နယူးဒေလီ (မဇ္စျိမ)။ ။ သံချပ်မရှိလျှင် သင်္ကြန်ရှိမည် မဟုတ်ဟူ၍ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် သံချပ်တင်ဆက်မှု၌ အဖွဲ့ခေါင်းဆောင်အဖြစ် လှုပ်ရှားခဲ့ဖူးသူ စွယ်စုံအနုပညာရှင် ဗေလုဝ ပြောဆိုသည်။
၁၉၇၄ ခုနှစ်မှစ၍ မြန်မာ့ရိုးရာ ရန်ကုုန် အတာသင်္ကြန် သံချပ်ထိုးပြိုင်ပွဲများ၌ သူ၏ “မောင်မောင်ဆိုလေ ထီးရိုးရှည်” သံချပ်အဖွဲ့ ယှဉ်ပြိုင်ခဲ့ရာ ပထမဆုအပါအဝင် ဆုတံဆိပ်များ ရရှိခဲ့သေးသည်။ အကိုဖြစ်သူ မောင်မောင်နေဝင်း (ခ) ဂန္ထဝင်မောင်ဝိုင်း အကျဉ်းကျစဉ် ဗေလုဝက သံချပ်အဖွဲ့ခေါင်းဆောင် ဖြစ်လာခဲ့သည်။
ဗေလုဝ (ခ) ဦးမောင်မောင်မြင့်အောင်သည် ၁၉၈၈ နောက်ပိုင်းတွင် ကက်ဆက်ဇာတ်လမ်းခွေများ၌ ဒါရိုက်တာ၊ ဗီဒီယိုဇာတ်ညွှန်းရေးဆရာအဖြစ် လုပ်ကိုင်လာခဲ့သည်။ ဗီဒီယိုဒါရိုက်တာအဖြစ် “မယားပါ ဆွေမျိုးများ” မှ စတင်ခဲ့သည်။ သူ၏ သရုပ်ဆောင်မှုအပေါ် ပရိသတ်များ တသောသောပွဲကျခဲ့သည့် ရုပ်ရှင်ဇာတ်ကားကြီးမှာ စာရေးဆရာ အကြည်တော် ရေးသားပြီး၊ ဒါရိုက်တာ မီးပွားရိုက်ကူးသည့် “ဘီလူး” ဇာတ်ကား ဖြစ်သည်။
သူ၏ တခေတ်တခါမှစ၍ ယနေ့အထိ အစိုးရအဆက်ဆက်အနေဖြင့် မလိုမလား ဖြစ်ခဲ့ကြသော သံချပ်အပေါ် သဘောထား၊ သံချပ်နှင့်အတူ ဖြတ်သန်းမှု၊ တင်ပြချင်သည့် သံချပ်အပိုင်းအစများ၊ မှေးမှိန်လာသည့် သံချပ် ထုတ်ဖော်မှုများအပေါ် သူ၏ ရင်ဘတ်အသံများကို မဇ္စျိမသတင်းထောက် ထွန်းထွန်းက မေးမြန်းထားပါသည်။
ဦးဗေအနေနဲ့ သင်္ကြန်မှာ သံချပ်တွေ လုပ်ဖူးတယ်။ ခေါင်းဆောင်အနေနဲ့လည်း ပါ၀င်ခဲ့ဖူးတယ်လို့ သိရတယ်။ ဒီတော့ ဘယ်တုန်းကစပြီး လုပ်ဖြစ်ခဲ့တာလဲ။
“ကျနော်က “မောင်မောင်ဆိုလေ ထီးရိုးရှည်” မှာ သရုပ်ဆောင်ပေါ့နော်။ အဲဒါ ကြာပါပြီ။ သရုပ်ဆောင်ကနေပြီးတော့ သူ (မောင်မောင်နေဝင်း (ခ) ဂန္ထဝင်မောင်ဝိုင်း) သူ မထုတ်တော့တဲ့အချိန်မှာ ကျနော် ခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။ ကျနော်ထင်တယ်၊ သူငယ်ချင်းတွေနဲ့ စုပေါင်းပြီးတော့ ထွက်ရတာပေါ့။ ခုနှစ်ကတော့ ၁၉၇၄ လောက်က ဖြစ်လိမ့်မယ်”
သင်္ကြန်သံချပ်တွေမှာ ဦးဗေအနေနဲ့ ဘယ်လိုအခန်းကဏ္ဍကနေ ဝင်ပါခဲ့သလဲ။
“အဲဒီမှာတော့ ခေါင်းဆောင်အနေနဲ့ စွယ်စုံဆိုပြီးတော့ ပြိုင်တာပဲ။ ဒါပေမဲ့ စွယ်စုံတော့ မရခဲ့ပါဘူး။ သံချပ်လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ တိုင်ပေါ့။ သံချပ်အတိုင်ပေါ့။ သရုပ်ပြလည်း ကိုယ်က ညွှန်ကြားပေါ့။ ဒါပေမဲ့ ကိုယ်က အဲဒီတုန်းက ငယ်လည်း ငယ်သေးတော့ ကိုယ်က သိပ်ခေတ်မမီသေးဘူးလေ။ နောက် ငွေရေးကြေးရေးက သိပ်မစိုက်ထုတ်နိုင်တော့ နည်းနည်းတော့… ဟို သံချပ် တတိယလောက်၊ ဒုတိယလောက်တော့ ရတာပေါ့ဗျာ”
သံချပ်လုပ်ခဲ့တယ်ဆိုတော့ ဘယ်လိုစိတ်ခံစားမှုမျိုးနဲ့ လုပ်ခဲ့ဖြစ်တာလဲ။
“စလုပ်ဖြစ်ခဲ့တာကတော့ ကျနော်က သင်္ကြန်ကို ချစ်လို့ပါပဲ။ ဘယ်လိုခေါ်မလဲ… မပြည့်မစုံနဲ့ ထွက်ရတဲ့ ဘဝတွေပေါ့ဗျာ။ မပြည့်မစုံဘဲ ထွက်ရတဲ့အခါကျတော့ အဖွဲ့ကတော့ အားနည်းတာပေါ့။ ဒါပေမဲ့ စိတ်ထဲ ရှိသမျှနဲ့တော့ ၀င်ပြိုင်ရတာပေါ့။ အဲဒါမျိုး၊ ကျနော်တို့ ခေတ်တုန်းကပေါ့”
အဲဒီခေတ်က သံချပ်ထိုးရင် သံချပ်စာသားတွေကို သက်ဆိုင်ရာအာဏာပိုင်တွေကို ဘယ်လို တင်ပြရသလဲ။
“အဲဒီတုန်းက မလွတ်လပ်ပါဘူး။ ဆင်ဆာဆိုတာ ရှိတယ်။ မြို့နယ် ပြည်သူ့ကောင်စီရုံးပေါ့။ မဆလခေတ်မှာပေါ့။ ဆင်ဆာဆိုတာ ရှိတာပေါ့။ မြို့နယ်ပြည်သူ့ကောင်စီက ဆင်ဆာစစ်ပြီးတော့မှ။ ဆင်ဆာကတော့ ရှိနေတာပဲ။ မလွတ်လပ်ပါဘူး။ မလွတ်လပ်တဲ့ကြားထဲက ခေတ်ကို သရော်တာတို့၊ သမ (သမဝါယမ) တို့၊ လိုင်းကားတို့ သရော်တာတို့။ အဲဒါမျိုး သရော်တာကြပေါ့”
အဲဒီလို သံချပ်လုပ်တဲ့အချိန်မှာ ဘယ်လိုအခက်အခဲတွေ ကြံုတွေ့ခဲ့ရတာရှိလဲ။
“အခက်အခဲကတော့ စွယ်စုံပဲ။ လူစုရတာကလည်း အသင်းသားတယောက်ကို ဘယ်လောက်၊ ဘယ်လောက် သတ်မှတ်ပေမယ့်လည်း ရချင်မှလည်း ရတာပေါ့လေ။ ကိုယ်က ကွက်စိပ်ပေါ့။ ကွက်စိပ်ဆိုတော့ မရှိရှိတာ ရွှေ၊ ငွေ ရောင်းချပေါ့။ အိမ်ဂရံပေါင်။ အဲဒီလို ထွက်ခဲ့ရတာ။ အဖက်ဖက်က ဘာမှ မပြည့်မစုံပေါ့”
သံချပ်လုပ်လို့ တားမြစ်ခံရတာကော ရှိလား။
“သူတို့က တခါထဲတင်။ ဆင်ဆာက မြို့နယ်ရုံးမှာတင်။ သူ့ဟာသူ ဒါ ပယ်တာဆိုရင် အဲဒါပယ်ပြီးတော့ ကျန်တာပြောပေါ့။ အဲဒီတုန်းကတည်းက ပယ်တာပဲလေ။ တားမြစ်တာတို့၊ ဘာတို့တော့ မရှိဘူး။ သူတို့က အဲဒီဆင်ဆာရုံးကနေပြီး ခွင့်ပြုချက်တံဆိပ်တုံးရိုက်ပြီ
ဦးဗေတို့ ခေတ်တုန်းက သံချပ်အဖွဲ့တွေမှာ ဘယ်သံအချပ်အဖွဲ့ကို အကြိုက်ဆုံးလဲ။
“ဦးဗေတို့ ခေတ်တုန်းက ခေတ်ပြိုင်တွေက အများကြီးပါ။ ဒဲ့ဒိုးတို့၊ ဒိုးဒိုးဒေါက်ဒေါက်၊ ပြီးပါပြီတို့၊ အနန္တစွမ်းအားရှင်တို့၊ ယဉ်ကျေးမောင်တို့။ ဒါတွေက ခေတ်ပြိုင်တွေပေါ့။ နောက် အပြာရဲ့ အနီတို့။ ဒါတွေက ခေတ်ပြိုင် သံချပ်အသင်းတွေပေါ့။ စွယ်စုံအသင်းတွေပါသလို သံချပ်အသင်းတွေလည်း ပါပါတယ်။ သံချပ်ချည်းပဲ သီးခြားပြိုင်တဲ့ အသင်းအဖွဲ့ ရှိသလို စွယ်စုံ အလှ၊ အက၊ သဘာဝ၊ ဟာသ၊ သံချပ်ဆိုတဲ့ စွယ်စုံပေါ့။ အင်္ဂါရပ်နဲ့ညီအောင် ပြိုင်တဲ့ အသင်းကြီးတွေလည်း ရှိခဲ့တယ်ပေါ့။ အဲဒီထဲမှာ အရမ်းနာမည်ကြီးတာကတော့ ယဉ်ကျေးမောင် ကိုခင်မောင်ဆွေတို့၊ နောက် အနန္တစွမ်းအားရှင်ဆိုတာ လမ်းမတော်ဘက်က ထွက်တာ။ သူတို့ကတော့ အရမ်းနာမည်ကြီးခဲ့တယ်ပေါ့၊ အဲဒီခေတ်တုန်းကတော့”
“ဦးဗေတို့ကတော့ သူတို့လောက် နာမည်မကြီးခဲ့ပါဘူး။ သူတို့ကတော့ စွယ်စုံအနေနဲ့ ရန်ကုန်တိုင်းမှာ အများဆုံးရတဲ့ အသင်းတွေပေါ့။ ဦးဗေတို့ကျတော့ သံချပ် ပထမပေါ့။ နောက်ဆုံးမှာ ရ၈ ခုနှစ်လောက်မှာ စွယ်စုံ နည်းနည်းပါးပါးလေး ရလာတယ်ပေါ့။ အသင်းလည်း အကြီးကြီး ဖြစ်လာတယ်။ ပထမ စလာခါစက အသင်းလေးပေါ့။ နောက်ပိုင်းကျတော့ အသင်းကြီး ဖြစ်လာတယ်ပေါ့”
“တဖြည်းဖြည်းနဲ့ ဦးဗေတို့က နှစ်စဉ်ထွက်တဲ့အသင်းဆိုတော့ တစတစနဲ့ လူကောင်းတွေ ရလာတယ်။ ကြိုးစားလာတယ်။ နောက်ပြီးတော့ ခေတ်ကိုလည်း မျက်ခြည်မပြတ် ကြည့်လာတယ်။ အမြင်ကျယ်လာတယ်ပေါ့။ အမြင်ကျယ်လာတဲ့အခါကျတော့ နည်းနည်းဆန်းသစ်လာတယ်ပေါ့”
အဲဒီခေတ်တုန်းက ဘယ်လိုအကြောင်းအရာကို သံချပ်ထိုးလေ့ရှိသလဲ။
“ယဉ်ကျေးမှု များပါတယ်။ ယဉ်ကျေးမှုများတယ်၊ သမဝါယမတွေ များတယ်။ နောက်ပြီးတော့ အဲဒီတုန်းက နိုင်ငံရေးဆိုတာတောင် သူက ဒဲ့တော့ ပြောလို့မရဘူးဗျ။ နိုင်ငံရေးအကြောင်း ဘာညာဆိုရင် အပေါ်က ဆောင့်နေတာတွေလည်း ပြောလို့ မရဘူး။ အဲဒီတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လှည့်ပတ်ပြောကြရတာပဲ။ အဓိကကတော့ သမဝါယမအကြောင်းနဲ့ ရပ်ကွက်လူကြီးတွေရဲ့ အကြောင်းပေါ့။ ရပ်ကွက်လူကြီးတွေ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ပေါ့။ မိန်းကလေးတွေ ၀တ်စားဆင်ယင်မှု၊ ယဉ်ကျေးမှု၊ အဲဒါတွေ အများဆုံး အပြောများကြပါတယ်”
“အဲဒီတုန်းက ပြောသမျှတွေ၊ ရေးသမျှတွေကို နယ်နှင်တယ်ပေါ့လေ။ နယ်နှင်လို့ရှိရင် အဲဒီမှာ တချို့အသင်းတွေဆိုရင် ခြင်ထောင်ကြီးကို မအေက ငိုတယ်။ ခြင်ထောင်ကြီးဖွင့်တော့မှ တိုးနယားမှန်း သိတယ်။ အဲဒါမျိုးတွေပေါ့။ ခေတ်ရဲ့ တနှစ်လုံးမှာ ဘယ်ဟာ ထူးခြားမှု အဖြစ်ဆုံးလဲ။ အဲဒါကို လိုက်ပြီး ပြောကြ၊ ဆိုကြရတယ်။ ကိုယ့်နည်းကိုယ်ဟန်၊ ကိုယ့်အိုင်ဒီယာနဲ့ပေါ့”
အဲဒီတုန်းက တိုင်ခဲ့ဖူးတဲ့ သံချပ်ကလေးတွေကကော မှတ်မိရင် ပြောပြပါဦး။
“သားရေ…မှတ်တော့ မမှတ်မိတော့ဘူး။ နှစ်ပေါင်းကလည်း အစိတ်၊ သုံးဆယ်တွေ ဖြစ်ကုန်ပြီဆိုတော့။ နှစ်ပေါင်း ၃၀ ဆိုတော့လည်း ဘယ်လိုမှလည်း မမှတ်မိနိုင်တော့ဘူးလေ။ နောက် ဂီတဘက်လည်း မဟုတ်ဘူးလေ။ အဲဒါ သင်္ကြန်ရဲ့ ရေစီးကြောင်းလောက်ပဲ ပြောလို့ရမယ်။ အခက်အခဲရှိခဲ့တယ်၊ အဲဒါတွေလောက်ပဲ ပြောလို့့ရတယ်။ သံချပ်တွေကျတော့ ဘယ်လိုလုပ် မှတ်မိပါ့တော့မလဲ။ မေ့ကုန်ပြီ။ အခုပဲ ၅၀ ကျော်သွားပြီလေ”
ဒီနှစ်မှာကော သံချပ်လုပ်ဖို့ အစီအစဉ်ရှိသေးလား။
“ဘာမှ မရှိတော့ဘူး။ လုပ်လို့လည်း မရပါဘူး”
ဒီအချိန် သံချပ်ရေးရမယ်ဆိုရင် ဘယ်လိုကိစ္စတွေကို သံချပ်အနေနဲ့ ရေးချင်သလဲ။
“သံချပ်ရေးခွင့်ရမယ်ဆိုရင်တော့ ရင်ဘတ်ထဲမှာ အများကြီးပေါ့နော်။ သံချပ်ဆိုတာ သရော်တာပဲလေ။ ဒါကတော့ ကိုယ့်ဘက်က အကောင်းမြင်ဝါဒနဲ့ ပြောတာပဲလေ။ တဖက်က အဆိုးမြင်သွားရင်တော့ မတတ်နိုင်ဘူးပေါ့။ ကိုယ်ကတော့ အကောင်းမြင်ဝါဒနဲ့ သင်္ကြန်သမားဆိုတော့ သင်္ကြန်သမားစိတ်ရှိတဲ့၊ သင်္ကြန်ဆိုလည်း သွားပျက်တာပဲပေါ့။ ခေတ်ကို သရော်ချင် သရော်မယ်ပေါ့။ ယဉ်ကျေးမှုကို သရော်ချင် သရော်မယ်ပေါ့။ ကမ္ဘာကြီးကိုလည်း သရော်ချင် သရော်မယ်ပေါ့။ တချို့တွေလည်း အမြင်တွေလည်း ကြည်ကုန်ကြပါပြီ အားလုံးက။ ပြောလို့ဆိုလို့ ကောင်းတဲ့ခေတ်ပေါ့ဗျာ။ လွတ်လွတ်လပ်လပ်ဆိုရင် သိပ်ကောင်းတာပေါ့”
ဥပမာအနေနဲ့ တခုလောက် တိုင်ပြပေးပါဦးလား။
“ကမ္ဘာကြီးက ဒုက္ခတွေနဲ့ပေါ့လေ။ ဘာဘေး၊ ညာဘေး၊ ကပ်ဆိုးဘေးတွေ ကြံုနေကြတယ်ပေါ့လေ။ သဘာဝ တရားကြီးကပဲ နှိပ်စက်တာလား၊ ဒါမှမဟုတ် လူတွေကပဲ မောဟစနစ်ကို ဖျက်ဆီးပစ်တာလား။ ဒါတွေဟာ စဉ်းစားစရာ၊ တွေးဝေစရာ၊ ငေးမောစရာ၊ အဖြေရှာစရာတွေပေါ့။ ကမ္ဘာကြီးက စစ်မက်တွေနဲ့၊ ယမ်းငွေ့တွေနဲ့ သွားနေကြတယ်။ ကောင်းကင်ကြီးကလည်း မကြည်လင်တော့ဘူး။ အဖြူရောင် မရှိတော့ဘူး။ ကောင်းကင်ကြီးကလည်း ညို့ညို့မှိုင်းနေတယ်။ အဲဒါမျိုးတွေပေ့ါလေ။ သံချပ်ထိုးဖြစ်ရင် အဲဒါမျိုးတွေ ထိုးဖြစ်မှာ”
ဦးဗေအနေနဲ့ဆိုရင် သံချပ်ဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ချင်သလဲ။
“သံချပ်ဆိုတာကတော့ သင်္ကြန်ရှိရင် သံချပ်ဆိုတာ ရှိနေမှာပဲ။ သင်္ကြန်လို့ပြောရင်တော့ သံချပ်ဆိုတာ သူ့ဟာသူ Automatic (အလိုအလျောက်) ပေါ်လာတာပဲ။ သင်္ကြန်သံချပ်ဆိုတာကလည်း ခုနကပြောသလို ငါ့ညီနဲ့ ငါနဲ့ စကားပြောရင်းကလည်း အသံထွက်ရင် သံချပ်တွေပဲဗျ။ သံချပ်ဆိုတာကတော့ ခေတ်တခေတ်ရဲ့ ကြေးမုံပြင်ပဲ။ ရှိကို ရှိနေရမယ်”
“ဟိုခေတ်ကလည်း ရှိခဲ့တာပဲ။ ဂျပန်ကြီးက တိုကျိုပြန်၊ ဗိုက်တလုံးနဲ့ကျန်… ဒါတွေကလည်း သံချပ်တွေပဲ။ ဂျပန်ပြေးတဲ့ အခါကျတော့ ကျန်ခဲ့တဲ့ လူတွေရဲ့ ဖြစ်ရပ်ပေါ့။ သူတို့က သရော်ကြတာပေါ့လေ။ သရော်တယ်ရဲ့ အစပေါ့။ အဲဒါတွေ၊ သံချပ်တွေကနေ မြစ်ဖျားခံလာကြတာ”
သံချပ်တွေက မြန်မာ့လူ့အဖွဲ့အစည်းအတွက် ဘယ်လောက်အရေးကြီးမလဲ။
“အုတ်တချပ် သဲတပွင့်လောက်တော့ အရေးကြီးပါတယ်။ အုတ်တချပ် သဲတပွင့်လောက်တော့ မရှိမဖြစ် လိုအပ်ပါတယ်ဗျာ။ ရှိကို ရှိသင့်ပါတယ်။ လူတွေက တအိမ်ထောင်ချင်း လိုက်ပြောလို့ မရဘူးလေ။ အဲဒီတော့ စင်မြင့်ပေါ်ကနေပြီးတော့ သံချပ်လေးနဲ့ ထိုးပြောတဲ့အခါကျတော့၊ အသံလေး ထည့်ပြောတဲ့အခါကျတော့ လူတွေက ပိုပြီးတော့ နားထဲကို ပိုရောက်တယ်။ အဲဒါကြောင့်မို့ သံချပ်က ရှိကို ရှိသင့်ပါတယ်လို့ သင်္ကြန်မှာ”
အခုဆိုရင် သံချပ်တွေက တိမ်ကောလာတဲ့အနေအထားကို ရောက်နေပြီလို့ ပြောရမှာပါပဲ။ ဒီတော့ ဒီနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးများ သံချပ်ထိုးလိုက်ချင်ပါသလဲ။
“အစဉ်အလာ လက်ဆင့်ကမ်းပြီး သယ်ဆောင်လာတဲ့ သင်္ကြန်သံချပ်တွေ … မျိုးပြုန်းသလို ပျောက်ကွယ်ကုန်ပြီပေါ့။ သံချပ်တွေကို သွားကြည့်ရင် မဒမ်ဇီးကွက်ပြတိုက်ထဲမှာပဲ ကြည့်ရမလား… ဒါမှမဟုတ် ဘယ်ပြတိုက်မှာ သွားကြည့်ရမှန်းမသိတဲ့ သံချပ်အသံတွေပေါ့လေ။ လုံးဝ ပျောက်ကွယ်ကုန်ပြီပေါ့။ ဘာကြောင့်လဲဆိုတာကတော့ ဦးနှောက်ပါတဲ့လူတိုင်း စဉ်းစားဆုံးဖြတ်ကြပါ…။ အဲဒီလိုပဲ သံချပ်ထိုးမိမှာပေါ့”
ပြည်တွင်းပြည်ပမှာ သံချပ်ကို ရှေးရိုးမပျက် လုပ်ဆောင်နေတဲ့သူတွေကိုကော ဘယ်လိုမျိုး အားပေးစကားပြောချင်သေးလဲ။
“သံချပ်လေး ထိုးနေ၊ နားထောင်နေရင် ဦးဗေတို့ကတော့ ကျေနပ်နေ၊ ကြည်နူးနေတာပါပဲ။ ဘယ်သူမဆိုပါပဲ။ သင်္ကြန်ရောက်ရင်တော့ တိုင်းပြည်မှာပဲနေနေ၊ ဘယ်တိုင်းပြည်ရောက်ရောက်ပေါ့။ သင်္ကြန်သံချပ်ဆိုတာ သင်္ကြန်မှာ သံချပ်ဆိုတာလေး သူတို့ရင်ထဲမှာ ရှိနေသရွေ့ ကာလပတ်လုံး သင်္ကြန်မပျောက်ကွယ်တော့ပါဘူး။ သင်္ကြန်သံချပ်ဆိုတာ တိုင်းပြည်မှာ မဆိုရရုံနဲ့ တခြားတိုင်းပြည်မှာ ဆိုရင် ဆိုနေကြမှာပေါ့။ ကိုယ်လည်း မမြင်ရတဲ့ ကိစ္စတွေ။ အဲဒီတော့ သံချပ် ထာဝရ ရှင်သန်ပါစေလို့ပဲ ဆုတောင်းပေးပါတယ်”
သံချပ်ကို အမြဲနားသောတဆင်နေတဲ့ သံချပ်ဝါသနာအိုးတွေကိုကော ဘာများ မှာချင်သေးလဲ။
“ခင်ဗျားတို့ မသေသေးခင်ပေါ့။ တချိန်ချိန်မှာတော့ ခင်ဗျားတို့ နားထောင်ချင်တဲ့ သံချပ်တွေ ထုတ်ခွင့်ရလိမ့်မယ်လို့ ထင်မြင်မိပါတယ်၊ ယူဆမိပါတယ်ပေါ့။ အဲဒီလို အားပေးချင်ပါတယ်”