ဦးမောင်မောင် ပြည်တော်ပြန် မပြန် (ဦးဇော်ထွန်းနှင့် အင်တာဗျူး)

ဦးမောင်မောင် ပြည်တော်ပြန် မပြန် (ဦးဇော်ထွန်းနှင့် အင်တာဗျူး)
by -
မျိုးသိဏ်း

နယူးဒေလီ (မဇ္စျိမ) ။     ။ မြန်မာ့ဒီမိုကရေစီ ရေး လှုပ်ရှားနေသော တပ်ပေါင်းစုတခုဖြစ် သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ NCUB ၏ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် မြန်မာနိုင်ငံသို့ ၂ဝဝ၈ ခုနှစ်က သုံးကြိမ် သွားရောက်ခဲ့ကြောင်း စွပ်စွဲခဲ့သူ FTUB ၏ ဘဏ္ဍာရေးမှူးဟောင်း ဦးဇော်ထွန်းကို မေးမြန်း ထားခြင်း ဖြစ်သည်။

ဦးဇော်ထွန်း (ဘဏ္ဍာရေးမှူးဟောင်း)
(မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် - FTUB)

တနင်္ဂနွေနေ့တုန်းက ဦးမောင်မောင်က သတင်းစာရှင်းလင်းပွဲ လုပ်သွားတဲ့အပေါ် မှတ်ချက်ပေးချင်တာ ရှိမလား။

’’ကျနော့်အနေနဲ့တော့ ထင်မြင်ချက် မပေးချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီ NCUB ကလည်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့့ပြီးပြီလေ။ ကျနော့်အနေနဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်က မေးလာတာတွေကိုပဲ တင်ပြသွားမှာပါ။ ဦးမောင်မောင်ရဲ့ သတင်းစာ ရှင်းလင်းပွဲအပေါ် သီးသန့် မှတ်ချက် မပေးချင်ပါဘူး’’

စုံစမ်းရေး ကော်မရှင်က ကိုဇော်ထွန်းကိုကော မေးမြန်းစုံစမ်းမှုတွေ လုပ်ပြီးပြီလား။

’’မလုပ်ရသေးပါဘူး ခင်ဗျ။ လုပ်ဖို့ အစီအစဉ်တော့ ရှိပါတယ်။ မလုပ်ရသေးတာက စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် တယောက်ရဲ့ ဥက္ကဋ္ဌက ဆုံးသွားတော့ နာရေးကိစ္စ ရှိနေတော့ အဖွဲ့က မစုံသေးဘူးလေ။ လူစုံမှ ကျနော့်ကို မေးမြန်းမှုတွေ လုပ်သွားမှာပါ’’

ဦးမောင်မောင်ဘက်က သူ့ကို မလိုမုန်းထားတဲ့သူတွေက စွပ်စွဲတယ်လို့ ပြောဆိုသွားတာ ရှိပါတယ်။ ကိုဇော်ထွန်းနဲ့ ပြဿနာ တစုံတရာ တက်ဖူးတာ ရှိပါသလား။

’’ဒါကတော့ သူ Opinion (ထင်မြင်ချက်) နဲ့ သူပြောသွားတာပါ။ ကျနော့် အနေနဲ့တော့ မလိုမုန်းထားတာ တခုမှ မရှိပါဘူးခင်ဗျ။ ကျနော် FTUB မှာ စထောင်ကတည်းက အလုပ်လုပ်လာခဲ့တာပဲ။ ကျနော့် အနေနဲ့ ကတော့ မလိုမုန်းထားတာ မရှိပါဘူး။ ဒါပေမဲ့ ဘာရှိလဲဆိုတော့ ကျနော်တို့က ဖိနှိပ်မှုကို မလိုချင်လို့ ဒီစစ်အစိုးရကို တိုက်ပါတယ်။ ဒီမိုကရေစီရေး၊ အလုပ်သမားရေးအတွက် ကျနော်တို့ တိုက်နေတဲ့အချိန်မှာ ဒီမိုကရေစီ မရှိဘူး၊ အလုပ်သမား အခွင့်အရေး မရှိဘူး ဆိုတာမျိုးကတော့ မဖြစ်သင့်ပါဘူး။ တချို့က ပြောပါတယ် ဒါတော်လှန်ရေး အချိန်၊ ဒီမိုကရေစီရေးနဲ့ အလုပ်သမားရေးကို တော်လှန်ရေးပြီးမှရှင်းမယ်ဆို တာမျိုး။ ဒါမျိုးကို ကျနော့်အနေနဲ့ လက်မခံပါဘူး ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူများကို ကိုယ်ကတိုက်ရင် ကိုယ့်ဘက်က မှန်ရမယ်ဗျ။ ပြီးတော့ ဦးမောင်မောင်မှ မဟုတ်ပါဘူး၊ ဒီအဖွဲ့အစည်းထဲမှာ ဖြစ်နေတာနဲ့ ပတ်သက်ပြီး ကျနော်မြင်တာ မှားနေတာရှိရင် ပြင်ဖို့ အမြဲပြောခဲ့ပါတယ်။ ကျနော် အခုမှ ပြောတာမဟုတ်ပါ ဘူး၊ ဟိုး ၂ဝဝဝ ခုနှစ် အစောပိုင်းကတည်းက FTUB ထဲမှာ ငွေရေးကြေးရေး အလွဲသုံးစား လုပ်နေမှုတွေ ရှိပါတယ်လို့ ပြောလာခဲ့တာပါ။ ကျနော်ကတော့ အဲလိုအမြဲတမ်း ပြောခဲ့တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီမိုကရေစီလို့ ပြောလို့ရှိရင် ကိုယ့်အဖွဲ့အစည်းက အရင် ဒီမိုကရေစီ ကျရမယ်။ အလုပ်သမားအခွင့်အရေး အတွက် အကျိုးဆောင်တဲ့ အဖွဲ့အစည်း သမဂ္ဂဖြစ်ရင် အလုပ်သမား အခွင့်အရေးနဲ့ ပတ်သက်တာကို လက်ခံရမယ်။ လက်မခံရင် အလုပ်သမား အဖွဲ့အစည်းလို့ သတ်မှတ်လို့ မရပါဘူး’’

လေကြောင်းလိုင်းက အထောက်အထားတွေကို အကိုက ရထားတယ်၊ ဒီ့အပြင်တော့ ဦးမောင်မောင် ဗမာပြည် သွားခဲ့တယ်ဆိုတဲ့ တခြား အထောက်အထား ပြဖို့ မရှိဘူးပေါ့နော်။

’’ကျနော့်မှာတော့ မရှိပါဘူး ခင်ဗျ။ ကျနော့်မှာတော့ ထိုင်းအဲဝေးက လာတဲ့ Statement တခုပဲ ရှိပါတယ် ခင်ဗျ’’

ဦးမောင်မောင်ရဲ့ ဖြေရှင်းချက်တွေထဲမှာ ထိုင်းလဝက အထောက်အထားတွေနဲ့ ရှင်းပြ ထားပါတယ်၊ နောက်ပြီး လေကြောင်းလိုင်း စာရွက်က မမှန်ကန်ဘူးလို့ တင်ပြထားပါတယ်။ ဒါနဲ့ ပတ်သတ်ပြီးတော့ ဘာများ ပြောချင်ပါသလဲ ခင်ဗျ။

’’ဒီလေကြောင်းလိုင်း စာရွက်က မမှန်ကန်ဘူး ဆိုတာကတော့ ကျနော့်ဆီမှာရှိတဲ့ ထိုင်းအဲဝေးက စာရွက်ကို သူတို့ စစ်ဆေးလို့ ရပါတယ်။ ဒီစာရွက်က အတုလား၊ အစစ်လားဆိုတာကို ကျနော့်ဆီမှာ ရှိတဲ့ဟာကို ကျနော် ပြလို့ ရပါတယ်။ ကျန်တဲ့ဟာကတော့ ကျနော် ထင်မြင်ချက်ပေးလို့ မရပါဘူး ခင်ဗျ။ ကျနော့်ဆီမှာ ရှိတဲ့ စာရွက်ကိုတော့ Verify လုပ်လို့ ရပါတယ်ခင်ဗျ။ ဒီစာရွက်က ထိုင်းအဲဝေးက စာရွက် မှန်သလား၊ မမှန်သလား ဆိုတာ။ ဒီ့ထက်ပိုပြီးတော့ ကျနော် ပြောလို့ မရပါဘူးခင်ဗျ’’

ဦးမောင်မောင်ရဲ့ Frequent Flyer ကို အကို ဘယ်အချိန်က ရခဲ့တယ်ဆိုတာ ပြောလို့ရမလား ခင်ဗျ။

’’အဲဒါတော့ ကျနော်လည်း သေသေချာချာ မမှတ်မိဘူး ခင်ဗျ။ အဲဒါကို သူတို့ Issue လုပ်ပြီးတဲ့အချိန် သိပ်မကြာဘူးခင်ဗျ။ ကျနော်က ရုံးမှာ ရတာကိုး။ ကွာလို့ရှိရင် Issue Date နဲ့ တလ၊ တလခွဲလောက်ပဲ။ ကျနော်ထင်တာ ပြောတာနော်။ ကျနော်လည်း သေသေချာချာ မမှတ်မိဘူးခင်ဗျ’’

ဦးမောင်မောင်က သူ့ကို ဒီကိစ္စကို ၂ဝ၁ဝ ဒီဇင်ဘာမှ ပြောတယ်လို့ ပြောထားပါတယ်။ လေကြောင်းခရီးစဉ် စာရွက်က ၂ဝဝ၈ ဆိုတော့ ဒီကြားထဲမှာ အကိုတို့ အဖွဲ့အစည်းထဲက တခြားသူတွေကို ပြခဲ့ဖြစ်လားခင်ဗျ။

’’ကျနော် ဦးသန်းလွင်ကို ပြခဲ့ပါတယ်။ ၂ဝဝ၉ မှာ ကျနော်ပြောပါတယ်’’

ဘာပြန်ပြောသလဲ မသိဘူး။

’’ဦးသန်းလွင်ကို ကျနော်ပြောတော့ ဦးသန်းလွင်က ဒီကိစ္စကို သူစုံစမ်းမယ်လို့ ပြောပါတယ်။ အဲဒါပဲ။ သူစုံစမ်းမယ်။ မှန်မမှန်ဆိုတဲ့ ဟာကိုပေါ့နော်။ အဲလို ပြောပါတယ်’’

လေကြောင်း ခရီးစဉ်စာရွက်ကို ကိုဇော်ထွန်းဘက်က ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်တယ်ဆိုတဲ့ တန်ပြန် စွပ်စွဲချက်တွေကို အကို့အနေနဲ့ သက်သေပြနိုင်တယ်လို့ပဲ ယူဆရမလားခင်ဗျ။ ထိုင်းအဲဝေးရဲ့ စာရွက် အစစ်အမှန်၊ ထိုင်းအဲဝေးက ထုတ်ပေးခဲ့တဲ့ စာရွက်လို့ ပြောလို့ရမလား ခင်ဗျ။

’’ကျနော့်ကို ထုတ်ပေးတာ မဟုတ်ဘူးခင်ဗျ။ သူ့ဆီကို စာတိုက်က ပို့လာတာကို ကျနော်က ကြည့်မိတာပါ။ သူတို့ အမြဲတမ်း ပို့တယ်လေ။ ၃ လ တကြိမ်လား၊ ၆ လတကြိမ်လား မသိဘူး၊ သူတို့ ပို့တယ်။ သွားခဲ့တဲ့ ခရီးမိုင် ဘယ်လောက်ရှိတယ်ဆိုတာကို အဲ့တာကို ကျနော့်ကို ထုတ်ပေးတာမဟုတ်ဘူးခင်ဗျ။ သူ့ဆီကို ပို့တဲ့ စာရွက်ပါ’’

စုံစမ်းစစ်ဆေးမှုတွေ ပြီးသွားလို့ ဦးမောင်မောင်ဘက်က ကိုဇော်ထွန်းကို ပြန်လှန် တရားစွဲဆိုမှုတွေ ဖြစ်လာခဲ့ရင်ကော ဘယ်လိုဖြစ်လာနိုင်မလဲ။

’’သူ့အနေနဲ့ တရားစွဲတယ်ဆိုရင်တော့ ကျနော့်အနေနဲ့ ပြန်ဖြေရှင်းရမှာပေါ့နော်။ ဒါပေမဲ့ ထိုင်းတရားရုံးမှာ စွဲတယ်ဆိုရင် ကျနော်ကတော့ ထိုင်းတရားရုံးမှာ သွားရောက် ဖြေရှင်းမှာ မဟုတ်ပါဘူး။ ဒါကတော့ ကျနော်ပြောခဲ့ပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ ဆိုရင်တော့ တရားရုံးကို ဒီကိစ္စနဲ့ တရားစွဲချင်တယ်လို့ တင်ပြရပါတယ်။ အမှုကိစ္စ တခုအနေနဲ့ ဆက်သွားသင့်၊ မသွားသင့်ဆိုတာ တရားရုံးက ဆုံးဖြတ်ပြီးတော့မှ စွဲပိုင်ခွင့်ရှိတယ်၊ စွဲလို့ရတဲ့ အခြေအနေ တခုဆိုရင် တရားစွဲလို့ ရပါတယ်။ သူ့အနေနဲ့ တရားစွဲမယ်ဆိုရင် တရားစွဲလို့ရပါတယ်။ တရားရုံးကလည်း လက်ခံတယ်ဆိုရင် တရားရင်ဆိုင်ရမှာ ကျနော့်တာဝန်ပါ။  သြစတြေးလျမှာလည်း စွဲလို့ရပါတယ် ပြဿနာ မရှိပါဘူး ခင်ဗျ’’

အခု အနေအထားက ပြည်ပနိုင်ငံရေး လှုပ်ရှားမှုတွေအပေါ် တစုံတရာ အကျိုးသက်ရောက်မှု ဖြစ်သွားစေနိုင်မလား။

’’ကျနော့်အနေနဲ့တော့ မမြင်ပါဘူးခင်ဗျ။ ဘာလို့လဲဆိုတော့ ကိုယ်လုပ်တာမှန်တယ်၊ ကိုယ်လျှောက်တဲ့လမ်း မှန်တယ်ဆိုရင်၊ လုပ်တဲ့လမ်းစဉ် မှန်တယ်၊ လုပ်တဲ့ နည်းဗျူဟာ မှန်တယ်ဆိုရင် အကျိုးသက်ရောက်မှု မဖြစ်ပါဘူး ခင်ဗျ။ နောက်တခုက အဲလိုမျိုး ဖြစ်လိုက်လို့ အဖွဲ့အစည်းတွေအနေနဲ့ ပိုပြီး နည်းလမ်းကျလာမယ်၊ ပိုပြီးတော့ စည်းစနစ်ကျလာမယ်ဆိုရင် ကျနော်တို့ တော်လှန်ရေးအတွက် ပိုပြီးတော့ ကောင်းပါတယ်ခင်ဗျ’’

တခြားဘာများ ပြောချင်တာ ရှိဦးမလဲခင်ဗျ။

’’ကျနော့်အနေနဲ့ ၂ ခုပဲ ရှင်းအောင် ထပ်ပြောချင်ပါတယ်။ ကျနော် ဒီဟာတွေကို အခုမှ ပြောတာမဟုတ်ပါဘူး။ ကျနော် အဖွဲ့အစည်းထဲမှာ မဖြစ်သင့်တာတွေကို မဖြစ်အောင် ပြင်ဖို့ ကြိုးစားနေခဲ့တာ ဟို ၂ဝဝဝ ခုနှစ် နှစ်ဆန်းပိုင်း ကတည်းကပါ’’

’’ဦးမောင်မောင် ဗမာပြည်ကို သွားတယ်၊ မသွားတယ် ဆိုတဲ့ကိစ္စကို ကျနော့်စာထဲမှာလည်း ရှင်းအောင် ရေးထားပါတယ်။ ကျနော် စွပ်စွဲတာ မဟုတ်ဘူး။ ကျနော့် စာထဲမှာလည်း ဒါရှိတယ်။ ဒါကို မှန်လား၊ မမှန်လား စုံစမ်း စစ်ဆေးပေးပါ ဆိုတဲ့ဟာပေါ့။ အဲဒီနှစ်ခုကိုပဲ ကျနော် ထပ်ပြောချင်ပါတယ် ခင်ဗျ’’

ဆက်စပ် အင်တာဗျူး
ပြည်တော်ပြန် မပြန် (ဦးမောင်မောင်နှင့် အင်တာဗျူး)

Most read this week