ဆဲဗင်းဇူလိုင်ကို ဖြတ်သန်းခဲ့သူများ ပြန်ပြောင်း ပြောပြပုံက

ဆဲဗင်းဇူလိုင်ကို ဖြတ်သန်းခဲ့သူများ ပြန်ပြောင်း ပြောပြပုံက
by -
ကိုဝိုင်း

(အင်တာဗျူး) ကွယ်လွန်လေပြီးသော အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်း အစိုးရလက်ထက် ရန်ကုန်တက္ကသိုလ် ကျောင်းသားဆန္ဒပြမှုကို စစ်တပ်ဖြင့် ပစ်ခတ်ဖြိုခွင်းပြီး ကျောင်းသားသမဂ္ဂ အဆောက်အအုံအား ဒိုင်းနမိုက်ဖြင့် ဖြိုခွင်းခဲ့မှု ဇူလိုင် ရ ရက်၊ ၁၉၆၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည်။

ချင်းမိုင် (မဇ္ဈိမ) ။        ။ ကွယ်လွန်လေပြီးသော အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်း အစိုးရလက်ထက် ရန်ကုန်တက္ကသိုလ် ကျောင်းသားဆန္ဒပြမှုကို စစ်တပ်ဖြင့် ပစ်ခတ်ဖြိုခွင်းပြီး ကျောင်းသားသမဂ္ဂ အဆောက်အအုံအား ဒိုင်းနမိုက်ဖြင့် ဖြိုခွင်းခဲ့မှု ဇူလိုင် ရ ရက်၊ ၁၉၆၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည်။

လူအသေအပျောက်ရှိကာ ၄၉ နှစ် ကြာခဲ့ပြီဖြစ်သော ဆဲဗင်းဇူလိုင်ဟု ခေါ်တွင်သည့် အဖြစ်အပျက်နှင့် နိုင်ငံရေး နောက်ခံအား ထိုခေတ်ကို ဖြတ်သန်းခဲ့ကြကာ ထိုစဉ်က အရှေ့တောင်ပိုင်း ဒုတိုင်းမှူးနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်ပြီး၊ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ထိုစဉ်က ကြေးမုံ သတင်းစာအယ်ဒီတာ ဦးဝင်းတင်နှင့် မန္တလေးတက္ကသိုလ် ကျောင်းသားဟောင်း ဦးလမာဂွမ်ဖန်းတို့ကို မဇ္စျိမက မေးမြန်းထားပါသည်။
july-7
ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးတင်ဦး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ)

သမိုင်းဆရာမကြီးကတဲ့ သမိုင်းအကြောင်း တွေနဲ့ပတ်သက်လို့ မှန်မှန်ကန်ကန်ဖြစ်ဖို့ ပြောရင်းနဲ့ ကျောင်းသား တွေ ပစ်တာခတ်တာနဲ့ ရောသမဂ္ဂကို ခွဲတာရော အားလုံးကတော့ ဗိုလ်ချုပ်ကြီးနေဝင်းပဲ တာဝန်ရှိတယ်လို့ ပြောကြတယ်လို့ ပြောလိုက်တော့ အဲဒီမှာသူက ဝုန်းကနဲ့ ထလိုက်ပြီးတော့ ကျောင်းသား သမဂ္ဂ ဖျက်တာ ငါမဟုတ်ဘူး အောင်ကြီးလို့ ပြောတယ်တဲ့

“အဆောက်အအုံ ကွဲပြီးတဲ့နောက်ပိုင်းမှာ ဦးနေဝင်းကတပ်မှူးကြီးတွေကို ခေါ်တယ်။ ကျနော်လည်း ဒုတိုင်းမှူးဆိုတော့ သွားရတယ်။ ဦးနေဝင်းပြောတဲ့ စကားက ဒါနဲ့ပတ်သက်တာ အားလုံးကို သူတာဝန်ယူ တယ်။ ပစ်တာ ခတ်တာရော သမဂ္ဂကြီးကို ခွဲလိုက်တာရော သူတာဝန်ယူတယ်လို့ ပြောတယ်။ ဆက်လုပ်ရမယ့် အစီအစဉ်တွေ ကိုလည်း ညွှန်ကြားတယ်။ အဲဒီညပိုင်းမှာပဲ ဓားဓားချင်း လှံလှံချင်း မိန့်ခွန်းချွေတာလည်း ကြားလိုက်မိတယ်”

“ဒါပေမယ်လို့ ကျနော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတယ်။ သူကလည်း ဥက္ကဋ္ဌကြီး ဖြစ်လာတယ်၊ သမ္မတကြီး ဖြစ်လာတယ်။ တနေ့ ပုဂံကို သူ့ဇနီး ဒေါ်နီနီမြင့်က သမိုင်းဆရာမလေးကိုး။ သမိုင်းသုတေသီ ဆရာမကြီးက သုတေသီလုပ်ရင်း သွားချင်တော့ ဦးနေဝင်း၊ သူ့ဇနီးတို့နဲ့ သွားတယ်ပေါ့။ အဲဒီသွားတဲ့ ည ၈ နာရီ၊ ၉ နာရီလောက်မှာပဲ ကျနော့်ဆီကို ကြေးနန်းရတယ်။ မနက်ဖြန်မနက် အစောကြီး လေယာဉ်ပျံ ရောက်အောင် လွှတ်လိုက်၊ အကုန် ပြန်လာမယ်ပေါ့။ ကျနော့်ကိုယ်စား လိုက်သွားတာက ဗိုလ်မှူးချုပ် ကျော်ထင်ပေါ့။ သူက ဒုကာကွယ်ရေး ဦးစီးချုပ်ပေါ့။ သူ့ကို မေးကြည့်တော့ သမိုင်းဆရာမကြီးကတဲ့ သမိုင်းအကြောင်းတွေနဲ့ ပတ်သက်လို့ မှန်မှန်ကန်ကန်ဖြစ်ဖို့ ပြောရင်းနဲ့ ကျောင်းသားတွေပစ်တာခတ်တာ နဲ့ရော သမဂ္ဂကို ခွဲတာရော အားလုံးကတော့ ဗိုလ်ချုပ်ကြီးနေဝင်းပဲ တာဝန်ရှိတယ်လို့ ပြောကြတယ်လို့ ပြောလိုက်တော့ အဲဒီမှာသူက ဝုန်းကနဲ ထလိုက်ပြီးတော့ ကျောင်းသားသမဂ္ဂ ဖျက်တာ ငါမဟုတ်ဘူး အောင်ကြီးလို့ ပြောတယ်တဲ့”

တပ်ထဲမှာတော့ ဒါနဲ့ပတ်သက်တာ သဘော ကတော့ ဒါဟာတောထဲက အင်အားစုတွေ မြှောက်ပေးလို့ပြုလို့ ဒီလိုဟာတွေကတော့ ပြောတာ ဆိုတာရှိတယ်။ သူတို့ ဆိုက်ဝါးပေါ့ လုပ်တာရှိတာပေါ့။

“ပြန်လာပြီးတော့ ဘာမှမကြာဘူး ဦးနေဝင်းက တိုင်းမှူး လူကြီးတွေကို အစည်းအဝေး ခေါ်တယ်။ပုဂံသွား တာ ပြန်ပြောရင်းနဲ့ ငါမဟုတ်ဘူး၊ အောင်ကြီးလို့ စပြောရင်းနဲ့ အဲဒီမှာ ပါဝင်တဲ့လူတွေ အားလုံးကို မင်းတို့ ဟိုတုန်းက လုပ်ခဲ့တာကို မှတ်တမ်းတွေရေးပေါ့နော်။ ရေးရတဲ့လူတွေက ဗိုလ်မှူးကြီးကျော်စိုး၊ဗိုလ်မှူးကြီး သန်းစိန်၊ ဆရာလှဟန်၊ ဗိုလ်မှူးကြီးမင်းသိန်း၊ ကိုထွန်းရီ၊ ကိုစိန်လွင်တို့ပါတယ်။ ဘယ်လာအခြေအနေ မှန်ကို ရေးလို့ရတော့မလည်း”

“တပ်ထဲမှာတော့ ဒါနဲ့ ပတ်သက်တာ သဘောကတော့ ဒါဟာတောထဲက အင်အားစုတွေ မြှောက်ပေး လို့ပြုလို့ ဒီလိုဟာတွေကတော့ ပြောတာဆိုတာရှိတယ်။ သူတို့ ဆိုက်ဝါးပေါ့ လုပ်တာရှိတာပေါ့။လက်နက် ကိုင် သောင်းကျန်းသူဆိုတော့ ဘယ်သူရယ်လို့တော့ မဟုတ်ဘူး။ နိုင်ငံရေး ပယောဂပါတယ်ပေါ့။တာဝန် ပေးတဲ့ ပုဂ္ဂိုလ်တွေကိုလည်း အဲဒီလိုပဲ ညွှန်ကြားဆောင်ရွက်တာ ဖြစ်မှာပေါ့”

“တောထဲက အင်အားစုတွေကတော့ ကျောင်းသားတွေကို နှိပ်ကွက်တာကို အများကြီး ရှုတ်ချတာပေါ့။ မမှန်ကန်တဲ့ အကြောင်းတွေ ကြေညာချက်ထုတ်တာ ရှိပါတယ်။ သေဆုံးတာ ကျောင်းသားတွေကတော့ ဘယ်နှယောက်လည်း သေချာမပြောတတ်ဘူး။ ကျနော် ရန်ကုန်မှာ ရှိနေတယ် အများအပြား သေတာပဲဗျာ”

“အဲဒီနောက်ပိုင်း တပ်ထဲမှာ ဘာမှပြောတာဆိုတာ မကြားဘူး။ သို့သော်လည်း အပြင်မှာကျောင်းသား လောကမှာဒါနဲ့ ပတ်သက်တာက မငြိမ်ဘူးပေါ့လေ။ မခံမရပ်နိုင်ဖြစ်ပြီး နေခဲ့တာတွေကတောက်လျှောက်ပါ ပဲ။ ”

ဦးဝင်းတင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်)

၆၂ အာဏာသိမ်းတက်လာတာနဲ့ တဆက်ထဲ ပေါ်လာတဲ့ဟာပေါ့။ အဲဒီပေါ်လာမှုဟာလူထုရဲ့ စစ်အစိုးရ ဆန့်ကျင်မှုနဲ့ တဆက်ထဲ ဖြစ်သွားတယ်။

“ကျနော်က ရန်ကုန်မှာ မရှိဘူး။ ၁၉၆၂ မတ်လ ၂ ရက်မတိုင်မီအင်ဒိုနီးရှား ဖိလစ်ပိုင် သတင်းစာရှင်းပွဲ တက်နေရာမှ ဧပြီမှာ ပြန်လာတယ်။ မေလလောက်မှာ ရုရှနဲ့ ဥရောပခရီးများ ထွက်နေတာ။ကျောင်းသား ခေါင်းဆောင်တွေနဲ့ ရင်းနှီးပါတယ်။ ကျနော်ပြန်လာတော့ ကိုဗဆွေလေးတို့လည်း တောထဲရောက်ဘာ ရောက် ဖြစ်ကုန်ကျပြီ။ သို့သော် ကျနော် စုံစမ်းလို့ သိရသလောက်ပေါ့ဗျာ”

“ကွန်မြူနစ်ကလည်း ၆၂ ခုနှစ်လောက်မှာ တော်တော်အားကောင်းတဲ့ အနေအထား ရောက်ခဲ့တယ်။ ပထစအစိုးရ ပြုတ်သွားတဲ့ အချိန်လောက်မှာ စစ်တပ်သြဇာ ကြီးလာသလို ကွန်မြူနစ်လှုပ်ရှားမှုကလည်း ကြီးမားကျယ်ပြန့်လာတယ်။ ကွန်မြူနစ်သူပုန်တွေရဲ့ ထိုးဖောက်မှုကလည်း ကျောင်းသား လောက၊ အလုပ်သမား လောက၊ စာပေလောကမှာ စိမ့်ဝင်နိုင်တယ်။ ဦးနေဝင်းက ကွန်မြူနစ်တွေဟာကျောင်းသား ထဲကို ထိုးဝင်နေပြီ။ ကျောင်းသား သမဂ္ဂ ဆိုတာလည်း ကွန်မြူနစ်တွေ အားထားရာ၊ အသံထွက်ရာ၊ မျိုးဆက်သစ်တွေ မွေးထုတ်ရာဆိုပြီး သတ်မှတ်တဲ့အခါကျတော့ အရေးကြီးဆုံး ရန်သူဖြစ်လာတာပေါ့ဗျာ။ အဲဒါကြောင့် တကသကို အဓိကထား ဖြိုခွဲတာပေါ့ဗျာ”

“ဒီ ရ နှစ်လုံး လှုပ်ရှားမှုဟာ စစ်အာဏာရှင်တွေခေတ်မှာ ဒါ အစောဆုံးဟာလို့ ပြောရမှာပေါ့။ ၆၂အာဏာ သိမ်း တက်လာတာနဲ့ တဆက်ထဲပေါ်လာတဲ့ဟာပေါ့။ အဲဒီပေါ်လာမှုဟာလူထုရဲ့ စစ်အစိုးရ ဆန့်ကျင်မှုနဲ့ တဆက်ထဲ ဖြစ်သွားတယ်။ နှစ်တိုင်းလိုလို ကျောင်းသားလှုပ်ရှားမှု ပေါ်လာတယ်။ ကျောင်းသားတွေမှာ ရည်မှန်းချက်ဆိုတာ တော်တော်ကို ခိုင်ခိုင်မာမာရှိတယ်။ လှုပ်ရှားမှုတွေ ကြားထဲမှာ ကျောင်းသား ခေါင်းဆောင်တွေ ဆက်တိုက်ကို ဖြစ်သွားတာ။ ရ နှစ်လုံးကနေ စလိုက်တာ ရှစ်လေးလုံးကအထွတ်အထိပ် ဖြစ်သွားတာ”

ဦးလမာဂွမ်ဖန်း (KIO ဗဟိုကော်မတီဝင်)

“အဲဒီတုန်းက အန်ကယ်က မန်းတက္ကသိုလ်မှာ ဥပစာ ဒုတိယနှစ် တက်နေတာ။ ရန်ကုန် တက္ကသိုလ်မှာ ပြဿနာ ဖြစ်တယ်ဆိုတာ တို့မန္တလေးတက္ကသိုလ်မှာလည်း သတင်းရတယ်လေ။ အဲဒီညမှာ ကျောင်းသား သမဂ္ဂ ကော်မတီ စည်းဝေးကြတယ်။ နောက်နေ့မှ ထွက်ပြီး ဆန္ဒပြဖို့ ဆွေးနွေး ကြတယ်။ နောက်နေ့မနက် ထပြီးကြည့်တော့ မန်းတက္ကသိုလ်ကို ရက်အကန့်အသတ်မရှိ ပိတ်ပစ်လိုက်ပြီဖြစ်ကြောင်းလူထုသတင်းစာမှာ လည်း ပါလာတယ်။

တိုင်းရင်းသားတို့၊လူမျိုးစုတို့ဘာတို့ ကျောင်းသား ဘဝမှာ ဒါလောက်ရှိဘူးလေ။ ကျောင်းသားဆို ဘယ်ကျောင်းသားဖြစ်ဖြစ် ညီအကိုပဲလေ။

ကျောင်းအဆောင်တွေမှာ သွားကြည့်ရင်လည်း သော့အကြီးကြီးတွေ ခတ်ထားလိုက်တယ်လေ။ ဆန္ဒပြဖို့ မလုပ်ဖြစ်လိုက်ဘူး။ ဇူလိုင် ၈ ရက်၊ ၉ ရက်အချိန်ပေါ့။ ဆန္ဒပြကျောင်းသားတွေကိုပစ်ကြခတ်ကြတယ်ဆို ပြီးမှ ကြားတာပေါ့။ အန်ကယ်က သမဂ္ဂကော်မတီမှာတော့ မပါဘူး။ အစည်းအဝေး သွားနားထောင်တယ်။
 ကျောင်းသားတွေ အားလုံး အိမ်ပြန်ကြတော့ ဘာမှမဖြစ်တော့ဘူးပေါ့”

“တိုင်းရင်းသားတို့၊ လူမျိုးစုတို့ဘာတို့ ကျောင်းသားဘဝမှာ ဒါလောက်ရှိဘူးလေ။ ကျောင်းသားဆိုဘယ် ကျောင်းသား ဖြစ်ဖြစ် ညီအကိုပဲလေ။ အချင်းချင်းခွဲခြားတာ မရှိဘူးပေါ့။ KIA, KIO တော့ပေါ်ပေါက်ပြီ လေ။ အဲဒီတုန်းက တောထဲမှာပဲ စခန်းတွေ ရှိတယ်ဆိုတော့ ဒီလောက် မြို့ကြီးပြကြီးမှာတော့ ဆက်စပ်မှု သိပ်မရှိဘူးပေါ့”

Most read this week