ချင်းမိုင်(မဇ္စျိမ) ။ ။ သမ္မတ ဦးသိန်းစိန်က ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်းကြီးရပ်ဆိုင်း ထားမည်ဟု ဆိုသော် လည်း တရုတ် စွမ်းအင် ရင်းနှီးမြှုပ်နှံရေး ကော်ပိုရေးရှင်း CPI ကို နစ်နာမှု ဆုံးရှုံးမှုများအတွက် တရားစွဲဆိုမည်ဟု အမျိုး သားဒီမိုကရေစီ အင်အားစု NDF ပါတီဝင် ဒေါ်ဘောက်ဂျာက ပြောသည်။
ဒေါ်ဘောက်ဂျာသည် ကချင်ပြည်နယ် အပါအဝင် ဧရာဝတီမြစ်ကြောင်း တလျှောက်ရှိ တိုင်းနှင့် ပြည်နယ်များရှိပြည်သူများထံ မြစ်ဆုံရေကာတာ တည်ဆောက်မှု ရပ်ဆိုင်းရေး ကန့်ကွက် လက်မှတ်များ လိုက်လံ ကောက်ယူနေသူ ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်မှ သူ၏ အစိုးရ သက်တမ်းအတွင်း အဆိုပါ မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ရပ်တန့်ထားမည် ဆိုသည့်အပေါ် ဒေါ်ဘောက်ဂျာ၏ အမြင်ကို တင်ပြပေးထားခြင်းဖြစ်သည်။
သမ္မတ ဦးသိန်းစိန်က ရေကာတာ တည်ဆောက်တာကို ရပ်ဆိုင်းထားမယ်ဆိုတဲ့အပေါ်မှာ ဘယ်လို သဘောရလဲ။
“ခဏ ရပ်ဆိုင်းတာကတော့ သိပ်မသေချာဘူးပေါ့နော်။ ပြည်သူတွေရဲ့ ဆူပူလာမှာကြောက်လို့ ခဏလည်း ငြိမ်ပေး လိုက်တဲ့ သဘောဖြစ်နေတယ်။ ဒါဆို အပြီး မလုပ်တော့ဘူးဆိုပြီးတော့ ပြောမှမပြောတာ။ နောက်လည်း မလုပ်ဖို့ လိုတာပေါ့နော်။”
“အန်တီအနေနဲ့ ဒီရေကာတာ တည်ဆောက်မှုနဲ့ ပတ်သက်လို့ ဘယ်လို ဆက်ဖြစ်ချင်လဲ။”
“အန်တီတို့က ဒီရေကာတာက တရုတ်တွေ အပြီးသတ် ဆက်မဆောက်ဖို့ဘဲ လိုအပ်တယ်။ ပြည်သူတွေက ခဏလည်း ငြိမ်အောင်လုပ်တဲ ့ပုံစံကတော့ ဒါကတော့ ကလေးတွေကို မုန့်ကျွေးပြီးတော့ ခဏလေး ငြိမ်ခိုင်းထားတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ရင်အေးရတာမျိုး မရှိဘူးပေါ့လေ။ ခဏလေး ငြိမ်းခိုင်းထားတယ် ဆိုပြီးတော့ လုပ်ထားတာနဲ့ ပြည်သူတွေက စိတ်ချမ်းသာမှာ မဟုတ်ဘူး။ ရင်တမမနဲ့ ဘယ်တော့ပြန်စ မလဲပေါ့နော်။ ဒါတွေကိုဘဲ စိုးရိမ်နေရမှာဘဲ။ တကယ်တမ်း ပြည်သူတွေရဲ ကောင်းကျိုးကိုလိုလားတယ် ဆိုရင်တော့ ဒါကို အပြီးသတ်လုံးဝ မလုပ်တော့ဘူး၊ ဒီတရုတ်က ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ပုံစံမျိုးဖြစ် လို့ရှိရင်တော့ ပြည်သူတွေလည်း ကျေနပ်တာပေါ့လေ။”
မြန်မာအစိုးရက တရုတ်အစိုးရနဲ့ သဘောတူညီမှု စာချုပ်ချုပ်ကို ဖျက်လိုက်မယ် ဆိုရင်ရော ဘယ်လို ဖြစ်လာနိုင်မလဲ။
“တရုတ်နဲ့ စာချုပ်ချုပ်တာတွေကတော့ တရုတ်ကတော့ လျော်ကြေးတောင်းရင် တောင်းမှာပေါ့။ အစိုးရဘက်ကနေ ဖျက်သိမ်းတယ်ဆိုရင်တော့ နစ်နာကြေးတွေ၊ လျော်ကြေးတွေ တောင်းလာမှာပေါ့။”
မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းရေး လှုပ်ရှားမှုကိုရော ရပ်ဆိုင်းထားမှာလား။
“ဆက်လုပ်မှာပါ။ မရပ်မချင်းတော့ လုပ်နေမှာပါ။ အန်တီတို့ကတော့ စီပီအိုင် CPI တရုတ် ကုမ္ပဏီကိုတော့ ဆက်ပြီးတော့ တရားစွဲမှာပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီဒေသမှာ ရှိတာတွေ ပျက်ဆီး၊ ဆုံးရှုံးသွားတယ်။ နောက်နောင်လည်း ဆက်မလုပ်ဖို့ ရန်အတွက် တရားဆက်စွဲမှာပါ။”
ဒါပေမဲ့ ပြည်သူတွေ အားလုံးက ဒီရေကာတာ စီမံကိန်းကြီး ရပ်ဆိုင်းဖို့ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှား လာပြီးနောက် ခုလို သမ္မတ ဦးသိန်းစိန်က ထုတ်ပြန်လိုက်တဲ့အပေါ် ဝမ်းသာလို့ မရနိုင်ဘူးလား။
“ခဏလေးရပ်ထားတာက မပျော်နိုင်ဘူး။ အပြီး လုံးဝ ဖျက်သိမ်းလိုက်တယ်ဆိုရင် အတိုင်းထက် အလွန် ပျော်တယ်ပေါ့လေ။ ခုက ခဏရပ်ထားတယ် ဆိုတာက ပိုပြီးတောင် ရင်မောစရာဖြစ်လာတယ်။တကယ် ဟုတ် မဟုတ် ဆိုတာလည်း မသေချာဘူး။ တဘက်မှာ အဲဒီလို ပြောထားပြီးတော့ တဘက်မှာက လုပ် ကောင်းလုပ်နေမယ်။ တဘက်မှာက လုပ်ကောင်းဆက်လုပ်နေမယ်။ တဘက်က ဘယ်လို ဆက်ပြီး ညှိနှိုင်းမယ်ဆိုတာ မပြောနိုင်ဘူး။ ဒီမြစ်ဆုံဘဲမကဘူး။ ဧရာဝတီမြစ် တလျှောက်မှာ ဘယ်နေရာမှ ဆည်ဆောက်တာ မလိုချင်ဘူး။ သူတို့က ဘယ်တော့မှ ပြည်သူတွေ ကျေနပ်အောင် လုပ်တာမှမဟုတ်တာ။ ကွေ့ကောက်ပြီးတော့ လုပ်နေတဲ့ အခါကျတော့ပြည်သူတွေ ယုံရ ခက်ခက်ဖြစ်နေတယ်။”
ဒါဆိုရင် ယုံဖို့ခက်တယ်ဆိုတာကို သက်သေပြနိုင်ဖို့ ဖြစ်ရပ်တခုက ဘာဖြစ်မလဲ။
“အခုဆိုရင် တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးကို အကောင်းဆုံး ဖြစ်အောင် လုပ်မယ်လုပ်မယ်နဲ့ ပြောနေပေမဲ့ တဘက်က တိုက်ပွဲ အကြီးအကျယ် တိုက်နေတယ်ဆိုတာက အဲဒါကို ကြည့်ခြင်းအားဖြင့် ဘာလဲဆိုတာပေါ်လွင်နေတာပေါ့နော်။ အကုန်လုံးဆူလာမှာ စိုးလို့လည်း အဲဒီလို လုပ်လိုက်တာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်”