၂ဝ၁၂ ခုနှစ်၊ မေလ ၃ဝ ရက်နေ့သည် ဒီပဲယင်း အရေးအခင်း ၉ နှစ် ပြည့်မြောက်သည့်နေ့ ဖြစ်သည်။ ၂ဝဝ၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်အတွင်း ဒီပဲယင်းမြို့နယ် ကျီရွာတွင် တိုက်ခိုက် ခံခဲ့ရသည့် ယင်းဖြစ်ရပ် တွင် မည်သူက အကွက်ချစီမံ၍ မည်သူ ဦးဆောင်ခဲ့သည်၊ မည်သူများ ပါဝင်ခဲ့သည် ဆိုသည် ကို ယနေ့တိုင် ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
(ဒီပဲယင်း ၉ နှစ်ပြည့် အထူးအင်တာဗျူး)
၂ဝ၁၂ ခုနှစ်၊ မေလ ၃ဝ ရက်နေ့သည် ဒီပဲယင်း အရေးအခင်း ၉ နှစ် ပြည့်မြောက်သည့်နေ့ ဖြစ်သည်။ ၂ဝဝ၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်အတွင်း ဒီပဲယင်းမြို့နယ် ကျီရွာတွင် တိုက်ခိုက် ခံခဲ့ရသည့် ယင်းဖြစ်ရပ် တွင် မည်သူက အကွက်ချစီမံ၍ မည်သူ ဦးဆောင်ခဲ့သည်၊ မည်သူများ ပါဝင်ခဲ့သည် ဆိုသည် ကို ယနေ့တိုင် ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
ဖြစ်ရပ်မှန်သမျှ သမိုင်းချည်းပင် ဖြစ်သည်။ သမိုင်းသည် အကောင်းဆုံး ဥပမာ ဖြစ်သည်။ သမိုင်းမှ သာဓကယူ ဆန်းစစ်ရသည်။ ခေတ်အဆက်ဆက် သမိုင်းစစ်ကို ရှာဖွေတူးဆွသူများ ရှိခဲ့သလို သမိုင်းကြောင်း၌ ကမ္ဗည်းတင် မခံဝံ့သူတို့က ဖြစ်ရပ်ဟောင်းကို ဖုံးဖိပြောင်းလဲရန် ကြိုးစားခဲ့ကြသည်။
ဒီပဲယင်း အရေးအခင်းကို သမိုင်းအဖြစ်မှန်အဖြစ် တရားဝင် ပေါ်ပေါက်စေလိုသူများအနက် ဒီပဲယင်းလုပ်ကြံမှု၏ အဓိကပစ်မှတ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အားထုတ်ခဲ့သူ တဦးဖြစ်သည့် ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည် စီးနှင်းသည့် ကားကို မောင်းနှင်ခဲ့သူ ကိုကျော်စိုးလင်းလည်း ပါဝင်နေသည်။
သမိုင်းကို အဖြစ်မှန်အတိုင်း ဖြစ်စေချင်သူ ကိုကျော်စိုးလင်း (၂ဝဝ၃ ခုနှစ် ဒီပဲယင်း အရေးအခင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကားကို မောင်းနှင်ခဲ့စဉ်က ကိုကျော်စိုးလင်းသည် ဒုတိယနှစ် ဥပဒေကျောင်းသား အရွယ်ဖြစ်သည်။)
ဒုတိယနှစ် ကျောင်းသားအရွယ်သာ ရှိခဲ့သော်လည်း လုပ်ကြံမှု ဖြစ်စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးဆုံး နေရာတွင် ရှိခဲ့ပြီး မျက်မြင်သက်သေလည်း ဖြစ်သည့် ကိုကျော်စိုးလင်းနှင့် ဒီပဲယင်း ကိုးနှစ်ပြည့် အဖြစ် မဇ္စျိမသတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ဒီပဲယင်းကိစ္စ ၉ နှစ်ပြည့်တော့မယ် ဒီအချိန်မှာ ဘယ်လိုခံစားရလဲ။
ပြန်ပြီးတော့ သတိရနေတယ်။ ဘာကြောင့်လဲဆိုတော့ဒီကိစ္စကြီးကတရားဝင် ဖော်ထုတ်နိုင်ခြင်းလည်း မရှိခဲ့ဘူး။ အဲ့တာ ကြောင့် လည်း ဒီ ဒီပဲယင်းကို အမြဲတမ်းပဲ သတိရနေစေဖို့ အတွက်ရယ်၊ နောက်ပြီးတော့ ပြဿနာအရပ်ရပ်ကို ဘယ်သူက ဘယ်လို စလုပ်တယ် ဆိုတာကို ပြည်သူအားလုံးက သိစေချင်တဲ့ ဆန္ဒနဲ့ ဒီနှစ်ကို ကျီရွာမှာ သွားပြီး အလှူလုပ်ဖို့ စီစဉ်ထားပါတယ်။
ကျနော့်စိတ်ထဲမှာ သူတို့ကို ပြန်ပြီး ထိခိုက်ပါစေ၊ နစ်နာပါစေ၊ ဟိုဟာဖြစ်ပါစေဆိုတဲ့ ဆန္ဒမရှိဘူး။ ဒါပေမယ့် အဖြစ်မှန်လေးကိုတော့ ပေါ်ပေါက် စေချင်တယ်။ တနေ့ထက် တနေ့တော့ အဲ့ဒီ ခံစားချက်လေးတော့ ရှိနေတာပေါ့။
အန်တီ့ကားကို မောင်းဖြစ်သွားပုံလေးက စပြီး ပြန်ပြောပြပါဦး။
ကျနော့်အဖေ ဦးကိုကြီး က မန္တလေးတိုင်း NLD တိုင်းဦးစီးမှူး(ဘဏ္ဍာရေး) လုပ်တော့ အဖွဲ့ချုပ်က ကိစ္စတွေဘာတွေ ရှိရင် ကျနော့်အိမ်က ကားတွေဘာတွေ သုံးလေ့ရှိတယ်။ ကျနော်ရယ်၊ ကျနော့်အကိုရယ်က အဲ့လိုကိစ္စတွေမှာ လိုက်ပို့တာရှိတော့ တိုင်းက လူကြီးတွေက ကျနော်တို့ ကား ကောင်းကောင်းမွန်မွန် မောင်းတတ်တာ သိနေတယ်။ အဲ့ဒီမှာ အန်တီ့ခရီးစဉ် ရောက်လာတယ်။ အဲ့ဒီတုန်းက ကျနော်က ဒုတိယနှစ်ပဲ ရှိသေးတယ်။ ဥပဒေ မေဂျာနဲ့။ အစကတော့ ကျနော်တို့က လူငယ်အနေနဲ့ လုံခြံုရေးပဲ လိုက်ရတာ။
အန်တီ့ခရီးစဉ် ဒုတိယတခေါက်အနေနဲ့ ရောက်လာတော့ ကား ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ် တဲ့ လူ လေးဦး လိုတယ်ဆိုလို့ ကျနော်တို့ ညီအကို နှစ်ယောက်ရယ်၊ စက်မှုထဲက ဦးကံရယ်၊ မောင်ကိုလေးရယ် ဆိုပြီး လေးယောက်ပေးလိုက်တယ်။ ဒါပေမယ့် တကယ်တမ်း လိုက်ဖြစ်တာက ဦးကိုလေးနဲ့ ကျနော်နဲ့ နှစ်ယောက်ပဲ။
စမောင်းတော့ ဦးကိုလေး မောင်းတာ။ နောက် ကချင်ပြည်နယ် ခရီးစဉ်တခုလုံး ကျနော် ဆက်မောင်းတယ်။ ကချင်ပြည်နယ် မိုးကုတ်၊ သပိတ်ကျင်းဘက်ကနေ မန္တလေးကို ဝင်တယ်။ မန္တလေးကနေ မုံရွာခရီးစဉ်ဘက် တွေလည်း ကျနော်ပဲ ဆက်မောင်းတာ နောက်ဆုံး ပြဿနာ ဖြစ်တဲ့နေ့အထိပဲ။
မေ ၃ဝ ရက်နေ့ အနေအထားတွေကို မှတ်မိသလောက် ပြန်ပြောပြပါဦး။
တောက်လျှောက် သူတို့ လိုက်နှောင့်ယှက်နေတဲ့ကိစ္စတွေကို သတင်းတွေ ရတယ်။ သိလည်း သိတယ်။ ဘာတွေလဲ ဆိုတော့ ကြံ့ခိုင်ရေးဝတ်စုံတွေနဲ့ လိုက်ပြီး နှောင့်ယှက်နေတယ်ဆိုတော့ ဆိုးဆိုးဝါးဝါးကြီး နှောင့်ယှက်လိမ့်မယ်တော့ မထင်ဘူး။ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ၊ နှောက်ယှက်မယ်ဆိုတဲ့ သတင်းတွေလည်း ကြားတယ်။ နောက် ဘုတလင်နဲ့ မုံရွာက ခရီးစဉ်ကို လိုက်ပို့တဲ့ ကျောင်းသားလေးတွေ အပြန်မှာ အဖမ်းခံရတယ်ဆိုတဲ့ သတင်းလည်း ကြားတယ်။ ရှေ့ပြေး လွှတ်တဲ့သူကလည်း ပြန်မလာနိုင်ဘူး။ ပြန်မလာနိုင်ပေမယ့် သတင်းကတော့ အဆက်မပြတ် ကြားနေတာ။
အဲ့ဒီနေ့က လမ်းကြောင်းတခုလုံးမှာ အန်တီရှိနေတဲ့ နေရာအထိ သတင်းတွေ ရောက်လား။ သတင်းပို့မှု အစပ်အဆက် ရှိနေလား။
ရှိတယ်။ ဒါပေမယ့် နှောက်ယှက်မယ်လို့ပဲ ကြားနေတာ။ နောက်ပြီး ဘုန်းကြီးအတုတွေ၊ အတုတွေဆိုတာက သင်္ကန်းတောင် မဝတ်ရသေးဘူး။ ကတုံးစိမ်းတွေနဲ့ ကားကြီးတွေနဲ့ ထွက်သွားတယ်။ သွားလိုက်လာလိုက် လုပ်နေတယ် ဆိုတဲ့ သတင်းလည်း ကြားရတယ်။ ဒါပေမယ့် အန်တီကတော့ အဖွဲ့တွေအားလုံးနဲ့ သွားမယ့် ခရီးစဉ် ဆက်ထွက်တယ်။
အဲ့ဒီအချိန်က သူတို့ဘက်က အနှောက်အယှက်ပေးရင် ညပိုင်းတွေများတယ်။ မိုးကုတ်၊ သပိတ်ကျင်း ဘက်မှာဆိုရင် လာကြည့်တဲ့ ပြည်သူတွေကို လေးဂွတွေ၊ ခဲတွေနဲ့ ထုတာ၊ မီးမောင်းတွေထိုးတာ၊ သံပုံးတွေရိုက်တာ မျိုးပေါ့နော်။ နေ့လည်ပိုင်းဆို သူတို့က သိပ်ပြီးတော့ မလုပ်ကြဘူး။ ဆန္ဒပြသလို သာမန် နှောင့်ယှက်တာလေးတွေလောက်ပဲ လုပ်တယ်။ အဲ့တော့ ကျနော်တို့က ညကို အရောက်မခံဘဲ မောင်းတာ များတယ်။ နောက်တချက်က အဲ့ဒီနေ့က ကျနော်တို့ဘက်က ခရီးစဉ် မိုင်တွက်တာလည်း မှားတယ်။ မိုင်အကွာအဝေးကို ၁၄ မိုင်လို့ ရေးထားတဲ့ နေရာမှာ ၁ ပြုတ်ပြီး ၄ မိုင်လို့ ဖြစ်နေတာလည်း နောက်ပိုင်းမှာ ကျနော်တို့ သွားတွေ့ရတယ်။
ကျီရွာကို ရောက်တဲ့အချိန်မှာ ဘုန်းကြီး နှစ်ပါးက “ဒကာမကြီး မနက်ကတည်းက ကျနော်တို့ စောင့်နေလို့ပါ။ ရပ်ပြီး နှုတ်ဆက်စကားလေး ပြောပေးပါ”လို့ ပြောလာတယ်။ အချိန်က ငါးနာရီခွဲ ခြောက်နာရီလောက် ရှိပြီ။ မမှောင်သေး ဘူး။ မှောင်ရီပျိုးပြလေး။ ဘုန်းကြီးက တောင်းတောင်း ပန်ပန်နဲ့ ပြေးပြီးတော့ လိုက်ပြောတဲ့ အခါကြတော့ အန်တီက “ငါ့သားရယ် ရပ်ပေးလိုက်ပါဦး” ဆိုတော့ ကျနော်က ရပ်လိုက်တယ်။ အဲ့ဒီမှာ ဘုန်းကြီးနှစ်ပါးရယ် ရွာသားတွေကော အများကြီး စောင့်ပြီး ကြိုနေတယ်။ ဘုန်းကြီးအိုကြီး တယောက်လည်း ပါတယ်ပြောတယ်။
ရပ်လိုက်တဲ့ အချိန်မှာ နောက်က လိုက်လာတဲ့ ကားတန်းကလည်း တော်တော်များတယ်။ ကား အစီးရေတော့ မမှတ်မိဘူး။ ကားတန်းရပ်သွားတော့ နောက်က လိုက်လာတဲ့ ကားတွေထဲက ဘုန်းကြီးအတုတွေကော လူတွေကော တုတ်တွေနဲ့ ဆင်းလာပြီးတော့ ကြိုတဲ့သူတွေကိုကော၊ ကျနော်တို့နောက်က လိုက်လာတဲ့ ကားတွေပေါ်က လူတွေကိုကော တန်းရိုက်တော့တာပဲ။
PA က လုံခြံုရေးအတွက် ဆင်းပြီးတော့ ကြည့်တဲ့အချိန်မှာ နောက်မှာ စရိုက်နေပြီလို့ သိတော့ အန်တီ မဆင်းဖြစ်တော့ ဘူး။ မဆင်းဖြစ်တော့ဘဲ PA ပါ ပြန်တက်၊ ကားတံခါးတွေကို Lock ချ လိုက်တယ်။ ကျနော့်ရှေ့မှာက ကား သုံးလေးစီး လောက်တော့ ရှိတယ်။ ဘဘဦးတင်ဦး ကားကလည်း ရှေ့မှာပဲ။ အနီးကပ် လုံခြံုရေးတွေကတော့ ကျနော့်ကားပေါ် မှာပေါ့။ မန္တလေး တိုင်းက လုံခြံုရေးအဖွဲ့တွေကတော့ ရှေ့မှာကော နောက်မှာကော ပါတယ်။
နောက်ကနေ ရိုက်လာတဲ့အချိန်မှာ လုံခြံုရေးအဖွဲ့တွေက “ကိုကျော်စိုးလင်း မောင်းမောင်း” ဆိုပြီး ပြောတယ်။ နောက်က အမျိုးသမီးတွေပါတဲ့ ကားတစီးက ကျော်တက်ပြီး ကျနော်တို့ ကားနား ရောက်လာတယ်။ ဆိုင်ကယ်တွေနဲ့ လိုက်လာတဲ့ ကျောင်းသားတွေကလဲ ပြန်ချမယ်၊ ပြန်ထုမယ် ဆိုတော့ အန်တီက တားခိုင်းလိုက်တယ်။ မလုပ်ပါနဲ့ သူတို့က ဘယ်လိုအကြံအစည်နဲ့မှန်း မသိဘူးဆိုပြီး အန်တီက တားတော့ သူတို့က မလုပ်ဖြစ်တော့ဘူး။
နောက်ကနေ ရိုက်လာရင်းနဲ့ ကျနော်တို့ ကားနားအထိ ရောက်လာတယ်။ ကျနော်တို့ ကားနားရောက်လာ တော့ ကိုတိုးလွင်တို့ တခြားလုံခြံုရေး အဖွဲ့ဝင်တွေက တားတယ်။ “ဒါ ဒေါ်အောင်ဆန်းစုကြည်ကားနော်။ မင်းတို့ သမိုင်းဝင် သွားမယ်နော်” ဆိုပြီး တားတယ်။ တားတော့ သူတို့ ရိုက်တာ တန့်သွားတယ်။ ကျနော်တို့ ကားနားကို အရင်ရောက် လာတဲ့ ရှေ့ဆုံးက ၄၊ ၅ယောက်က ဘုန်းကြီးဝတ်တွေ။ သင်္ကန်းတွေနဲ့ တုတ်တွေနဲ့။ ညာဘက်လက်တွေမှာ လက်ပတ် အဖြူတွေ ပတ်ထားတယ်။
အဲ့ဒီမှာ ဘဘဦးတင်ဦး ရောက်လာတယ်။ “မင်းတို့ကောင်တွေက ဘယ်ကလဲ။ ဘာလို့ရိုက်တာလဲ” ဆိုပြီး မေးနေတုန်း ဘဘဦးတင်ဦးကိုပါ သူတို့ ရိုက်ချလိုက်တယ်။ နောက် အန်တီ့ဘက်အခြမ်းက လုံခြံုရေးယူ ထားတဲ့ ကိုတိုးလွင် ကိုလည်း သူတို့ ရိုက်ချလိုက်တာ ကိုတိုးလွင်က ပုံလျက်သားလေး လဲသွား တယ်။ အဲ့နေရာမှာပဲ ပုံကျသွားတော့ သေပြီလို့ပဲ ထင်လိုက်တယ်။
ကျနော့်စိတ်ထဲမှာ အဲ့ဒီတုန်းက တော်တော် ဒေါသဖြစ် သွားသေးတယ်။ နောက်ကနေ ပြေးလာတဲ့ သူတွေက ပြေး၊ လိုက်ရိုက်တဲ့သူတွေက လိုက်ရိုက်နဲ့ဆိုတော့လေ။ တချို့ဆို ကိုယ်တုံးလုံး ကျွတ်တွေနဲ့ထွက်ပြေးလာ တာကို လိုက်ရိုက်နေတာလည်း တွေ့တော့ ဒေါသဖြစ်ပြီး ပထမ တခုခု တုန့်ပြန်မယ် စဉ်းစားသေးတယ်။ ကျနော် ကားကို ဘက်ဆုတ်လိုက်တယ်။ ဘက်မဆုတ်ခင် လီဗာကို အကျယ်ကြီး နင်းလိုက်တယ်။ ကိုယ့်လူတွေလည်း ရှိတော့ရှောင်လို့ရအောင် အသံ ပေးလိုက်တာပေါ့။
အဲ့ဒီမှာ ကျနော့်ကားရဲ့ တိုက်ရော့နဲ့ ဘီးနဲ့ကြားမှာ သစ်သားချောင်း ဘယ်အချိန်က ထိုးခံထားလဲ မသိဘူး။ စတီရာရင် ခေါက်လို့ မရအောင် ထိုးထည့်ထားတာ။ ကံကောင်းချင်တော့ ကျနော်က နောက်အရင်ဆုတ် လိုက်တော့ အဲ့ဒီဟာက ကျိုးထွက်သွားတယ်။ ဒိုင်းကနဲ ဘာနဲ့မှလည်း မထိဘဲ အသံထွက်လာတော့မှ တခုခု ကလန့်ထားတာ ကျိုးသွားတာ သိတာ။ နောက်ဆုတ်တဲ့အချိန်မှာ ကျနော့် ညာဘက်က မှန်ကော၊ ဘယ်ဘက်က မှန်ကော၊ နောက်မှန်တွေကော၊ ကားဘက်မှန်နဲ့ မီးသီးတွေကော သူတို့ အကုန်ရိုက်ခွဲကြတယ်။
အဲ့အချိန် ကားဘေးမှာ လုံခြံုရေးတွေ ရှိနေတယ်။ သူတို့က ပေပြီးတော့ အရိုက်ခံနေကြတာ။ ကျနော် ကားနောက် ဆုတ်ပြီ ဆိုတာနဲ့ သူတို့က ကားပေါ်ကို အတင်းဝိုင်းတက်ကြတယ်။ ရှေ့ကို ကြည့်တော့ ကိုယ့်လူတွေက မှောက်နေ တယ်။ ရိုက်တဲ့သူတွေက ရှောင်နေတာနဲ့ ဘယ်သူ့ကိုမှ မတိုက်တော့ပဲ ကျနော် ကျော်တက်ပြီးတော့ အတင်းမောင်း ထွက်ခဲ့တာ။ အဲ့ဒီနေရာမှာ ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက် ကြာမယ်ထင်တယ်။
အန်တီကကော အဲ့ဒီအချိန်မှာ ဘယ်လိုရှိနေလဲ။ အန်တီက ကား မောင်းထွက်ဖို့တွေဘာတွေ ပြောလား။
အန်တီက ဒီမှာလည်း လူတွေ အရိုက်ခံနေရပြီ။ ပြည်သူတွေလည်း အရိုက်ခံနေရပြီ။ သူများတွေက “မောင်းမောင်း”လို့ ပြောနေကြတယ်။ အန်တီက ဘာမှ မပြောဘူး။ ကျနော့် အမြင်ပေါ့၊ ကျနော့်အတွေးက အန်တီက တကယ်လို့ မောင်းခိုင်းမယ်ဆိုရင် သူများတွေ အရိုက်ခံ နေရတာကို ပစ်ပြီးတော့ပြေးရာရောက် မယ်။ အဲ့လိုလည်း အဖြစ်မခံချင် ဘူးလို့ ထင်တယ်။ ကျနော် မမောင်းဘဲနဲ့ နေမယ်ဆိုရင်လည်း ဘယ်သူမှ မောင်းလို့မရဘူးလေ။ အကုန်လုံး ပဋိပက္ခ ဖြစ်သွားနိုင်တယ်။ အဲ့ဒီမှာ ကျနော်ကလည်း အဲ့တုန်းကလူငယ် စိတ်နဲ့ပေါ့နော် ဒေါသလဲ ဖြစ်တော့ ကျနော် ၁ သက်ဆို သူတို့ ၂ သက်ဆိုပြီး ဖြစ်ချင်ရာဖြစ် မောင်းထွက် လိုက်တာ။
နောက်ထပ် သတ်ကွင်းလို တနေရာ ကြံုရတယ် ဆိုတာက ဘယ်လိုမျိုးလဲ။
ဒုတိယနေရာကမှ တကယ့် သတ်ကွင်း။ ပထမနေရာနဲ့ နောက်တနေရာက တမိုင်လောက် ဝေးတယ်။ ကျနော် ထွက်လာတော့ ဘဘဦးတင်ဦးကားတို့၊ အမျိုးသမီးကားတို့ကို ကျော်ပြီး ထိပ်ဆုံးက မောင်းထွက်လာတာ ရှေ့ကိုပဲ အာရုံစိုက်ပြီး မောင်းနေတော့ သူတို့လည်း နောက်က ပါလာတယ်ပဲ ထင်တာ။ ငါးမိနစ်လောက် မောင်းရတယ်။ ရှေ့မှာ ကုန်ကားကြီး ၃ စီး တွေ့တယ်။ အဝေးကတည်းက မြင်တော့ လမ်းကို ဒီကားတွေ ကန့်လန့် ပိတ်လိုက်မှာလည်း စိုးတယ်။ သိပ်လည်း မသင်္ကာဘူးပေါ့ စပြီးလည်း ဖြစ်နေပြီဆိုတော့လေ။
အဲ့တာနဲ့ သူတို့ ထိပ်တည့်တည့်ရောက်ပြီဆိုမှ ညာဘက်ကို လှည်းလမ်းပေါ်ကို ချိုးချပြီး မောင်းမယ် လုပ်မှ ဒီဘက်အခြမ်းမှာ ကားအစီး ၂ဝ၊ ၃ဝ လောက်က မီးတွေဖွင့်ပီး ထိုးထားတာတွေ့ရတယ်။ လမ်းရဲ့ဘေးမှာ ကွင်းက အကျယ်ကြီး ဒိုင်နာလိုလို၊ ကုန်ကားလိုလို ကားတွေ၊ ကွင်းထဲမှာ စီရပ်ထားတာ။ မီးကြီးတွေ လမ်းဘက်ကို ထိုးထားတာ။ ကားသုံးစီးကို ကျော်တော့မှ မြင်ရတာ။ မီးတွေနဲ့ လူတွေလည်း များပါလားပေါ့။ လူတွေက စီရပ်နေတာ မန္တလေးလိုဆိုရင် တပြလောက်ကို ရှိတယ်။ လူအပြည့်ပဲ တုတ်တွေနဲ့ စောင့်နေတာ။ လမ်းဘေးတလျှောက်လုံး အပြည့်ပဲ။ ဟိုမှာက ရိုက်တာနှက်တာ ကိုယ့်ရှေ့မှာတင် ကြံုလာခဲ့ပြီဆိုတော့ ကျနော်က သိလိုက်တယ်။ အဲ့ဒီမှာ သတ်ကွင်းဆိုတာ သိလိုက်တယ်။ တုတ်တွေနဲ့ လူတွေက လမ်းရဲ့ ညာဘက်မှာ။ ကျနော် ဆင်းကျော်တဲ့ ညာဘက်မှာပေါ့နော်။ လမ်းရဲ့ ဘယ်ဘက်မှာက ကြံ့ခိုင်ရေး ဝတ်စုံတွေနဲ့ ဆိုင်းဘုတ်လေးတွေ ကိုင်ပြီးတော့ အရင်နှောက်ယှက် သလို စောင့်နေကြတာ။
ကျနော်က ကားကို ခေါင်းတည်ပြီး လီဗာနည်းနည်း နင်းလိုက်တော့ တုတ်တွေနဲ့ လူတွေက ရှဲသွားတယ်။ ရှဲသွားပြီဆိုမှ ကျနော်က လမ်းပေါ်ကို ခေါင်းတင်လိုက်တယ်။ ကားနောက်မှာကော ဘေးပတ်လည်မှာ တွယ်လိုက်လာတဲ့ အခါကျတော့ ဆွဲချပြီး ရိုက်လိုက်မှာကို စိုးတယ်။ ကား လမ်းပေါ် ရောက်သွားတော့ လက်လှမ်းမမီတော့မှ နောက်ကနေ ဝိုင်းထုကြတာ။ အဲ့မှာ ကျနော့်ခေါင်းကို တချက်မှန်တယ်။ ဘာနဲ့ ထုလိုက်လည်း မသိဘူး။ သွေးတွေ ဖြာသွားတယ်။ အန်တီက “ဘာဖြစ်သွားသေးလဲ” မေးတော့ ကျနော် သတိရှိသေးတယ် “ရတယ်”လို့ ပြောလိုက်ပါတယ်။ လမ်းရဲ့ အဆုံးမှာ သစ်သားနဲ့ သံဆူးကြိုးနဲ့ ဘယ်ရီဂိတ် ပိတ်ထားတယ်။ အဲ့တာကို ကျနော်က တိုက်ချိုးပြီး ဆက်မောင်းမယ် လုပ်တော့ ကားနှစ်စီးနဲ့ ဆက်ပိတ်ထားတာ တွေ့ရတယ်။ ကားနှစ်စီးရဲ့ ကြားမှာ လူသွားဖို့ လမ်းချန်ထားတာ ရှိတယ်။ အဲ့ဒီ လူသွားလမ်းက ကျနော့်ကားနဲ့ ကွက်တိဖြစ်နေတယ်။ အဲ့ဒီကနေ လွတ်သွားတာ။ လွတ်သွားတော့ အရှေ့မှာ ရဲ ၁ဝ ယောက်လောက် ရှိမယ်။ သေနတ်တွေနဲ့ ချိန်ထားတာ။ ကျနော်လည်း မထူးဘူးဆိုပြီး ဆက်မောင်းတော့ သူတို့က ဒိုင်ဗင်တွေဘာတွေ ထိုးပြီး ရှောင်တဲ့သူက ရှောင်တယ်။ ဘယ်သူ့ကိုမှတော့ ကျနော် မတိုက်ဖြစ်ပါဘူး။
နောက်တော့ကော ဘာတွေ ဆက်ဖြစ်သေးလဲ။
အဲ့ဒီက လွတ်လာတော့ အန်တီက ပြောတယ်။ ဒီပဲယင်းကိုဝင်မယ် ငါ့သား။ ဒီကိစ္စကို ဖြေရှင်းမယ်။ မဖြေရှင်းလို့ မရဘူးပေါ့ ပြောတယ်။ ကျနော့်ကို ပြောတာပေါ့။ ဖြစ်ချင်တော့ ကျနော်ကလည်း ဒီပဲယင်းကို မရောက်ဖူးတော့ ဒီပဲယင်းကို ကျော်သွားတယ်။ ဒီပဲယင်းက လမ်းဘေးလေး ချိုးဝင်လိုက်ရတာ။ ကျနော်က မြို့ရှောင်လမ်းပေါ့နော် အဲ့ဘက်က ထွက်သွားလိုက်တော့ ကျော်သွားတယ်။ ကျော်သွားပြီးတော့ လမ်းဘေး တောထဲမှာ ခဏဝင်ရပ်တယ်။ ကားပေါ်မှာ တုတ်တွေကော၊ ကားအောက်မှာ ကလန့်ထားတဲ့ တုတ်ကလဲ စဖြစ်တဲ့ နေရာကတည်းက ဒီးဒီး၊ ဒီးဒီးမြည်ပြီးတော့ ပါလာတာလေ။ နောက်ပြီး ကျနော် တိုက်ဖြတ်လာတဲ့ သံဆူးကြိုးတွေလဲ ကားနဲ့ငြိပြီး ပါလာတယ်။
အဲ့ဒီမှာ တုတ်တွေဘာတွေ ဖြုတ်၊ သံဆူးကြိုးတွေ ဖြည်ပြီးတော့အန်တီက လူ ဘယ်နှစ်ယောက်ပါလဲ။ နာမည်တွေ ပြောဆိုပြီး တခါတည်း အန်တီက သူ့စိတ်နဲ့ပဲ မှတ်ထား လိုက်တယ်။ အန်တီအပါအဝင် ကျနော်တို့အားလုံး ၁၈ ယောက် ပါတယ်။ အန်တီက ဘယ်သူမှ အန်တီနဲ့ မခွာနဲ့။ ဘယ်မှ မသွားကြနဲ့ အန်တီ့ဘေးမှာပဲ နေလို့ မှာတယ်။ ကြောက်လန့် ပြီး ခွဲထွက်သွားရင် အန္တရာယ်ဖြစ်မှာစိုးလို့ မှာတယ်လို့ ထင်ပါတယ်။
“ဒါ ဒေါ်အောင်ဆန်းစုကြည် ကားနော်၊ မင်းတို့ သမိုင်းဝင်သွားမယ်” ဆိုပြီး ပြောတဲ့အချိန် သူတို့ ခဏတုန့်သွားတယ်။ နောက်ပြီးမှ “ဟာ.. ဘာပဲ ဖြစ်ဖြစ် ချကွာ၊ ရိုက်ရိုက်” ဆိုပြီး ဝင်ရိုက်တဲ့ အဖြစ်ကတော့ ကျနော့် စိတ်ထဲမှာ ထင်ကျန်နေ တုန်းပဲ။
အဲ့ဒီက ပြန်ထွက်တော့ ရေဦးမြို့အဝင် သံလမ်းနားမှာ မောင်းတံဂိတ်လေးတွေ့တော့ ကျနော်က ကားခဏရပ်တယ်။ ကားရပ်တော့ အဘိုးကြီး နှစ်ယောက်က ဒါဘယ်သူ့ကားလဲတဲ့ လာမေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကားပါလို့ ဆိုတော့ တိုင်းမှူးက အမိန့်ချထားတယ်တဲ့။ ဘယ်ကားမှ အဝင်မခံနဲ့လို့ ပြောထားတယ်တဲ့။ အဲ့တာကြောင့်မို့ပါဆိုတော့ ရပါတယ် ကျနော်တို့စောင့်မယ်လို့ ပြောလိုက်တယ်။
နောက် နာရီဝက်လောက် ကြာတော့ ကျနော်တို့ရှေ့က ရထားသံလမ်း တံခါးကြီးကို ပိတ်လိုက်တယ်။ သံလမ်းပိတ်ပြီး သံလမ်းရဲ့ ဟိုဘက်မှာ ဘယ်ရီဂိတ်တွေ ချလိုက်တယ်။ ရေဦးဘက်က စစ်သားတွေ ထွက်လာပြီး ကျနော်တို့ကို ဝိုင်းလိုက်တယ်။ ဝိုင်းတာတော့ တော်တော်ဝေးဝေးက ဝိုင်းတာပါ။ သေနတ်တွေနဲ့ပဲ။ ဝိုင်းပြီးတော့ ဒီအတိုင်းပဲ ကြည့်နေကြတော့ ကျနော်တို့လဲ အေးအေးဆေးဆေးပဲ နေလိုက်တယ်။
အဲ့ဒီလို ဝိုင်းပြီး နာရီဝက်လောက် ထပ်ကြာတော့မှ စစ်တပ်ယူနီဖောင်းနဲ့ အရာရှိကြီးတယောက် ရောက်လာ တယ်။ အသက်က ၅ဝ လောက်ရှိမယ်။ သူက ကျနော့်ကို နားထင်ကို သေနတ်နဲ့ ချိန်တယ်။ ချိန်ပြီးတော့ “မင်းလိုက်မလား မလိုက်ဘူးလား” ဆိုပြီး မေးတယ်။ အန်တီ့ကို ကြည့်တော့ အန်တီက ခေါင်းညှိမ့်ပြတော့ “လိုက်မယ်”လို့ ပြောလိုက် တယ်။ “အဲ့တာဆို နောက်က လူတွေ တက်”ဆိုပြီး သေနတ်တွေနဲ့ ချိန်ပြီး တက်ခိုင်းတယ်။ နောက်က လူတွေပါ တက်တော့မှ သံလမ်းတံခါးနဲ့ ဘယ်ရီဂိတ်တွေပါ ဖယ်။ ရှေ့က ရဲကားနဲ့ သူတို့က အနောက်က လိုက်လာကြတယ်။ ဘေးက မော်တော်ပီကယ်တွေ ဘာတွေနဲ့ပါ ခေါ်ပြီးတော့ ရေဦး ရဲစခန်းထဲ ရောက်သွားတယ်။
ရေဦး ရဲစခန်းရောက်ပြီး ဘာဆက်ဖြစ်ကြလဲ။
ရေဦး ရဲစခန်းရောက်တော့ အန်တီက ပြောတယ်။ “ရှင်တို့ သတ်ချင်ရင် ကျမတို့ကို ဒီနေရာမှာ သတ်ချင် သတ်ပစ် လိုက်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ကျမတို့ကတော့ ဒီကိစ္စကို ဖြေရှင်းရမှာပဲ”လို့ ပြောတယ်။ အဲ့ဒီမှာ သူတို့က အန်တီ့ကို အဲ့လိုတော့ မဟုတ်ပါဘူး။ ဖြေရှင်းဖို့ ကျနော်တို့နဲ့ လိုက်ခဲ့ပေးပါဦး လို့ ပြောတယ်။ အဲ့မှာ အန်တီက “မလိုက်နိုင်ဘူး၊ ဥပဒေကြောင်းအရ ဖြေရှင်းမှ သာလျှင် လိုက်မယ်”လို့ ပြောလိုက်တယ်။ နောက် ၁ဝ မိနစ်လောက် နေတော့ ဥပဒေ ကြောင်းအရ ဖြေရှင်းပေးပါ့မယ်လို့ သူတို့က ပြောတယ်။ အဲ့ဒီမှာ အန်တီနဲ့ ကိုထွန်းဇော်ဇော်ရယ်၊ ကိုထွန်းမြင့်ရယ် လိုက်သွားတယ်။ ကိုထွန်းဇော်ဇော်နဲ့ ကိုထွန်းမြင့်ကို အန်တီက သက်သေအနေနဲ့ ခေါ်သွားလိုက်တာ။ ကျနော်ကတော့ ကားနဲ့ ကားမှာပါတဲ့ သက်သေခံပစ္စည်းတွေကို စောင့်ကြည့်တဲ့ အနေနဲ့ ကျန်ခဲ့တယ်။ ကျန်တဲ့သူတွေ အားလုံးကိုတော့ သူတို့က အချုပ်ထဲ ထည့်လိုက်တယ်။
ရဲစခန်းကို သက်သေဆိုပြီး လိုက်လာတဲ့သူတွေ ၄၊ ၅၊ ၆ ယောက်ရှိတယ်။ အဲ့ဒီလူတွေမှာလည်း စရိုက်တုန်းက လူတွေ ပတ်ထားတဲ့ လက်ပတ်အဖြူတွေ ပတ်ထားတာတွေ့တယ်။ သူတို့ကရပ်ကွက်လူကြီးတို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ အဲ့လိုလူတွေ။ ကျနော်တို့ကိုလည်း ဗီဒီယို မှတ်တမ်း တင်တာတွေဘာတွေ လုပ်တယ်။ အဲ့ဒီက ထောက်လှမ်းရေး ထင်တယ် တယောက်က “မင်းတို့က စရိုက်လို့ ငါတို့က လုပ်ရတယ်” ဆိုပြီး ကျနော့်ကို ပြောတယ်။ အဲ့မှာ ကားပေါ် ပါတဲ့ သက်သေပစ္စည်းတွေ စာရင်းတွေလုပ်။ စာရင်းတွေ လုပ်ပြီးပြီဆိုမှ ကျနော့်ကိုပါ အချုပ်ထဲ ထည့်လိုက်တယ်။ အဲ့ဒီမှာ ကျနော်တို့ကို ထမင်းလည်း မကျွေးဘူး။ အဲ့ဒီညနဲ့ နောက်နေ့ တနေ့လုံး ထားတယ်။
အန်တီနဲ့ လိုက်သွားတဲ့ နှစ်ယောက်က သိပ်မကြာဘူး ပြန်ရောက်လာတယ်။ ကျနော်တို့ ၁၇ ယောက်ကို နောက်နေ့ ညနေမှာ ဒိုင်နာ ၂ စီးနဲ့ ရွှေဘိုထောင်ကို ပို့တယ်။ ဒိုင်နာ ၂ စီးကို တာလပတ်တွေနဲ့ အုပ်ပြီးတော့ ရဲတွေနဲ့ ခေါ်သွား တယ်။ ရွှေဘိုထောင်ရောက်တော့ ကျနော်တို့ တယောက်စီကို ရာဇဝတ်သား ၂ ယောက်၊ တန်းစီးလိုမျိုးပေါ့ အဲ့လို လူတွေနဲ့ ထားတယ်။ အဟန့်ပေါ့ဗျာ။ ဒါပေမယ့် သူတို့က ကျနော်တို့ကို ဘယ်သူမှ ရိုင်းရိုင်းပြပြ မဆက်ဆံပါဘူး။ ကောင်းကောင်းမွန်မွန် စောင်တွေဘာတွေနဲ့ ထားပါတယ်။
ရွှေဘိုထောင်မှာ ကိုတိုးလွင်ကိုလည်း ကျနော်တို့ ပြန်တွေ့တယ်။ စရိုက်လို့ ကျနော်တို့ကား ထွက်လာတဲ့ အချိန်မှာ သူက မှောက်ကျန်နေခဲ့တော့ သူ့ကို ကျနော်တို့က အသေဆိုပြီး တွက်ထားတာ ရွှေဘိုထောင် ရောက်မှ ပြန်တွေ့တာ။ သူကလည်း ခေါင်းတခေါင်းလုံး အရိုက်ခံထားရတာ ပွစိကို လန်နေတာပဲ။ အဲ့ဒီအချိန်အထိ သူ့ကို ဆေးကုမပေး ထားဘူး။
အဲ့ဒီမှာ ည ၂ နာရီလောက်မှာ ရွှေဘိုထောင်ကနေ ပြန်ထုတ်တယ်။ ပြန်ခါနီးမှ ကိုတိုးလွင်ကို ပတ်တီးတွေ စည်းပြီး ကျနော်တို့နဲ့ ပြန်ထည့်ပေးလိုက်တယ်။ ကျနော်တို့ထဲက မုံရွာက ကျောင်းသားလေး တယောက် ကိုတော့ သူတို့ရွှေဘိုထောင်မှာပဲ ထားခဲ့တယ်။ ကျနော်တို့ကို ခေါင်းစွပ်တွေ စွပ်ပြီး ကုန်ကားကြီးပေါ် တင်တယ်။ ကားပေါ်ရောက်တော့ မျက်နှာဖုံး ပြန်ချွတ်တယ်။ ကားပေါ်မှာ မတ်တပ်မရပ်ခိုင်းပေမယ့် ပတ်ဝန်းကျင်ကို မြင်ရတော့ တံတားဦးဘက် ရောက်နေတာ ကျနော်သိရတယ်။ အဲ့ဘက်ကရောက်နေကျ ဆိုတော့ ကျနော်က သိတယ်လေ။ နောက် ကျနော်တို့ကို မျက်နှာဖုံးပြန်စွပ်ပြီး နာမည်တွေခေါ်ပြီး လေယာဉ်ပေါ် တင်တယ်။
လေယာဉ်ပေါ်မှာ ကျနော်တို့က မျက်နှာဖုံးစွပ်တွေက မွန်းတယ်။ လေယာဉ်ပေါ်ကနေ ဘယ်မှလည်း ထွက်ပြေးလို့ မရပါဘူးလို့ တောင်းပန်တော့မှ မျက်နှာဖုံးစွပ်တွေ ချွတ်ပေးတယ်။ လေယာဉ်က ထိုင်ခုံတွေနဲ့ပဲ။ ဒီဘက်ထိုင်ခုံ နှစ်ခုံ ဟိုဘက်နှစ်ခုံ နှစ်တန်းပါတယ်။ လေယာဉ်မယ် ပါတယ်။ ဒီဘက်မှာ ကျနော်တို့ကို နှစ်ယောက်စီ ထားလိုက်တယ်။ ဟိုဘက်မှာက စစ် ထောက်လှမ်းရေးတွေ၊ ရဲထဲက SB တို့ ပါမယ်ထင်တယ်။ သူတို့လည်း နှစ်ယောက်စီ ထိုင်တယ်။ ကျနော်တို့ ၁၇ ယောက်ကို သူတို့ကလည်း ၁၇ ယောက် ပါတယ်။
၁ နာရီ၊ ၂ နာရီလောက် ကြာတော့ ခန္တီးကို ရောက်တယ်။ မိုးလင်းပြီ။ ခန္တီးထောင်မှာ ကျနော်တို့ နေဖို့ နေရာတွေချ တယ်။ မင်းတို့ကို ကောင်းကောင်းမွန်မွန် ကျွေးပါ့မယ် ဘာညာပြောပြီး ကျနော်တို့ကို ရွှေဘိုက ထည့်ပေးလိုက်တဲ့ အထုပ်လေးတွေတောင် သိမ်းသွားတယ်။ ကျနော် နေရတဲ့ အခန်းက ၃ ပေ၊ ၈ ပေ လောက် ရှိမယ်။ (ခန္တီးထောင်တွင် ကိုကျော်စိုးလင်း ကြံုတွေ့ ခဲ့ရသည်များမှာ စစ်အစိုးရလက်ထက် နိုင်ငံရေးအကျဉ်းသားများ ကြံုတွေ့ခဲ့ရသည့် အနေအထား များအတိုင်းဖြစ်၍ ချန်လှပ်ထားခဲ့ပါသည်။)
ခန္ဓီးထောင်မှာ ဘယ်လောက်နေခဲ့ရလဲ။
ခြောက်လ။
အဲ့ဒီခြောက်လက တရားခွင်တွေဘာတွေတင်၊ အမှုတွေဘာတွေ စစ်ပြီး ချုပ်တာလား။
တရားခွင် မတင်ဘူး။ ဒီလို မတရားချုပ်နှောင်တဲ့အပြင် မတရားဖမ်းဆီးမှုလို့လည်း ပြောရမှာပေါ့။ အဲ့ဒီမှာ ၁၅ ရက်လောက်က စစ်ကြောရေး ဝင်ခဲ့ရတယ်။ စစ်ကြောရေးကတော့ တကယ့် ဆိုးဆိုးဝါးဝါး ငရဲခန်းပါပဲ။
စစ်ကြောရေးမှာ အဓိက ဘာတွေစစ်လဲ။
အဓိကကတော့ ကျနော်တို့က စလုပ်တာပေါ့။ ကျနော်တို့က ရိုက်တယ်ဆိုတဲ့ အကြောင်းကို ထွက် ဆိုခိုင်းတာ။ ပထမ တကြိမ် လာစစ်လည်း ကျနော် အမှန်အတိုင်းပြောတယ်။ ဒုတိယ တကြိမ်၊ တတိယ အကြိမ်လဲ အဲ့ဒီအတိုင်းပဲ ထွက်တယ်။ ကျနော်တယောက်တည်းကို လူ ၄၊ ၅၊ ၆ ယောက် လောက်က ဝိုင်းစစ်တာ။ ဒီလူ ၄၊ ၅၊ ၆ ယောက်က လည်း အဲ့တာကိုပဲ မေးတယ်။ မနက်တခါ၊ နေ့လည်တခါ၊ ညဆိုလည်း ရ နာရီတခါ၊ ၁၂ နာရီတခါ အဲ့လို စစ်တယ်။
ဒီပဲယင်း ဖြစ်စဉ်ကို အိပ်မက်တွေ ပြန်မက်တာမျိုး၊ ပြန်ပြီး ခံစားနေရတာမျိုး ရှိလား။
ထောင်ထဲရောက်နေတဲ့ အချိန်တုန်းကတော့ နားထဲမှာ အဲ့အဖြစ်အပျက်တွေ ကြားနေရတာမျိုး ရှိတယ်။ ကျနော်က ဖြစ်တဲ့ နေရာမှာတုန်းက ဘာမှ မဖြစ်ခဲ့ဘူးလို့ ပြောလို့ရတယ်။ ထောင်ထဲ ရောက်မှ နှိပ်စက်ခံရတဲ့ အခါကျမှ မျက်လုံး တဘက် ထိလာတယ်။ မျက်လုံးက အားနည်း သွားတယ် ပြောရမှာပေါ့။ သွားတွေလည်း အခုထိ မကောင်းတော့ဘူး။ နားတွေလည်း သိပ် မကောင်းတော့ဘူး။ အဲ့တော့ ထောင်ထဲက အဖြစ်အပျက် တွေ အိပ်မက်လို ပြန်မက်တာတွေ ရှိတယ်။ အမြဲတမ်း အာရုံထဲမှာ ရောက်နေတာမျိုး ရှိပါတယ်။
အခုအချိန်အထိ ခံစားနေရတာကတော့ ဒီကိစ္စက အစိုးရတရပ်အနေနဲ့ လုပ်ကြံတယ်လို့ သိပေမယ့် ဘယ်သူက ဦးဆောင်ပြီးတော့ လုပ်သလဲ ဆိုတာကို။ တာဝန်ရှိတာတော့ အစိုးရမှာ တာဝန်ရှိတယ်။ အများကလည်း သိတဲ့ အနေအထားရှိတယ်။ ဒါပေမယ့် ဒီဥစ္စာကို ဘယ်သူက ဦးဆောင်ပြီးတော့ အကွက်ကျကျ စီစဉ်ပြီးတော့ လုပ်သလဲ ဆိုတာ အခုအချိန်အထိ မပေါ်ပေါက် သေးဘူး။ နောက်ပြီး လုပ်တဲ့သူတွေ ဘယ်နှစ်ယောက်၊ ဘယ်သူတွေဆိုတာ ကျနော်တို့ တိတိကျကျ ဖော်ထုတ်နိုင်စွမ်း မရှိသေးဘူး။
ကျနော့်စိတ်ထဲမှာ သူတို့ကို ပြန်ပြီး ထိခိုက်ပါစေ၊ နစ်နာပါစေ၊ ဟိုဟာဖြစ်ပါစေဆိုတဲ့ ဆန္ဒမရှိဘူး။ ဒါပေမယ့် အဖြစ်မှန် လေးကိုတော့ ပေါ်ပေါက်စေချင်တယ်။ တနေ့ထက် တနေ့တော့ အဲ့ဒီ ခံစားချက်လေးတော့ ရှိနေတာပေါ့နော်။
ခန္တီးကနေ ပြန်လွတ်လာပြီး နောက်ပိုင်း အန်တီနဲ့ ဘယ်နှစ်ခါ ပြန်တွေ့ဖြစ်လဲ။
အန်တီ ၂ဝ၁ဝ နေအိမ်အကျယ်ချုပ်က လွတ်ပြီးတော့မှပဲ ကျနော်သွားပြန်တွေ့ဖြစ်တယ်။ အခုဆို ရ ကြိမ်လောက် တော့ တွေ့ပြီးပါပြီ။
အန်တီနဲ့ အဲ့ဒီတုန်းက အခြေအနေတွေ ပြန်ပြောဖြစ်လား။ အကို့ ပါဝင်မှုနဲ့ ပတ်သတ်ပြီး အန်တီက ဘာပြောသေး လဲ။
စစတွေ့ချင်းတုန်းက အန်တီက အချိန်သိပ်မရဘူး။ ထွက်လာကာစဆိုတော့ သတင်းယူတဲ့သူတွေ၊ တွေ့ချင်တဲ့ သံအမတ်တွေ၊ သံတမန်တွေ များနေပေမယ့် ကျနော့်ကို အန်တီက တော်တော်လေး အချိန်ပေး စကားပြောဖြစ်ပါ တယ်။ စစတွေ့တဲ့ အချိန်မှာ မြန်မာ့နိုင်ငံရေးဖြစ်စဉ် အခြေအနေပေါ့။ ဒါတွေကိုပဲ အဓိက ကျနော်တို့ ပြောဖြစ်ပါ တယ်။ နောက် ကျနော့်ကို ကျေးဇူးတင်တဲ့ အကြောင်းလည်း ပြောပါတယ်။ ကျနော်က ရှေ့နေတယောက် ဖြစ်နေတယ် ဆိုတော့ ရှေ့နေနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေလည်း ပြောဖြစ်ပါတယ်။
အခု အခြေအနေတွေ ပြောင်းနေပြီ။ အန်တီလည်း လွှတ်တော်ထဲရောက်သွားပြီ။ ဆိုတော့ တချိန်က အန်တီနဲ့ အသက်အန္တရာယ် အတူကြံုခဲ့ဖူးတဲ့သူ အနေနဲ့ ဒီအနေအထားပေါ်မှာ ဘယ်လိုထင်လဲ။
အန်တီက လွှတ်တော်ထဲရောက်သွားပြီ။ အစိုးရနဲ့ အတိုက် အခံနဲ့ ပေါင်းပြီးအလုပ်လုပ်ရမယ်ဆိုတဲ့ အချိန်ရောက်သွား တော့ အန်တီလည်း ပိုပြီး တာဝန်တွေ ကြီးလာတယ်လို့ ခံစားရတယ်။ ဖြစ်တဲ့ ပြဿနာတွေ အားလုံး အန်တီ့ဆီကို တိုက်ရိုက် တိုင်တည်လာကြတယ်။ အရင်က မတိုင်တည်ရဲ ကြဘူး။ အခုလွှတ်တော်ထဲ ရောက်ပြီဆိုတော့ အန်တီ့ကို ခေါင်းတည်ပြီး တိုင်တည်လာတာတွေ ရှိလာ တယ်။ ရောက်လာတဲ့ ပြဿနာ တွေကို အန်တီကဖြေရှင်းပေးရတဲ့အပြင် တိုင်းပြည်ရဲ့ အပြောင်းအလဲ အတွက်လည်း ဖြေရှင်းနေရတော့ အန်တီ့အနေနဲ့ တာဝန်တွေ ပိုများလာတယ်လို့ ခံစားရပါတယ်။
သူတို့ကို အပြစ်ပေးတာ မပေးတာအပေါ်မှာ ကျနော်တို့ ဘာဆန္ဒမှ မရှိပါဘူး။ အဖြစ်မှန်လေးကို ပေါ်လွင် စေချင်တာပေါ့ဗျာ။ နောင်သမိုင်း ကျရင် ဒါဘယ်လိုက ဘယ်လိုဖြစ်တယ်၊ ဘယ်သူတွေ စီစဉ်ခဲ့လို့ ဘယ်လိုတွေ ဖြစ်တယ် ဆိုတာကို သမိုင်းကြောင်းမှာ တရားဝင် ပေါ်သွား စေချင်တဲ့ ဆန္ဒရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အတွက် နောက်ထပ် အဲ့လို အနီးကပ်တာဝန် ယူပေးချင်သေးလား။
အန်တီလွတ်ပြီးတော့ ကျနော်က ပြောပါတယ်။ အန်တီ လိုအပ်ရင် ဘယ်အချိန်ဖြစ်ဖြစ် ခေါ်ပါခိုင်းပါ ဆိုတော့ အန်တီ က ကျနော့်မှာက မိန်းမနဲ့ ကလေးနဲ့ မိသားစုနဲ့ ဖြစ်ဆိုတော့ မိသားစုကို ဂရုစိုက်ဖို့ လိုတယ်ပေါ့။ နောက် ရှေ့နေ အနေနဲ့ကော တခြားလုပ်နိုင်တာတွေ ရှိသေးတယ်ပေါ့ အဲ့လို ပြောပါတယ်။
ဒီပဲယင်းကိစ္စလို ဖြစ်ပြီးခဲ့တာတွေ ပြန်ဖော်တာ ဒီမိုကရေစီကူးပြောင်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြား စေ့ရေးကို ထိခိုက်နိုင်တယ်လို့ ပြောတာတွေလည်း ရှိတယ်။ ဒီအပေါ်မှာကော ဘယ်လိုထင်လဲ။
ဒီဖြစ်ရပ်လေးက သမိုင်းပေါ့ဗျာ။ သမိုင်းအဖြစ်မှန်ပေါ့။ အခု ကျနော်တို့ကို လုပ်တဲ့သူတွေ အားလုံးက တော်တော်များ များက သက်ရှိထင်ရှား ရှိနေကြတုန်းပဲ။ သူတို့ကိုယ် သူတို့ပေါ့ဗျာ “ဟာ… ကျနော်တို့က အဲ့တုန်းက အဲ့လို ဖြစ်ခဲ့တယ်၊ အခုတော့ ကျနော်တို့က ပြောင်းလဲချင်ပြီ” ဆိုတာမျိုးပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ သူတို့ကို အပြစ်ပေးတာ မပေးတာအပေါ်မှာ ကျနော်တို့ ဘာဆန္ဒမှ မရှိပါဘူး။ အဖြစ်မှန်လေးကို ပေါ်လွင်စေချင် တာပေါ့ဗျာ။ နောင်သမိုင်းကြရင် ဒါဘယ်လိုက ဘယ်လိုဖြစ်တယ်၊ ဘယ်သူတွေ စီစဉ်ခဲ့လို့ ဘယ်လိုတွေ ဖြစ်တယ်ဆိုတာကို သမိုင်းကြောင်းမှာ တရားဝင် ပေါ်သွားစေချင်တဲ့ ဆန္ဒရှိပါတယ်။
ဒီပဲယင်းဖြစ်စဉ်မှာ ရိုက်ကြနှက်ကြနဲ့ ငရဲပွက်နေတဲ့အချိန် မှတ်မှတ်ရရ အဖြစ်ဆုံး အပြုအမူ ဒါမှမဟုတ် စကားလုံးက ဘာဖြစ်မလဲ။
စွဲစွဲမြဲမြဲ သတိထားမိတာက ကျနော့်အရှေ့မှာ ပြောကြဆိုကြတဲ့အချိန်မှာ “ဒါ ဒေါ်အောင်ဆန်းစုကြည် ကားနော်၊ မင်းတို့ သမိုင်းဝင်သွားမယ်” ဆိုပြီး ပြောတဲ့အချိန် သူတို့ ခဏတုန့်သွားတယ်။ နောက်ပြီးမှ “ဟာ.. ဘာပဲဖြစ်ဖြစ် ချကွာ၊ ရိုက်ရိုက်” ဆိုပြီး ဝင်ရိုက်တဲ့ အဖြစ်ကတော့ ကျနော့် စိတ်ထဲမှာ ထင်ကျန်နေတုန်းပဲ။