ယခင်စစ်အစိုးရအဆက်ဆက် ချမှတ်ထားသော ပြည်ဝင်ခွင့် ပိတ်ပင်ထားသူများစာရင်း Black List မှ ပယ်ဖျက်မှုအပြီး ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတဦးဖြစ်သော မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု၏ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်လည်း ပြန်ရောက်လာခဲ့သည်။
အိမ်ပြန်ခရီးစဉ်အစမှာပင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၏ ဥက္ကဋ္ဌဟောင်း လည်း ဖြစ်သော ဒေါက်တာနိုင်အောင်ကို သတင်းသမားအများစု၏ မေးခွန်းက ကျောင်းသား တပ်အတွင်း လွန်ခဲ့သော အနှစ် ၂ဝ က ဖြစ်ပွားခဲ့သော မြောက်ပိုင်းလူသတ်မှုနှင့် ပတ်သက်သော မေးခွန်းများ ဖြစ်သည်။
ကချင်ပြည်နယ်မြောက်ပိုင်း ပါဂျောင်ဒေသရှိ ABSDF မြောက်ပိုင်း စခန်းတွင် ထိုစဉ်က စစ်အစိုးရ၏ “ရေလှိုင်း စစ်ဆင်ရေး” အောက် သူလျှိုလုပ်သည်ဟူသော သံသယဖြင့် အဖွဲ့ဝင် ၁၅ ဦးမှာ နှိပ်စက်ခံရပြီးသေဆုံးခဲ့ သည်။ စွပ်စွဲခံရသူပေါင်း ၁ဝ၆ ဦးအထိရှိခဲ့သော အမှုနှင့်ပတ်သက်ပြီး သေကံမရောက် လွတ်မြောက် လာသူအချို့၏ တာဝန်ရှိသူဟု စွပ်စွဲထားသူများတွင် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ABSDF ဗဟို၏ ဥက္ကဋ္ဌဟောင်းလည်း ပါဝင်သည်။
ဒေါက်တာနိုင်အောင်ကို မဇ္စျိမ သတင်းထောက် မြတ်ကျော်သူက တွေ့ဆုံမေးမြန်းထားသည်။
မြောက်ပိုင်းမှာ ဖြစ်သွားတဲ့ ကိစ္စတွေကို အကြမ်းဖြင်း ပြောပြပေးပါ။
“မြန်မာနိုင်ငံကို ပြန်လာရတာက မြောက်ပိုင်းကိစ္စနဲ့ပတ်သက်လို့ ဖြေရှင်းဖို့တော့ မဟုတ်ပါဘူး။ ပြီးတော့ မြောက်ပိုင်း ကိစ္စတွေကို ပြောမယ်ဆိုရင် ဇာတ်ရည်လည်အောင် နောက်ခံ အခြေအနေတွေကို အရင်ဆုံး ရှင်းပြရပါမယ်။”
“ဒီကိစ္စကို ဖြစ်တဲ့အချိန်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ပေါ့။ အဲ့ဒီအချိန် တုန်းက စခန်းတွေ နယ်မြေအသီးသီးမှာရှိတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း၊ မွန်၊ ကရင်၊ ကချင်၊ ရှမ်းပြည်နယ်နဲ့ အနောက် ဘက်၊ အိန္ဒယ၊ ဘင်္ဂလားဒေ့ရှ် မှာလည်း စခန်းတွေရှိတယ်။ တကယ်က ABSDF ဆိုတာက နယ်စပ်အသီးသီးကို ရောက်သွားကြတဲ့ ကျောင်းသားတွေနဲ့ စခန်းဖွင့်ပြီး ဖွဲ့ထားတာ။ ထိုင်းနိုင်ငံ တောင်ပိုင်းမှာဆိုရင်လည်း ကရင်ဘက်မှာ စခန်းခုနစ်ခုလောက်ရှိတယ်။ မွန်ဘက်မှာ စခန်းနှစ်ခု လောက်ရှိ တယ်။ မြောက်ဘက်ပိုင်း ကချင်ဘက်မှာဆိုရင်လည်း ရှိတယ်။ နယ်ပယ်အသီးသီးကို ရောက်ရောက်သွား ချင်းမှာတော့ ကျောင်းသားတွေက ကိုယ့်စခန်းနဲ့ကိုယ် ကိုယ်ကြိုက်နှစ်သက်ရာ နာမည်ကို ပေးလိုက်ကြတဲ့အခါ ကျွန်တော်တို့က ပြန်ပြီးတော့ စုဖွဲ့ပြီးတော့ ABSDF ဆိုတာကို တူအောင် လုပ်ရတာ။ ဖွဲ့စည်းရတာပေါ့။ ပထမဆုံး ကိုထွန်းအောင်ကျော်က ဥက္ကဋ္ဌဖြစ်တယ်။ နောက်သိပ်မကြာခင်မှာ အရေးပေါ် ညီလာခံခေါ်ရတယ်။ အဲ့ဒီအချိန်မှာ အိန္ဒိယဘက်က ဒီနာမည် မဟုတ်သေးဘူး။ နာမည်တစ်မျိုး။ ကချင်ဘက်ကလည်း နာမည်တစ်မျိုး။ ဒါပေမယ့် အားလုံးလက်နက်ကိုင် တော်လှန်ရေးလုပ်ကြမယ် ဆိုပြီးတော့ စုစည်းကြတာ။ ညီလာခံ လုပ်တာဆိုပေမယ့်လည်း အကုန်လုံး ပါချင်မှပါတာ။”
“ကာလတစ်ခုကို ဖြတ်ပြောမယ်ဆိုရင်တော့ ကိုမိုးသီးဇွန် ဥက္ကဋ္ဌအဖြစ်တဲ့ အချိန်ကိုရောက်လာတာပေါ့ဗျာ။ ညီလာခံခေါ်တဲ့အချိန်ပေါ့။ မှတ်မိသလောက်ဆိုရင် ၁၉၉၁ နှစ်ကုန်ပိုင်းလောက်ပေါ့။ အဲ့ဒီအချိန်မှာ ကိုမိုးသီးဇွန်က ဥက္ကဋ္ဌ၊ ကျွန်တော်က ညီလာခံကိုယ်စားလှယ်။ ညီလာခံလုပ်တဲ့အချိန်မှာပဲ ဖမ်းဆီးမှုတွေ ဖြစ်တယ်လို့ ကျွန်တော်တို့ သိရတယ်။ အဲ့ဒီညီလာခံမှာ တက်တဲ့သူတွေက နှစ်ခုသိရတယ်။ တစ်ခုက အဲ့ဒီအချိန်တုန်းက ပြန်သွားတဲ့၊ လွတ်သွားတဲ့လူလား မသိဘူး။ သတင်းစာရှင်းလင်းပွဲ လုပ်သွားတာရှိတယ်။ အဲ့ဒီကနေကြားရတာာ တစ်ခုရှိတယ်။ ဒုတိယတစ်ခုက ကိုမိုးသီးဇွန်က မဟာမိတ်ကြေးနန်း KIO ကနေတစ် ဆင့် ကျောင်းသားတွေကို ကျောင်းသားတွေကို ဒီလိုဖမ်းဆီးနေ တယ်ဆိုတဲ့ ကိစ္စတွေ ကြားရတယ်။ သူလျှိုတွေ ပါလာတယ်ဆိုတဲ့ ကိစ္စကို မြောက်ပိုင်းက ဖော်ထုတ်လိုက်တယ် ဆိုတာကို ပြောကြတာတွေရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့လည်း တာဝန်မရှိဘူး။ ကျွန်တော်လည်း မသိဘူးပေါ့။”
“ညီလာခံဖြစ်နေတဲ့အချိန်မှာ သိသလားလို့မေးရင် သိတယ်။ ဒါပေမယ့် ကိုယ့်ညီလာခံကိစ္စ ကိုယ်ရှင်းနေတာဆိုတော့ ဒီဘက်မှာ အလုပ်ကပ်နေတယ်။ အဲဒီလို ရှင်းနေ၊ ရှုပ်နေရင်းနဲ့ပဲ ABSDF က နှစ်ခြမ်းကွဲသွားတယ်။ မှတ်မှတ်ရရဆိုရင် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆုရတဲ့နှစ်ပဲ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့့ပဲ အဖွဲ့အစည်း နှစ်ခြမ်းကွဲသွားတယ်။ ကိုမိုးသီးဇွန်က တစ်ခြမ်း၊ ကျွန်တော်တို့က တစ်ခြမ်းပေါ့။ အဲ့ဒီအချိန်မှာ မြောက်ပိုင်းက လူတွေက ကျွန်တော်တို့ဦးဆောင်မှုနဲ့ ပူးပေါင်း ပါတယ် ဆိုပြီးတော့ ဖြစ်တယ်။ ဗဟိုကော်မတီ က နှစ်ခုမှာ ကိုမိုးသီးဇွန်ကို ထောက်ခံတာ တစ်ခု၊ ဒီစခန်းက ကိုနိုင်အောင်ကို ထောက်ခံ တယ်ဆိုပြီးတော့ ဖြစ်ကြတယ်။ အဖွဲ့အစည်းနှစ်ခု ကွဲသွားပြီးတော့ စခန်းတွေပါ ကွဲသွား တယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ နေနေတဲ့ တောင်ပိုင်းမှာ ရန်သူ့ထိုးစစ်ဝင်ပါတယ်။ အဲဒီအချိန်မှာ ထိုးစစ်ကိစ္စ ရင်ဆိုင်နေရတာတွေရယ်၊ ကရင်ထဲမှာ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်တွေရဲ့ ပြဿနာတွေရယ်။ စခန်းတွေ ရွှေ့နေတာ တွေရယ် ကြောင့် ကျွန်တော်တို့ ချာချာလည်နေကြတယ်။ ဖြစ်နေတာ သိပေမယ်လို့ ကျွန်တော်တို့မှာ ဒီကိစ္စကို လက်တွေ့ ဖြေရှင်းနိုင်ဖို့ အခြေအနေမပေးဘူး။ အဲဒီအခါ ညီလာခံကို လာတက်တဲ့ မြောက်ပိုင်းကိုယ်စားလှယ် တစ်ယောက်ကို ခင်ဗျားပြန်ပြီးတော့မှ အချက်အလက်တွေယူ ဆိုပြီးတော့ မြောက်ပိုင်းကို ပြန်လွှတ်လိုက်တယ်။ အဲ့ဒီအချိန်မှာ နေးရှင်း သတင်းစာကနေပြီးတော့ မြောက်ပိုင်းမှာ သူလျှိုတွေကို သတ်လိုက်ပြီဆိုတဲ့ သတင်းကို ဖတ်ရတယ်။ ဘာဖြစ်လို့ အဲဒီလို သိရလဲဆိုရင် ကျွန်တော်တို့နဲ့ စခန်းတွေ ကြားထဲမှာ ဆက်သွယ်မှု ဘာမှမရှိဘူး။”
“ဒီမှာ ဖြည့်ပြောချင်တာတစ်ခုက ကျွန်တော်တို့ စခန်းတွေကို စုဖွဲ့ထားတာဆိုပေမယ့် ဗဟိုဆိုတာက လုပ်လို့ရတာက မူနဲ့ပေါ်လစီ ကိစ္စတွေ၊ အဲဒါတွေကို လုပ်လို့ရတယ်။ စခန်းတွေအကုန်လုံးဟာ၊ သူ့ရဲ့ ဆုံးဖြတ်မှုနဲ့သူ ရှိနေတာ။ သူ့အုပ်ချုပ်ခွင့်နဲ့သူရှိတယ်။ နေ့စဉ်နဲ့အမျှ ကိစ္စတွေကို ကျွန်တော်တို့ဗဟိုက စီမံခန့်ခွဲနိုင်စွမ်းမရှိဘူး။ ဆက်သွယ်ရေး လည်း မရှိဘူး။ သြဇာအာဏာအရလည်း မရှိဘူးလို့လည်း ရှက်ရှက်နဲ့ပဲ ပြောရမှာပဲ။ ဒီကိစ္စတွေ ဖြစ်တယ်ဆိုတာ မီဒီယာတွေမှာ ပါလာမှပဲသိတယ်။ မေးခိုင်းလိုက်တဲ့ သူကလည်း ပြန်မလာဘူး။ ကျွန်တော်တို့ လိုက်သွားမှရမယ်။ သူလျှိုဝင်သလား၊ မဝင်သလားဆိုတာကို ကျွန်တော်တို့မှာ စုံစမ်းစစ်ဆေးနိုင်စွမ်းမရှိဘူး။ ဟိုဘက်က စွပ်စွဲတဲ့လူတွေကို ကျွန်တော်တို့ ပြန်လည် စစ်ဆေးဖို့ဆိုတာကို ကျွန်တော်တို့ မလုပ်နိုင်ဘူး။ ကျွန်တော်တို့ တိုင်ပင်လိုက်တာက ထပ်ပြီးတော့ သတ်ခံရတဲ့ ကိစ္စတွေ မဖြစ်ဖို့၊ ကျန်နေတဲ့သူတွေ လွှတ်ပေးဖို့၊ လွှတ်ပေးတဲ့နေရာမှာလည်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကနေတစ်ဆင့် မိဘတွေဆီကို ပြန်ပို့ပေဖို့ ထိုင်းနိုင်ငံမှာရှိတဲ့ ကြက်ခြေနီအဖွဲ့တွေနဲ့ ညှိပါတယ်။ ဖြစ်ချင်တော့ တရုတ်နိုင်ငံထဲကို ဖြတ်ရမယ်၊ နောက်ပြီးတော့ စစ်သုံ့ပန်းလဲ မဟုတ်ဘူး။”
“ဆိုတော့ သူတို့အနေနဲ့ အကူအညီမပေးနိုင်ဘူး။ အဲဒီအချိန်မှာလည်း မြောက်ပိုင်းဗဟိုက သူတို့ဆီမှာ သူလျှိုတွေ ဝင်နေတယ်၊ ကျွန်တော်တို့ တောင်ပိုင်းဗဟိုက မယုံဘူးဆိုတဲ့ ကိစ္စတွေရှိတယ်။ အဲဆိုတော့ ဗဟိုအနေနဲ့ တာဝန်ခံပြီးတော့ ကျွန်တော်တစ်ယောက်တည်း သွားပြီးညှိတယ်။ ညှိတာကတော့ခင်ဗျားတို့ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် သံသယ ဖြစ်နေကြပြီ ဆိုလို့ရှိရင် မှန်တာမှားတာ အပထား၊ နောက်တစ်ခုက လူအများကြီး မဖြစ်နိုင်ဘူး။ မမှန်ဘူးလို့လဲ မပြောနိုင်ဘူး။ ဒါပေမယ့် ထပ်ပြီး သတ်တဲ့ကိစ္စမျိုး လုပ်လို့မရဘူး။ တကယ်လို့ သံသယရှိတယ်ဆိုရင် လည်း ဖမ်းထားတာကို လက်မခံဘူး၊ မိဘလက်ကို ပြန်အပ်ရမယ် ဆိုတာမျိုး ကျွန်တော်တို့ညှိတယ်။ မဟာမိတ်တွေနဲ့ လည်း ပြောဆိုပြီးတဲ့အခါ သူတို့လည်း သဘောတူတယ်။ သူတို့ဘက်က တောင်းဆိုတာက စစ်ရေးအခြေအနေတွေ လည်း ဖြစ်နေတဲ့အတွက် တစ်နှစ်လောက်တော့ ထိန်းသိမ်းထားမယ်။ တစ်နှစ်ပြည့်ရင် မိဘလက် ပြန်အပ်မယ်။ ကျွန်တော်ပြည်လာပြီး လမ်းမှာပဲ သူတို့လွတ်မြောက်သွားကြတယ်လေ။ အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော် တို့ ကြေညာချက်တွေ အကြိမ်ကြိမ်ထုတ်ခဲ့တယ်။ ကျွန်တော်တို့က တာဝန်ယူတယ်၊ တာဝန်ရှိတယ်လို့ပြောတာက အဖွဲ့အစည်းတစ်ခုနဲ့ပတ်သက်လာလို့ရှိရင် ဗဟိုကနေပြီးတော့ တာဝန်သိစိတ်နဲ့ တာဝန်ယူတယ်လို့ပြောတာပါ။”
“ခုချိန်မှာလည်း ABSDF အဖွဲ့အစည်းကို ကျွန်တော်တို့ တင်ပြခဲ့တာတွေရှိတယ်။ ဒီမြောက်ပိုင်းကိစ္စနဲ့ ပတ်သက်လို့ တရားဥပဒေစိုးမိုးတဲ့ အခြေအနေရောက်လာပြီ ဆိုလို့ရှိရင်တော့ ဒီကိစ္စနဲ့ ပတ်သက်တဲ့ အဖြစ်မှန် ဖော်ထုတ်ရေး အတွက်ကို စုံစမ်းစစ်ဆေးတဲ့၊ လွပ်လပ်တဲ့ ကော်မရှင်တစ်ခု ဖွဲ့စည်းပြီးတော့ အဖြစ်မှန်ကို ဖော်ထုတ်သင့်တယ်။ ကျွန်တော်တို့လည်း အပြည့်အဝ ပူးပေါင်းပါဝင်မယ်။ မြောက်ပိုင်းမှာ တာဝန်ရှိတဲ့သူတွေ အပါအဝင်၊ အဲ့အချိန်တုန်းက အစိုးရဘက်မှာ တာဝန်ရှိတဲ့ ထောက်လှမ်းရေးဘက်က တာဝန်ရှိတဲ့သူတွေလည်း ဝင်ပြီး၊ ပူးပေါင်းပြီး အစစ်ဆေးခံဖို့ လိုတယ်။ ဒါမှသာလျှင် ဟုတ်တယ်၊ မဟုတ်ဘူးဆိုတဲ့ မြင်ကွင်းတစ်ခုလုံး ပေါ်လွင်မှာ ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာမှ သတ်မှတ်ထားတဲ့ စံတွေ၊ အခြေအနေနဲ့ မကိုက်ညီတဲ့ လူ့အခွင့်အရေးနဲ့ မကိုက်ညီတဲ့၊ ချိုးဖောက်မှုတွေ ရှိတယ်လို့ ယူဆတယ်လို့ ရှိရင်လည်း အဲ့ဒီတွေ့ရှိချက်အတိုင်းပဲ လိုအပ်တဲ့ကိစ္စတွေကို ဆက်ပြီးဆောင်ရွက်ရမှာပဲလေ။ အဲ့ဒီအတိုင်းပဲလဲ ကျွန်တော်တို့ နာခံသွားမှာပဲ။”
ခုနကပြောခဲ့တဲ့အထဲမှာ တကယ်လို့ တရားဥပဒေစိုးမိုးရေးပီပြင်လာရင် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး ဒီမြောက်ပိုင်းကိစ္စကို ဖော်ထုတ်မှုလုပ်မယ်ဆိုတော့ အခုအခြေအနေက တရားဥပဒေစိုးမိုးမှု မရှိသေးဘူးလို့ ဆိုလိုတဲ့သဘောလား။
“ကချင်မှာဖြစ်တဲ့ကိစ္စတွေ၊ ခုဂျာနယ်တွေကို တရားစွဲဆိုတဲ့ကိစ္စတွေကိုကြည့်ရင် တရားမျှတမှု၊ တရားဥပဒေစိုးမိုးမှု ဆိုတာ ရှိမှမရှိတာပဲလေ။ အနည်းဆုံးကျွန်တော် ပြောမယ်ဆိုရင် ဗိုလ်ချုပ်တင်ဦးတို့ ဗုံးခွဲခံရတဲ့ ကိစ္စတွေ၊ ပေါ်မှမပေါ် တော့တာပဲ။ ဘယ်ရောက်နေမှန်းကို မသိဘူး။ ပြောချင်တာက တကယ်စစ်ရင် သိနိုင်တဲ့ ကိစ္စတွေကို မစစ်နဲ့ဆိုတဲ့ တစ်ခြားစိုးမိုးမှုတစ်ခု၊ ပယောဂ တစ်ခုက ရှိနေသမျှ ကာလပတ်လုံးဒီလိုမျိုး ကိစ္စတွေမှာ မျှတတယ်ဆိုတာ ဖြစ်နေနိုင် မှာမှ မဟုတ်တာ။ တရားမျှတတယ်လို့ ဖြစ်လာတဲ့ အခြေအနေမှာ တော့ဒီလိုစုံးစမ်းစစ်ဆေးတယ်ဆိုတာ လုပ်ကို လုပ်သင့်တယ်လို့ မြင်ပါတယ်။”
မြောက်ပိုင်းကိစ္စကို ပြန်ကြည့်လိုက်ရင် တကယ်လုပ်ချင်တာက စစ်အာဏာရှင်ကို တော်လှန်ချင်တာပေါ့။ ဒါပေမယ့် အဲ့ဒီအပိုင်းမှာ မအောင်မြင်ခဲ့ဘဲ အဖွဲ့အစည်းအတွင်း ပဋိပက္ခတွေပဲ ဖြစ်ပေါ်ခဲ့တယ်။ ဒီလို
တော်လှန်ရေး မအောင်မြင်ခဲ့တာက ဘာကြောင့်လဲ။
“ABSDF က ပထမတော့ စစ်အာဏာရှင် စနစ်ကို တွန်းလှန်မယ်ပေါ့။ ဒါပေမယ့် အဲ့ဒီရည်ရွယ်ချက်ကို ရောက်သလား ဆိုတော့ မရောက်ပါဘူး။ ကျွန်တော်တို့ နားလည်စေချင်တာက ABSDF က အဓိကက နိုင်ငံရေး ဦးတည်ချက်ပဲ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရရှိရေး။ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ရရှိရေး၊ ပြည်တွင်းငြိမ်း ချမ်းရေးပေါ့။ အဲ့ဒါတွေကို ရဖို့ လက်နက်ကိုင် တော်လှန်ရေးကို အဓိကထားပြီးတော့ ကျန်တဲ့ တိုက်ပွဲပေါင်းစုံနဲ့ ဝန်းရံသွားကြမယ်။ ဒါကတော့ လုပ်နည်းပေါ့။ တကယ်တမ်းမှာ ကျွန်တော်တို့လုပ်နေတဲ့ ရည်မှန်းချက်တွေကို ရောက်နေပြီလားဆိုလို့ရှိရင် ကျွန်တော် တို့ နယ်စပ်မှာရှိနေတဲ့ လက်နက်ကိုင် အင်အားစုတွေ အပါအဝင်၊ တစ်ခြားအင်အားစုတွေ အပါအဝင်၊ ပြည်တွင်းမှာ ရှိနေတဲ့ ပြည်သူတွေနဲ့ အဲ့တိုက်ပွဲ အင်အားစုတွေကြောင့်မို့လို့ ဒီနေ့ဖြစ်နေတဲ့ အပြောင်းအလဲတွေက ဖြစ်လာရတာ ပါလို့ ကျွန်တော်က ပြောချင်တယ်။ ပြောချင်တာက ဒါတွေဟာ (စစ်အစိုးရအနေနဲ့) အိမ်မက်မက်လို့ ထလုပ်ခဲ့တဲ့ ဟာတွေ မဟုတ်ဘူး။ ခြံုပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်တွေကို အထိုက်အလျောက် တစ်စုံတစ်ရာတော့ ဖြစ်လာခဲ့တဲ့ ကိစ္စတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် လက်နက်ကိုင်တိုက်လိုက်လို့ ခင်ဗျားတို့ နေပြည်တော်ကို သိမ်းပြီးပြီလားလို့ မေးရင် တော့ ကျွန်တော်တို့ မသိမ်းနိုင်ဘူး။”
တစ်ချိန်တည်းမှာပဲ မြောက်ပိုင်းကိစ္စမှာ ပါဝင်ပတ်သက်ခဲ့တဲ့သူတွေကို တရားစွဲဆိုမယ်ဆိုတဲ့ အပေါ်မှာရော ဘယ်လို ထင်မြင်ပါသလဲ။
“လက်ရှိ တရားရုံးရဲ့အနေအထားက နောက်ဆုံးဆိုရင် ကိုဖြိုးဝေအောင်တို့ ကိစ္စက အစ၊ မဟုတ်ပါဘူးလို့ သက်သေ အထောက်အထားတွေလည်းရှိတယ်။ ဒါပေမယ့် ဒီအမှုနဲ့ပဲ ထောင်ကျခံလိုက်ရတာပဲ။ နောက် ကိုသန်းဇော်၊ သန်လျင် ဗုံးခွဲတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လေ။ အပြင်မှာရောက်နေတဲ့သူတွေက သူတို့လုပ်ပါတယ်၊ သူနဲ့မဆိုင်ပါဘူးလို့ ပြောတာလည်း ထောင်ကျခံရတာပဲ။ ဆိုတော့ တရားရုံးတွေရဲ့ တရားစီရင်ရေးစနစ်ကိုတော့ ကျွန်တော် သံသယဖြစ်တယ်။ တည့်တည့်ပြောရင် ယုံလားဆိုရင် မယုံဘူး။ ဒါပေမယ့် တရားစွဲဆိုနိုင်ခွင့်ရှိတယ်ဆိုတဲ့ လူတွေရဲ့ အခွင့်အရေးကို မတားဘူး။ ဒါက သူတို့အခွင့်အရေး ပဲလေ။”
ခုအချိန်မှာ အပြင်ကလူတွေလည်းရောက်လာပြီ၊ ပြည်တွင်းကလူတွေလည်းရှိနေပြီ ဆိုတော့ အားလုံး တွေ့ဆုံသွားမယ့် အခြေအနေတစ်ခုခုများ လုပ်ဆောင်သွားဖို့ ရှိပါသလား။
“ဒါကတော့ ကျွန်တော် အဖွဲ့အစည်းကို ထပ်မေးထားတယ်။ ကျွန်တော် လာတုန်းကတော့ “ခင်ဗျားလည်း ABSDF ဥက္ကဋ္ဌဟောင်းဆိုတော့ ခင်ဗျားနဲ့ဆိုင်တဲ့အပိုင်းကို ခင်ဗျားပြော၊ ABSDF အဖွဲ့အစည်းအနေနဲ့ ပြောရမယ် ကိစ္စတွေကိုတော့ အဖွဲ့အစည်းကပဲ ပြောမယ်” လို့ပြောထားပါတယ်။ ကျွန်တော့်အနေနဲ့ ပြောစရာရှိတဲ့ ကိစ္စတွေကိုပြောမယ်၊ ဒါပေမယ့် တွေ့ဖို့၊ ဆုံဖို့ ကိစ္စတွေကတော့ ABSDF ကပဲ တာဝန်ယူမယ်လို့ ပြောထားတာရှိတယ်။ ခုတွေ့ချင်နေပြီလို့ ထပ်ပြီးပြောလာတဲ့ အခါကျတော့ ကျွန်တော်လည်း အဖွဲ့အစည်းကို ထပ်ပြောထားပါတယ်။ ကျွန်တော်တို့က အဖွဲ့အစည်းနဲ့ လုပ်ရတာ ဆိုတော့ စည်းတွေ၊ ဘောင်တွေရှိတယ်။ ကျွန်တော့်အနေနဲ့ ABSDF ဥက္ကဋ္ဌ ဟောင်း ဆိုပေမယ့်လို့ ABSDF ဥက္ကဋ္ဌဟောင်းက ပြန်သွားပြီး ABSDF ရဲဘော်တွေက ကျန်ခဲ့တယ်ဆိုတော့ သူတို့ ဘယ်လိုလုပ် စိတ်ထဲမှာကောင်းမလဲ။ ဒါပေမယ့် ကျန်တဲ့သူတွေ ကတော့ အဲ့လို နားလည်ပေးနိုင်မှာ မဟုတ်ဘူး။ ဒါကိုလည်း နားလည်တယ်။ ကျွန်တော်က ဥက္ကဋ္ဌဟောင်း ကြီးဖြစ်လို့ ပြန်ခွင့်ရတယ်အချိန်မှာ တောထဲမှာကျန်ခဲ့တဲ့ ရဲဘော်က အခု ခြံုပုတ်အောက်ထဲမှာနေနေရတုန်း ဆိုတဲ့ ရဲဘော်ရဲ့ စိတ်ထဲမှာဘယ်လိုနေမလဲဆိုတာ ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ကတော့ ဒီလိုတွေ့ဆုံမှုဖြစ် လာရင် ကောင်းတယ်လို့ပဲ ပြောချင်ပါတယ်။”