ်စနစ်ကိုကျင့်သုံးချင်ပါတယ်လို့ ပြောနေတဲ့ပုဂ်္ဂိုလ်တွေ ကိုယ်တိုင်က ကျွန်တော်လောင်းကြေးထပ်ရဲတယ်၊ အသေအချာ နားလည်ပုံ မပေါ်ပါဘူး။ သူတို့လည်း ပီအာရ်စနစ်နဲ့ ကြီးပြင်းလာခဲ့တဲ့ လူတွေ မဟုတ်ဘူး။ မြန်မာပြည်မှာ ဘယ်တုန်းကမှ ပီအာရ်စနစ်ကို မသုံးဖူးဘူးလေ။ ပီအာရ်စနစ်ရဲ့အစက ကျွန်တော် ပြောသလိုပဲ။ မြန်မာပြည်ကိုရောက်လာတဲ့ ပရောဖက်ဆာ လာရီဒိုင်းမွန်းက တပ်ရဲ့ စိုးမိုးမှုကို ရှောင်လို့ရအောင် နည်းတစ်နည်းအနေနဲ့ စဉ်းစားသင့်တယ်လို့ပဲ ပြောတာပါ။ အဲဒီ့အပေါ်မှာမူတည်ပြီး ရမ်းတုတ်ပြီး ပီအာရ်ကို လျှောက်ပြောနေတယ်လို့တော့ ကျွန်တော်ထင်တာပဲ။
ပီအာရ်ကိုအသုံးပြုတဲ့ နိုင်ငံတွေရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကို ဦးဇာဂနာက လေ့လာဖူးတယ်ဆိုတော့လေ ဒီစနစ်ကို တင်လာတဲ့အပေါ် ဘယ်လိုယူဆသလဲ။
သေချာတာတစ်ခုကတော့ ကျွန်တော့် ဆောင်းပါးထဲမှာလည်း ထည့်ရေးပါတယ်၊ ဥပမာဗျာ အီတလီမှာ ဘာစကိုလူနီလိုလူမျိုး၊ သူ့ကိုပြည်သူကလည်း မကြိုက်ဘူး။ တိုင်းပြည်ကလည်း မကြိုက်ဘူး။ နိုင်ငံတစ်နိုင်ငံလုံး ဘယ်သူကမှ သူ့ကို လက်မခံဘူး။ ဒါပေမဲ့ သူက ၀န်ကြီးချုပ်အဖြစ် ၁၃ နှစ် လောက် ဆက်တိုက်လုပ်သွားတယ်လေ။ ပြီးတော့ ကမ္ဘာပေါ်မှာလည်း အကျင့်ပျက် ခြအစားဆုံး ၀န်ကြီးချုပ်လို့ ပြောလို့ရတယ်လေ။ ဒါတောင်မှ ၀န်ကြီးချုပ်အဖြစ်ကနေ နားသွားတာတောင် အထက်လွှတ်တော် အမတ်လုပ်သေးတာနော်။ အတင်းကာရော လာဘ်ပေးလာဒ်ယူမှုနဲ့ ထွက်ခိုင်းလို့ ထွက်ရတာနော်။ အဲဒီလိုအဖြစ်အပျက်တွေဖြစ်ဖို့ သိပ်လွယ်တယ်လေ။
အခုတောင် လာဘ်ပေးလာဘ်ယူမှုတွေက ဖြစ်နေတာ အများကြီးပဲ။ သြစတေးလျလို နိုင်ငံကြီးတစ်နိုင်ငံတောင် ပီအာရ်ကို အကုန်လုံး မသုံးဘူး။ တချို့ပြည်နယ်လေးတွေမှာပဲ သုံးတယ်။ ဥပမာဆိုရင် ဝေလ်းတို့ သြစတေးလျအနောက်တို့မှာပဲ သုံးတယ်။ ပီအာရ်စနစ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သုံးတာက ဂျာမနီလို၊ အီတလီလို နိုင်ငံတွေမှာ ဒီလိုပြဿနာတွေ ရှိတယ်၊ ဂျာမနီ ကောင်းတာ တစ်ခုတည်းကို ကြည့်ပြီး ကျွန်တော်တို့က ဂျာမနီကောင်းပါတယ်လို့ ပြောနေလို့မရဘူး။ သူတို့ကို နမူနာယူရအောင် မြန်မာပြည်က ဂျာမနီမဟုတ်ဘူးလေ။ ကျွန်တော်ဆိုရင် ဒီအသက် ဒီအရွယ် ၅၀ ကျော်တာတောင် မဲမပေးခဲ့ဖူးသေးဘူး။ ကျွန်တော်တို့က မဲပေးဖို့တောင် လေ့ကျင့်ယူရမယ့် တိုင်းသူပြည်သားတွေကိုး။
ပီအာရ်မှာက ရှုပ်ယှက်ခတ်နေတာ။ ပါတီကိုပေးတဲ့ စနစ်လား။ close list လား open list လားဆိုတာကိုတောင် ရှင်းအောင် မပြောနိုင်ဘူး။ list စနစ်နဲ့ ပေးရ မှာလား၊STD လို့ခေါ်တဲ့ Single Transferable Vote လို့ခေါ်တဲ့ ပီအာရ်လား၊ ဘာမှန်းကို မသိ။ အမှန်အမှားလေးခြစ်တာတောင် လွဲနေတဲ့ တိုင်းပြည်လေ။ ဖယောင်းသုတ်တယ်တို့ ကြိုတင်မဲတွေဖြစ်နေတယ်တို့တောင် ဖြစ်တာလေ။
အဲဒီလိုတိုင်းပြည်မှာ ကျွန်တော်တို့က အဘိုးကြီး၊ အဘွားကြီးတွေကို ဒါက ပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယ ဦးစားပေးလို့ဆိုရင် ရှုပ်ကုန်ပြီ။
အင်န်ဒီအက်ဖ်ပါတီက ထုတ်ပြန်ကြေညာချက်ထဲမှာ သူတို့ကို ဘုံရန်သူ၊ သစ္စာဖောက်လို့ ရေးသားတယ်လို့ပြောတဲ့အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
အမှန်က အင်န်ဒီအက်ဖ်ပါတီရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဦးခင်မောင်ဆွေတို့၊ ဒေါက်တာသန်းငြိမ်းတို့ကို ကျွန်တော် လေးစားသမှုရှိပါတယ်။ နောက်ပြီး ကျွန်တော်ထောင်ထဲမှာနေတုန်းက အင်န်ဒီအက်ဖ်ပါတီအတွက် ဆောင်ပုဒ်တွေ ဘာတွေကို လှမ်းရေးပေးတာပဲ။ လူပုဂ်္ဂိုလ်အရရော၊ နိုင်ငံရေးအရပါ လေးစားပါတယ်။ သို့သော် ဒီလုပ်ရပ်တစ်ခုကိုတော့ လက်မခံနိုင်ဘူး။ လူကို ဘယ်လောက်ပဲ လေးစားပါစေ၊ နိုင်ငံရေးအရ သဘောမတူရင်တော့ ပြတ်ပြတ်သားသား ပြောရမယ်လေ။ သူတို့ကို ဘုံရန်သူလို့တော့ ကျွန်တော်မသတ်မှတ်ပါဘူး။ သစ္စာဖောက်လို့ လဲမပြောချင်ပါဘူး။ ဒါပေမဲ့ လုပ်ပုံလုပ်နည်းက သမိုင်းရိုင်းလွန်းလှတယ်လို့ ပြောချင်ပါတယ်။
ပထမဦးဆုံးအနေနဲ့ ၂၀၁၅၊ ၂၀၂၀ အထိ နိုင်တဲ့လူ အကုန်ယူစနစ်နဲ့ သွားပါဦး၊ ဒီမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး။ ၄၃၆ နဲ့ ဘာနဲ့ လုပ်နေတဲ့အချိန်မှာ ထပြီး မရောင်ရာဆီလူးတဲ့ အလုပ်ကတော့ ဒီသမိုင်း ရိုင်းလွန်းတယ်လို့ အင်န်ဒီအက်ဖ် ပါတီကို ပြောချင်ပါတယ်။
လယ်ရီဒိုင်းမွန်းပြောသွားတာက အတိုက်အခံနဲ့ တပ်မတော်ကြား နိုင်ငံရေးအရ သဘောတူညီချက်တစ်ခု ရှိဖို့လိုတယ်၊ အဲဒါကို ပီအာရ်လို့ ဆိုလိုချင်တယ်၊ ပီအာရ် မဟုတ်တဲ့ အခြားသဘောတူညီချက်တွေရော ရှိနိုင်မလား။
အမှန်က ဒီလို အဓိကအချက်က Political Pact ပေါ့နော်။ နိုင်ငံရေးအရ ပဋိညာဉ်ပေါ့။ အဲဒါကို လက်ရှိအာဏာရ အစိုးရ၊ အာဏာရအစိုးရဆိုတာလည်း စစ်အစိုးရနဲ့ အတိုက်အခံတွေကြားမှာ နိုင်ငံရေး ပဋိညာဉ်တစ်ခုရှိသင့်တယ်လို့ လယ်ရီက ပြောခဲ့တာ။ ကျွန်တော့်ဆီမှာ သူ့ရဲ့ ဗီဒီယိုဖိုင်ပါရှိတယ်လေ။
နောက်သူမပြန်ခင်မှာ နိုင်ငံရေးပါတီငယ်တွေနဲ့ တွေ့တယ်။ ကျွန်တော်ပါပါတယ်။ သူတို့ပြောတာက အင်န်အယ်လ်ဒီပါတီ သို့မဟုတ် ကြံ့ခိုင်ရေးတစ်ပါတီထဲက အပြတ်အသတ်နိုင်သွားရင်သူတို့ချည်းပဲ လွှတ်တော်ထဲမှာ အစိုးရဖွဲ့သွားရင် ကျန်တဲ့ပါတီတွေ အငယ်တွေ ဒုက္ခရောက်တယ်ပေါ့။ ဘယ်လိုလုပ်ရင်ကောင်းမလဲ အကြံပေးပါဦးဆိုပြီး ပြောကြတာ။
အဲဒီမှာ ပရောဖက်ဆာကြီးက (၁) အရေးအကြီးဆုံးအချက်က အာဏာရပါတီနဲ့ အတိုက်အခံတွေကြားထဲမှာ နိုင်ငံရေးပဋိညာဉ်ရအောင် ယူရမယ်။ နောက်တစ်ဖက်မှာ နိုင်ငံရေးပဋိညာဉ် မရခဲ့သည်ရှိသော် တစ်ပါတီတည်းရဲ့ ကြီးစိုးမှုကို ဖျောက်လို့ရအောင်လို့ ပီအာရ်ကို အစားထိုးပြီး ကျင့်သုံးဖို့ ကြိုးစားပါလားလို့ အကြံပေးတာပါ။ ကျင့်သုံးပါလို့ ပြောတာမဟုတ် ပါဘူး။ လတ်တလောမှာ နိုင်ငံရေးပဋိညာဉ်က ဒီနေ့အထိ မရနိုင်သေးဘူး။ ဒါကြောင့် နောက်တစ်မျိုး ကြိုးစားတဲ့အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကျွန်တော်တို့ သွားနေကြတယ်။ အဲဒီ့လမ်းကြောင်းကလည်း ဖြစ်မယ်၊ မဖြစ်ဘူး။ ဘယ်သူမှ သေချာမပြောနိုင်ဘူး။
ပီအာရ်ကို တပ်မတော်သားကိုယ်စားလှယ်တွေက ကန့်ကွက်ပြီး ကြံ့ခိုင်ရေးက ထောက်ခံနေတဲ့အပေါ်မှာ ထင်မြင်ချက်လေး သိချင်ပါတယ်။
ဒါကတော့လွယ်ပါတယ်။ ဇာတ်ညွှန်းတွေပါ။ ကျွန်တော်တို့ဆီမှာ ဇာတ်ညွှန်းနဲ့ကနေတာတွေ တအားများတာပဲ။ ၄၃၆ နဲ့ အမျိုးဘာသာသာသနာနဲ့ သန္တိသုခနဲ့အားလုံးက ဇာတ်ညွှန်းတွေအတိုင်း ကတာလို့ပဲ မြင်ပါတယ်။ ကျွန်တော်ကပဲ မယုံလို့လားတော့ မသိဘူး။ သို့သော် ဒါတွေက ဇာတ်ညွှန်းတွေချည်းပဲ။ အခုလည်း တပ်မတော်သားတွေက သဘောမတူဘူးပြောလိုက်၊ ကြံ့ခိုင်ရေးကလည်း သူတို့နဲ့ တပ်မတော် မတူပါဘူးပြောလိုက်။ ဒါတွေက ဇာတ်ညွှန်းတွေပါ။ ဘာဖြစ်လို့ အင်န်ဒီအက်ဖ် က ဒါကြီးမကောင်းမှန်းသိရက်နဲ့ နှစ်ခါပြန်တင်တာလဲ။ ပထမတစ်ခါ တင်တုန်းကလည်း မအောင်မြင်ဘူး။ နောက်တော့ အခုလည်း ပြတ်ပြတ်သားသား ကွဲတာ မဟုတ်သေးပါဘူးလေ။ ကြံ့ခိုင်ရေးနဲ့ တပ်မတော်နဲ့ နိုင်ငံရေးအရ တူချင်မှ တူမှာပေါ့။ မတူတာကိုလဲ လက်ခံတယ်၊ ဒါပေမဲ့ တပ်မတော်နဲ့ ကြံ့ခိုင်ရေးနဲ့ မတူပါဘူး ကွဲပြားတယ်ဆိုတဲ့ ဇာတ်ညွှန်းကိုတော့ လှလှပပလေး ၀င်က သွားကြတာပေါ့လေ။
အင်န်အယ်လ်ဒီအနေနဲ့ ဒီကစားကွက်ကို ပြန်ခုခံနိုင်ပါ့မလား၊ ဦးဇာဂနာဘယ်လို မြင်လဲ။
ပီအာရ်ကော်မတီ ထဲကနေ အင်န်အယ်လ်ဒီတွေ နုတ်ထွက်လိုက်ကြတယ်လေ၊ နုတ်ထွက်ရုံနဲ့ပြီးသွားပြီလား။ ကျွန်တော်တို့ အလုပ်တစ်ခုလုပ်တဲ့နေရာမှာ လက်မှတ်မထိုးဘူး၊ နုတ်ထွက်တယ်ဆိုတာနဲ့ ပြီးသွားရောလားဆိုတာကတော့ သိပ်သဘာဝမကျဘူး။ သေချာတာတစ်ခုကတော ့အင်န်အယ်လ်ဒီအနေနဲ့ အဲဒီဘက်ကို အာရုံမစိုက်နိုင်ဘူး။ ဘာလို့လဲဆိုတော့ အင်န်အယ်လ်ဒီက ၄၃၆ကိုသာ အာရုံစိုက်နေရတာကိုး။ အင်န်အယ်လ်ဒီက အပေါ်လွှတ်တော်ရော၊ အောက်လွှတ်တော်ရော ဘာအားကောင်းလို့လဲ ၄၀ မှ မပြည့်တာကို။ သိပ်အားမကောင်းတဲ့လူကလည်း လွှတ်တော်ထဲမှာ မလုပ်နိုင်ပါဘူး။ ဒါကြောင့် အင်န်အယ်လ်ဒီအနေနဲ့ တန်ပြန်ထိုး စစ်ဆင်မဲ့ဗျူဟာတော့ မရှိနိုင်လောက်ဘူး။
ဒီဖွဲ့စည်းပုံနဲ့ ပီအာရ်သုံးမယ်ဆိုရင်ရော။
သေချာတာက ၂၀၀၈ အခြေခံဥပဒေကို ပြင်ဖို့တောင် မနည်းလုပ်နေရတဲ့ အခြေအနေမှာ ဒီပီအာရ်ကို သုံးဖို့လုပ်လာတာ ဒီသမိုင်း ရိုင်းလိုက်တာလို့ပဲ ပြောချင်တယ်။
အခြေခံ ဥပဒေကိုပြင်ဆင်ပြီးမှသာ ပီအာရ်စနစ်ကို သုံးရမှာလေ။ ပီအာရ်စနစ်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း တော်တော်ကို တခြားစီဖြစ်တယ်။ ဥပမာဆိုရင် ခုံ ၄၄၀ ရှိတယ် ဆိုပါတော့ တပ်က ၁၁၀ ယူထားတယ်ဆိုရင် ကျန်တဲ့ ၃၃၀ ကို ဘယ်လိုခွဲကြမလဲပေါ့နော်။ ပီအာရ်နဲ့ သာခွဲမယ်ဆိုရင် အခြေခံဥပဒေထဲမှာပါတဲ့ မဲပေးတဲ့စနစ်ကိုပါ ဘယ်လိုပြင်မလဲ၊ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ပြန်ညှိရဦးမယ်။ သေချာပါတယ်၊ ဒီအခြေခံဥပဒေနဲ့လည်း ပီအာရ်နဲ့ကဘယ်လိုမှ မလိုက်ဖက်ဘူး။