စရိတ်မျှပေး ကျန်းမာရေးဆီသို့

စရိတ်မျှပေး ကျန်းမာရေးဆီသို့
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။       ။ အများပြည်သူ ကျန်းမာရေးအတွက် “စရိတ်မျှပေး ကျန်းမာရေး” အစီအစဉ်ကို မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသော်လည်း မအောင်မြင်သေးကြောင်း ရွေးကောက်ပွဲဝင် ပါတီများက ပြောသည်။

“စရိတ်မျှပေး ကျန်းမာရေး” မူဝါဒကို ချမှတ်လုပ်ကိုင်သော်လည်း တိကျသည့် စနစ်မရှိခြင်းကြောင့် မအောင်မြင်ရကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက  မဇ္စျိမကို ပြောသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တစည ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်ရွှေကမူ အစိုးရက ပြဋ္ဌာန်းထားသည့် နိုင်ငံတော် အသုံးစရိတ် စာရင်းတွင် ကျန်းမာရေးကဏ္ဍအတွက် အသုံးစရိတ် နည်းပါးနေခြင်းက ပြည်သူ့ကျန်းမာရေးအတွက် ထိရောက်စွာ ဝန်ဆောင်မှု မပေးနိုင်ခြင်း ဖြစ်သည်ဟု သုံးသပ်သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ဒုဥက္ကဋ္ဌဖြစ်သူ ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းဆောင်ဆီကလည်း ကျန်းမာရေးဝန်ထမ်းများ နည်းပါးခြင်း၊ ကျေးလက်ဒေသများတွင် အခြေခံ ကျန်းမာရေးဗဟုသုတ နည်းပါးခြင်းများနှင့် သက်ဆိုင်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၌ ကျေးလက်နှင့် ဒေသန္တရ ကျန်းမာရေးဌာနများ တည်ဆောက်နေပြီး ၁၉၈၈ ခုနှစ်တွင် ကျေးလက် ကျန်းမာရေးဌာန ၁၃၃၇ ခုနှင့် ဒေသန္တရ ကျန်းမာရေးဌာန ၆၄ ခု ရှိခဲ့ရာမှ ၂ဝ၁ဝ ခုနှစ်တွင် ကျေးလက် ၁၅ဝ၈ နှင့် ဒေသန္တရ ၈၆ ခုအထိ ရှိလာသည်ဟု ၂ဝ၁၁ ဇန်နဝါရီလ ၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် နိုင်ငံတဝှန်း ဖွံ့ဖြိုးတိုးတက်လာသော အခြေခံ အဆောက်အအုံများ - ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ ဆောင်းပါးတွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် ’’စရိတ်မျှပေး ကျန်းမာရေး’’ မအောင်မြင်ရသည့် အကြောင်းရင်း၊ ကြံုတွေ့ရသည့် အခက်အခဲ၊ ပြင်ဆင်သင့်သည်များ၊ ပါတီ၏ ကျန်းမာရေးဆိုင်ရာ မူဝါဒနှင့် လက်တလော ပြဋ္ဌာန်းထားသည့် ကျန်းမာရေး အသုံးစရိတ်အပေါ် အမြင်သဘောထားများကို သိရှိနိုင်ရန် ပါတီခေါင်းဆောင်များကို မဇ္စျိမသတင်းထောက် ထွန်းထွန်းက မေးမြန်းထားပါသည်။

 အန်ကယ်တို့ ပါတီတွေအနေနဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး မူဝါဒတွေ ချမှတ်လုပ်ကိုင်သွားမယ်လို့ စီစဉ်ထားပါသလဲ။

ဒေါက်တာသန်းငြိမ်း
(အမျိုးသားဒီမိုကရေစီအင်အားစုပါတီ - NDF)

“ကျန်းမာရေးလို့ကတော့ဗျာ… နံပါတ် ၁ ကတော့ ကျန်းမာရေးအသုံးစရိတ် သိပ်နည်းနေတဲ့ ကိစ္စကို ရှေ့မှာ တိုးမြှင့်ပြီးတော့ သုံးသွားဖို့ပေါ့ဗျာ။ ဒါကတော့ အဓိကပေါ့။ ဘာလို့ဆိုတော့ ငွေရှိမှပဲ လုပ်ငန်းတွေက လုပ်လို့ ရတာကိုး။ နောက်တခုကတော့ ကျန်းမာရေးစနစ်ပေါ့။ မြို့ကြီးတွေပေါ်မှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေတင် မဟုတ်ဘူးပေါ့၊ တောနေလူတန်းစားတွေကော ဘာကော အားလုံး လက်လှမ်းမီတဲ့ ကျန်းမာရေး အဆင့်မျိုးပေါ့။ အဲဒါ ဖန်တီးပေးရမယ်။ ဆိုလိုတာကတော့ သာမန်လုပ်ရိုးလုပ်စဉ် အဆင့်လောက်ပေါ့ဗျာ။ အဲဒါလောက်ကတော့ ကျနော်တို့ နယ်အနှံ့ပေါ့ဗျာ။ အဲဒါကို ကျနော်တို့ ရွည်ရွယ်ချက်ထားပြီးတော့ လုပ်သွားဖို့ပေါ့လေ”

“နောက်တခုကတော့ ကျနော်တို့ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ဆေးပညာအဆင့်ကို ဒီ့ထက်ပိုပြီးတော့ မြှင့််တင်သွားဖို့အတွက်။ ဒါကတော့ ကျနော်တို့ ဆရာဝန်တွေကော၊ ဆရာမတွေကော အားလုံးပေါ့။ ကျန်းမာရေး လုပ်သားတွေကော။ ဒါတွေကိုလည်းပဲ ကျနော်တို့ အဆင့်မြှင့်သွားဖို့ပေါ့။ အဲဒီလို ရည်ရွယ်ချက်တွေ ကျနော်တို့ ထားပါတယ်”

“အဓိကကတော့ဗျာ… ပိုက်ဆံမရှိလို့ အသေခံရမယ်ဆိုတာမျိုး၊ မကုသနိုင်ဘူးဆိုတာမျိုးပေါ့။ ဒါကိုတော့ နိုင်ငံတော်အနေနဲ့ ဘယ်လိုမှ လက်မခံသင့်ဘူးလို့ ယူဆပါတယ်”

ဦးစိုင်းဆောင်ဆီ
(ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ - SNDP)

“ကျန်းမာရေးပတ်သက်တဲ့ မူဝါဒကတော့ ကျနော်တို့ အခုလက်ရှိထက် မြှင့်တင်ဖို့ပေါ့ဗျာ။ ကျေးလက်ကို ပိုပြီး ဦးစားပေးရမှာပဲ၊ ကျနော်တို့ မူဝါဒကတော့။ ဘာလို့ဆိုတော့ ကျေးလက်က အလှမ်းဝေးတာကိုး။ တနည်းအားဖြင့်တော့ အစိုးရရဲ့ စောင့်ရှောက်မှုကို ရအောင် ပိုပြီး တိုက်တွန်းပေးရမှာပေါ့။ ကျနော်တို့ လုပ်စရာတွေကလည်း အများကြီး ဖြစ်နေတာကိုး။ ကျနော်တို့က ပညာရေးနဲ့ ကျန်းမာရေး စိတ်ဝင်စားပါတယ်”

ဦးဟန်ရွှေ
(တိုင်းရင်းသားစည်းလုံးညီညွတ်ေရးပါတီ - တစည)

“ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ယေဘုယျသဘောထားကတော့ ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေကို အထူးဦးစားပေး ဆောင်ရွက်ဖို့ဆိုတဲ့ မူဝါဒ ရှိပါတယ်။ အဲဒီထဲကမှ လောလောဆယ်မှာ ကျနော်တို့ နိုင်ငံမှာကော၊ ကမ္ဘာမှာကော ဒုက္ခပေးနေတဲ့ ရောဂါကြီး ၃ ခုပေါ့ဗျာ။ အဆုတ်ရောဂါ၊ ငှက်ဖျားရောဂါ၊ ကိုယ်ခံစွမ်းအားကျဆင်းတဲ့ နေရာဂါပေ့ါ။ အဲဒီရောဂါတွေနဲ့ တခြား ကပ်ရောဂါပေါ့။ အဲဒါကိုလည်း တိုက်ဖျက်ရေး အစီအစဉ်ကို ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်”

“နိုင်ငံတော်အစိုးရက အဲဒီရောဂါကြီး ၃ ခုနဲ့ ပတ်သက်တဲ့ လုပ်ငန်းရပ်တွေကိုလည်းပဲ ကျနော်တို့ ပါတီအနေနဲ့ အထူးပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောထားရှိပါတယ်။ နောက်တခုကတော့ ဆေးဝါး၊ ဆေးရုံတွေမှာပေါ့လေ။ ဆေးဝါးလုံလောက်မှုနဲ့ ခေတ်မီပစ္စည်းကိရိယာတွေ ပြည်စုံရေးကိုလည်းပဲ ကျနော်တို့ ရှေးရှုဆောင်ရွက်မယ်ဆိုတဲ့ သဘောထား ရှိပါတယ်။ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း ဖွင့်လှစ်တာကိုလည်းပဲ အားပေးကူညီမယ်။ ဥပဒေနဲ့အညီ ဖြစ်စေရေးကိုလည်း ဆောင်ရွက်မယ်ဆိုတဲ့ သဘောထား ကျနော်တို့ ရှိပါတယ်”

“နောက်တခုကတော့ ဆေးကုသတဲ့ နည်းပေါ့လေ။ ဆေးကုသတဲ့ နည်းပညာနဲ့ အထောက်အကူပစ္စည်းတွေ ဖြည့်ဆည်းနိုင်ဖို့လည်းပဲ နို်င်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်။ နောက်တော့ တိုင်းရင်း ဆေးပညာ ထွန်းကာပျံ့ပွားဖို့အတွက်လည်း အားပေးကူညီသွားမယ်ဆိုတဲ့ဟာတွေဟာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကျနော်တို့ ပါတီရဲ့ သဘာထားတွေပါ”

 မြန်မာပြည်မှာ စရိတ်မျှပေး ကျန်းမာရေးဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကျင့်သုံးတယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့လည်း မအောင်မြင်ဘူးလို့ ပြောသံတွေပါ ကြားနေရပါတယ်။ ဒီတော့ မအောင်မြင်တဲ့ အနေအထားကိုကော အန်ကယ်တို့ပါတီ လှုပ်ရှားနေတဲ့ ပြည်နယ်၊ တိုင်း၊ ဒေသတွေမှာ ဘယ်လိုမျိုး မြင်တွေ့နေရတာ ရှိသလဲ။

ဒေါက်တာသန်းငြိမ်း
(အမျိုးသားဒီမိုကရေစီအင်အားစုပါတီ - NDF)

“စရိတ်မျှပေးဆိုတကတော့ဗျာ... ကျနော်တို့ မြင်တွေ့နေရတာလည်း အတော်ကြာပါပြီ။ သို့သော်လည်းပဲ တကယ်တမ်းကျတော့ စရိတ်ကို မတတ်နိုင်လို့ရှိရင် နိုင်ငံတော်အနေနဲ့ ပံ့ပိုးတယ်ဆိုတာက သိပ်ကို နည်းပါတယ်။ ဆေးရုံတွေမှာ တကယ်တမ်းကျတော့ ကိုယ့်စရိတ်နဲ့ကိုယ်ပဲ ကုနေကြရတာပေါ့ဗျာ။ အထူးသဖြင့် ပြည်သူ့ဆေးရုံတွေမှာပါ့”

“တကယ်တမ်း ပြည်သူတွေဆီကနေပြီးတော့ ဒီစရိတ်မျှပေးရတဲ့ စရိတ်ဆိုတာကလည်းပဲ ဘယ်လိုပုံစံနဲ့ ဘယ်လို ရှိနေကြတယ်ဆိုတာလည်းပဲ ကျနော်တို့ အသေးစိတ်တော့ မလေ့လာနိုင်ဘူး။ ဒီဆေးတွေ ရတယ်ဆိုလို့ရှိရင်တောင် လူနာက ဝယ်ရတာပါပဲ။ နောက် လူနာလက်မှတ်ဝယ်တာတို့။ ဆိုတော့ ဒါတွေဟာ တကယ်တမ်းကျတော့ ကျန်းမာရေးသုံးစွဲမှု ရန်ပုံငွေထဲ ဝင်ရမယ့်ဟာတွေ။ ဝင်ငွေအနေနဲ့ ဝင်တာပေါ့ဗျာ။ ဒါကို သေချာသတ်မှတ်ချက် မရှိတဲ့အခါကျတော့ ဒါတွေက လူနာကုသတဲ့ ရန်ပုံငွေထဲကို ရောက်မသွားဘူး။ ဒါ စရိတ်မျှပေးဆိုတဲ့ အဓိပ္ပာယ် မရှိဘူးဆိုတာ။ ဆိုတော့ အစိုးရက ဒီထက်မက ပံ့ပိုးပြီးတော့ ကူညီပေးဖို့နဲ့ ဒီလိုလုပ်မှလည်း တကယ့် ပြည်သူမတတ်နိုင်တဲ့ လူနာတွေအတွက် တကယ် အထောက်အကူဖြစ်မယ်”

“ကျနော်တို့ ခေတ်တုန်းကလည်းပဲ ကျနော်တို့ နိုင်ငံရေးလုပ်လို့ ချမ်းသာတာ မဟုတ်ပါဘူး။ နောက် သဘာဝ အရင်းအမြစ်တွေလည်း ဒီလောက်လည်း မရှိပါဘူး။ ဒါပေမဲ့လည်းပဲ ဆေးရုံရောက်လာတယ် ဆိုလို့ရှိရင် အားလုံး ကျနော်တို့က တာဝန်ယူနိုင်ပါတယ်။ လူနာတွေဟာ ဆေးရုံရောက်လာတယ်ဆိုလို့ရှိရင် ဘာမှ ကုန်စရာ ဘာညာမရှိဘဲနဲ့ အတတ်နိုင်ဆုံး ကုသပေးနိုင်ခဲ့တယ်”

ဦးစိုင်းဆောင်ဆီ
(ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ - SNDP)

“ရှမ်းပြည်နယ်ဆိုရင် အများဆုံး ထိတွေ့မှာကတော့ ရှမ်းပြည်နယ်အစိုးရပေါ့။ ရှမ်းပြည်နယ်အစိုးရနဲ့ ထိတွေ့ဖို့ ရှိတယ်။ ဘာလို့ဆိုတော့ ပညာရေးနဲ့ ကျန်းမာရေး ဝန်ကြီးတယောက်လည်း ရှိတယ်။ အဲဒီတော့ စရိတ်မျှပေးကတော့ ကျနော်တို့ မြို့မှာတောင် အဆင်မပြေဘူးဆိုတော့ တောမှာ ပိုပြီးတော့ အလှမ်းဝေးတယ်ဗျ“

“ကျန်းမာရေးနဲ့ ပတ်သက်ရင်တော့ ဘယ်လိုဒုက္ခရောက်သလဲဆိုရင် မဖြစ်သင့်၊ မဖြစ်ထိုက်တာတွေ အများကြီး ဖြစ်တာပေါ့၊ ကျနော်တို့ ကျေးရွာမှာ။ မြို့ထက် အများကြီး ဆိုးတာပေါ့။ စရိတ်မျှှပေး ကျန်းမာရေးက ရွာမှာ၊ ကျေးရွာတွေမှာ လုံးဝ မထိရောက်ဘူး။ ဘာလို့ဆိုရင် အဲဒီမှာ ကိုယ်၌ကိုယ်က ဒီ စရိတ်မျှပေးလုပ်ဖို့အဆင့်ကို မရှိသလောက် ဖြစ်နေတာ။ ခပ်များများက ရမ်းကုတွေနဲ့ တွေ့ရတယ်။ စောစောပိုင်းကပေါ့နော်”

“ဆေးထိုးအပ်ကိုင်ခွင့်မရှိဘဲ ဆေးထိုးအပ်ကိုင်တဲ့ သူတွေနဲ့ ကျေးရွာလူတွေ ထိတွေ့ရတယ်။ အသက်တွေ ဆုံးရှုံးရတယ်။ အခုနောက်ပိုင်းတော့ ကျနော်တို့ သိသလောက်ဆိုရင်တော့ ပြည်နယ်နဲ့ တိုင်းတွေမှာ NGO (အစိုးရ မဟုတ်သော အဖွဲ့အစည်း) တွေပေါ့နော်။ NGO တွေက ဒီကျန်းမာရေးကိစ္စ ဝင်လာတာတွေ ရှိပါတယ်။ အမှန်တော့ ကျနော်တို့ ရှမ်းပြည်အကြောင်းကိုပဲ ပြောကြကြေးဆိုရင်တော့ ငှက်ဖျားကိစ္စတွေမှာ သူက Mobile Clinic (ရွေ့လျားဆေးကုသမှု) ပေါ့။ Mobile Clinic လုပ်တယ်’’

“ငှက်ဖျားဆိုရင်လည်း ငှက်ဖျား Mobile Clinic ။ နောက်ပြီး ကျနော် ထပ်ကြားတာက 3D Fund ကလည်း ရှမ်းပြည်မှာ ထပ်ဝင်လာပြန်ပြီ။ နောက်တခါ JAICA ကလည်း ဒီဂျပန် Joint Set ကလည်း မွေးကင်းစ ကလေးကိစ္စတွေ ဘာတွေ တော်တော့်ကို ပညာပေးရယ်၊ ကူညီပံ့ပိုးမှုတွေ တော်တော်လုပ်ပေးတယ်”

ဦးဟန်ရွှေ
(တိုင်းရင်းသားစည်းလုံးညီညွတ်ေရးပါတီ - တစည)

“စရိတ်မျှပေး ကျန်းမာရေး” တို့ ဘာတို့ကို ပေါ်လစီအနေနဲ့ သူတို့ လုပ်နေကိုင်နေတာ ရှိပါတယ်။ သို့သော်လည်းပဲ ကျနော်တို့ ဆေးရုံ၊ ဆေးခန်းနဲ့ ကုသတဲ့သူနဲ့ မမျှမတတာတွေလည်း ရှိတာ တွေ့ရပါတယ်။ အဲဒီတော့ လတ်တလောအားဖြင့် အခက်အခဲရှိနေတာ အမှန်ပါပဲ။ ကျန်းမာရေးနဲ့ပတ်သက်လို့ ပြည်သူတွေ အခက်အခဲရှိနေတာ မှန်ပါတယ်။ အဲဒီတော့ ပုဂ္ဂလိကဆေးခန်းဆိုတာလည်း ငွေကြေးဘာညာဆိုတော့ အများပြည်သူကတော့၊ ငွေကြေး မတတ်နိုင်တဲ့ ပြည်သူတွေအတွက်တော့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ဆေးရုံ၊ ဆေးခန်းတွေ တော်တော်လေး အခက်အခဲ ရှိတယ်၊ ကသိကအောက်ရှိတယ်ဆိုတဲ့ ဟာကတော့ တွေ့နေရပါတယ်”

ဒီစနစ်ကို အကောင်အထည် ဖော်တဲ့နေရာမှာ ဘာအခက်အခဲတွေရှိမယ်ဆိုရင် ဘာတွေဖြစ်မလဲ။

ဒေါက်တာသန်းငြိမ်း
(အမျိုးသားဒီမိုကရေစီအင်အားစုပါတီ - NDF)

“မအောင်မမြင် ဖြစ်နေရတာကတော့ ခုနပြောသလိုပဲ နံပါတ် ၁ ကတော့ ကျန်းမာရေးအတွက လျာထားတဲ့ ရန်ပုံငွေဟာ ကုန်စျေးနှုန်းတွေ သိပ်တက်လာတဲ့ အခါကျတော့ လိုက်လျောညီထွေဖြစ်အောင် ချပေးနိုင်မလား၊ မချပေးနိုင်ဘူးလားဆိုတာ ပြန်ဆန်းစစ်ဖို့ လိုမယ်။ နောက်တခုကလည်းပဲ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ပေါ့။ အဝေးမှာ ရှိနေတဲ့၊ နယ်တွေမှာ ရှိနေတဲ့ လူတွေအထိ ဘယ်လိုနည်းနဲ့ လက်လှမ်းမီအောင်၊ ရအောင် ဘယ်လိုလုပ်ပေးမလဲဆိုတဲ့ စနစ်တကျနဲ့ စီမံပြီးတော လုပ်တာ ကျနော် မတွေ့ရဘူး”

“ဘယ်လောက်ဝေးဝေး သူတို့ရောက်လာရင်တော့ လုပ်ပေးရမယ်။ မရောက်လို့ရှိရင်လည်းဘဲ မတတ်နိုင်ဘူး။ မလာလည်း မတတ်နိုင်ဘူးဆိုတဲ့ အဲဒီလိုပုံစံမျိုးတွေ ဖြစ်နေတယ်လို့ ကျနော်တော့ ကြားတယ်။ ဒါတွေက ခုနက ပြောသလို ငွေရေးကြေးရေးကော၊ စနစ်ပိုင်းကော၊ ပညာပိုင်းကော ကျနော်တို့ အများကြီး ပြန်ပြီး လုပ်သွားရမယ့် သဘော ရှိပါတယ်”

ဦးစိုင်းဆောင်ဆီ
(ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ - SNDP)

“တကယ်တော့ ဘတ်ဂျက်ပဲပေါ့။ ဘာလို့ဆိုတော့ စရိတ်မျှပေးဆိုတာက မျှပေးဆိုဟာ ၁း၂ လား၊ တဝက် တဝက်လား၊ ၃း၁ လား ဆိုတဲ့ဟာက မရှိဘူးလေ။ မရှိတော့ နာမည်ခံလောက်ပဲ လုပ်ပြီးတော့မှ အမှန်ပြောရင်တော့ တဝက်စီလောက် ဆိုရင်တောင် မဆိုးချင်သေးဘူး။ အဲဒီလောက်ထိ တာဝန်မယူကြတဲ့အခါ ဒီ စရိတ်မျှပေးဆိုတဲ့ ကိစ္စက လောလောဆယ် အောင်မြင်မယ်လို့ ကျနော်တို့ သုံးသပ်လို့ မရသလို၊ ကျနော်တို့ လွှတ်တော်တုန်းကလည်း အမေး၊ အဖြေမှာ ကျနော်တို့ မေးကြတယ်လေ။ ဒီစရိတ်မျှပေးဟာလည်း မအောင်မြင်သေးပါဘူးဆိုတာလည်း သူတို့ ဝန်ခံပါတယ်”

ဦးဟန်ရွှေ
(တိုင်းရင်းသားစည်းလုံးညီညွတ်ေရးပါတီ - တစည)

“အဓိကကတော့ ပြည်သူလူထုထဲမှာပေါ့လေ။ စရိတ်မျှပေးဆိုတာကတော့ တတ်နိုင်လည်း ပေးပေါ့၊ မတတ်နိုင်ရင် အစိုးရက အကုန်အကျခံ ဆိုတာပါပဲ။ ဒီဟာနဲ့ ပတ်သက်လို့ကတော့ တတ်နိုင်သမျှ နို်င်ငံတော်က အကုန်အကျ ခံမယ်ဆိုရင်တော့လည်း နိုင်ငံတော်ဘတ်ဂျက်က ကျန်းမာရေးနဲ့ပတ်သက်လို့ သုံးစွဲတဲ့ဟာပေါ့လေ။ အစိုးရအသုံးစရိတ်မှာ ပိုပြီးတော့ သုံးစွဲဖို့တော့ လိုမယ် ထင်ပါတယ်”
 
“အဲဒီမှာ ဆေးရုံ၊ နောက်တခါ ဆေးပစ္စည်း၊ နောက်တခါ ကျနော်တို့ မူထဲမှာ ပါသလိုပေါ့လေ။ ဆေးရုံအတွက် အထောက်အကူပစ္စည်းပေါ့လေ။ ဒီဟာလေးတွေ ပြည့်စုံအောင် ရှိလာဖို့အတွက် အစိုးရရဲ့ ဘတ်ဂျက်မှာလည်းပဲ အစိုးရ အသုံးစရိတ်အနေနဲ့ ကျန်းမာရေးကဏ္ဍမှာ ဒီ့ထက်ပိုပြီးတော့ သုံးစွဲဖို့လည်း ကျနော်တို့ လိုမယ်လို့ ထင်ပါတယ်”

“နောက်တခါ ကျန်းမာရေးဝန်ထမ်းတွေပေါ့။ ကျန်းမာရေး လုပ်သားတွေလည်းပဲ များများစားစား ပေါ်ထွက်လာအောင် လုပ်ဖို့ လိုမယ် ထင်ပါတယ်။ ဒါ့အပြင် ကျနော်တို့ုနိုင်ငံကလည်းပဲ ပုဂ္ဂလိက အဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့အစည်းတွေ ဒါတွေပါ ပါဝင်ပြီးတော့ ခုနက ကျနော်တင်ပြတဲ့ Public Health ပေါ့။ ပြည်သူ့ ကျန်းမာရေးဆိုတဲ့ဟာနဲ့ ကိုက်ညီအောင် ပူးပေါင်းပါဝင်ပြီးတော့ ဆောင်ရွက်တဲ့ လုပ်ငန်းရပ်တွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာမယ်ဆိုရင်တော့ ကောင်းမယ့် အနေအထားရှိမယ်လို့ ကျနော် မျှော်မှန်းပါတယ်”

ဒီစနစ်ကို အောင်မြင်ဖို့ လုပ်ဖို့ဆိုရင် ပါတီအနေနဲ့ ဘာတွေ တွန်းတွန်းတိုက်တိုက် လုပ်သွားဖို့ ရှိသလဲ။

ဒေါက်တာသန်းငြိမ်း
(အမျိုးသားဒီမိုကရေစီအင်အားစုပါတီ - NDF)

“ကျနော်တို့က ပါတီအနေနဲ့ကတော့ဗျာ… အာဏာရ လက်ရှိပါတီမှ မဟုတ်ဘဲ။ ဒါတွေကတော့ ကျနော်တို့က တင်ပြမယ်၊ တိုက်တွန်းမယ် ဒီလောက်ပဲ ရှိတာပေါ့ဗျာ။ အဲဒီတော့ တကယ်တမ်း အခု ဖြစ်ပေါ်လာတဲ့  အစိုးရပေါ့နော်။ အစိုးရအနေနဲ့က ဒါတွေကို သေသေချာချာ လေ့လာပြီးတော့ ပြုပြင်ပြောင်းလဲမယ်ဆိုရင် ကျနော်တို့ကလည်း ဝိုင်းဝန်းပြီးတော့ ကူညီသွားမှာပေါ့ဗျာ”

ဦးစိုင်းဆောင်ဆီ
(ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ - SNDP)

“စရိတ်မျှပေး တကယ်လုပ်မယ်ဆိုရင်တော့ ပီပြင်တဲ့ စရိတ်မျှပေးပေါ့။ ခုနက ပြောသလို ပြည်သူလူထုက ၃ ကျပ်ကုန်ရင် တကျပ်ကုန်ပြီး သူတို့က ၂ ကျပ် မျှမလား၊ ၃ ကျပ်ကုန်ရင် တကျပ်ခွဲစီ ကုန်မလားဆိုတဲ့ မူကို သတ်သတ်မှတ်မှတ် မရှိတာ။ သတ်သတ်မှတ်မှတ် ရှိတယ်ဆိုရင် အဲဒီမူ သတ်သတ်မှတ်မှတ် တခုပေါ်ဖို့ လိုတယ်၊ စရိတ်မျှပေးဆိုတာ။ ဘာလို့ဆိုတော့ ကုန်ကျစရိတ် အားလုံးပေါင်းရဲ့ ဘယ်အချိုးတွေက လူနာခံ၊ ဘယ်အချိုးတွေက အစိုးရခံဆိုတဲ့ စနစ် သတ်သတ်မှတ်မှတ် ရှိဖို့လိုသလို ကျနော်တို့ ဒီစရိတ်မျှပေးဆိုတဲ့ တဖြည်းဖြည်းနဲ့ အကောင်အထည် ဖော်ရင်တော့ အစိုးရပိုင်းက ပိုပေးနိုင်တဲ့ ဘတ်ဂျက်လောက် ပံ့ပိုးလာနိုင်မယ်ဆိုရင်တော့ လူထု ပိုပြီး သက်သာသွားမှာပေါ့”
 
“ကျနော်တို့က ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ရွာတွေမှာ အခြေခံကျန်းမာရေး ဗဟုသုတပေါ့နော်။ အဲဒါကနေ ကျနော်တို့ အရင်ပြုပြင်ပြောင်းလဲရမယ်။ ဘာလို့ဆိုရင် ကျေးရွာလူထုက ဘာတွေ အကျင့်ဖြစ်နေလဲဆိုရင် သူတို့ရင်းနှီးနေရတဲ့ ပတ်ဝန်းကျင်က ရမ်းကုတွေ များတယ်ဗျ။ အဲဒီ့ရမ်းကုတွေကို ဖော်ထုတ်ရမယ်။ တရားဥပဒေအရ ဖော်ထုတ်မယ်။ လူထုနားလည်အောင် ကျနော်တို့ ပြောရမယ်။ အဲဒါမျိုးတွေ နည်းသွားပြီးတော့ အစိုးရရဲ့ ပံ့ပိုးမှု ကျေးရွာတွေထိ ပိုပြီးတော့ ပျံ့နှံ့ပြီး ပံ့ပိုးနိုင်အောင် တိုက်တွန်းရမှာပေါ့”

ဦးဟန်ရွှေ
(တိုင်းရင်းသားစည်းလုံးညီညွတ်ေရးပါတီ - တစည)

“လောလောဆယ်ကတော့ပေါ့လေ။ ကျနော်တို့ပါတီအနေနဲ့ကတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာလည်း ကျနော်တို့က လူများစု ရတာမဟုတ်ဘဲ ကျနော်တို့ရတဲ့ အင်အားအရ အစိုးရဖွဲ့နိုင်တဲ့ ပါတီလည်း မဟုတ်တဲ့ အခါမှာ ပါတီရဲ့ ကျန်းမာရေး မူဝါဒတွေကို အကောင်အထည် ဖော်တဲ့နေရာမှာ ကျနော်တို့က ဖော်နိုင်မှာ မဟုတ်ဘူး။ အစိုးရလို ဖော်နိုင်မှာ မဟုတ်ဘူး”

“အဲဒီတော့ အစိုးရရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ အကောင်အထည်ဖော် ဆောင်ရွက်တဲ့ လုပ်ငန်းရပ်တွေမှာ ကျနော်တို့ပါတီက ချထားတဲ့ မူဝါဒ သဘောထား၊ ဒါတွေနဲ့ ကိုက်ညီတဲ့ ကိစ္စရပ်မှန်သမျှပေါ့လေ။ နောက်တခါ ပြည်သူရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ အကျိုးရှိမယ့် ကိစ္စရပ် မှန်သမျှကို ကျနော်တို့က ဝိုင်းပြီးတော့၊ ကူပြီးတော့ ဆောင်ရွက်ရမယ့် အနေအထားမျိုးပဲ ရှိပါတယ်”

အစိုးရချမှတ်ထားတဲ့ ကျန်းမာရေးအသုံးစရိတ်နဲ့ ပတ်သက်ပြီး ပါတီအနေနဲ့ ဘာများ ပြောချင်ပါသေးလဲ။

ဒေါက်တာသန်းငြိမ်း
(အမျိုးသားဒီမိုကရေစီအင်အားစုပါတီ - NDF)

“ကျနော်တို့က အခွင့်အရေးရရင် ရသလို ပြင်နေမှာပဲဗျ။ ကျန်းမာရေး အသုံးစရိတ်တို့၊ ပညာရေး အသုံးစရိတ်တို့ဆိုတာ ကျနော်တို့ပါတီရဲ့ စပြီးတော့ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ရေးဆွဲထားတဲ့ မူဝါဒတွေ။ အဓိကမှာ ပါတာပေါ့ဗျာ။ နောက်တခုက ပါတီရဲ့ ဝါဒသဘောတရားရေးမှာလည်းပဲ လွတ်လပ်မှုတို့ဆိုတာ လူမှုရေးနာကျင်မှုတွေပေါ့ဗျာ။ ဒီတော့ ဆင်းရဲမွဲတေတာတို့၊ နာမကျန်းဖြစ်တာတို့ အဲဒီလိုရှိနေလို့ရှိရင် လွတ်လပ်မှုဆိုတာလည်း ဘာမှ အဓိပ္ပာယ် မရှိဘူးတဲ့”

“အဲဒါကြောင့် ဒါတွေကို ပြည့်စုံအောင် တဖက်တလမ်းကလည်းပဲ အစိုးရပိုင်းက ဝိုင်းကူ၊ မိမိကိုယ်တိုင်လည်း ကြိုးစား။ ဒီလိုလုပ်မှပဲ ဖြစ်မယ်ဆိုတာကို ကျနော်တို့က မူဝါဒ ရှိပြီးသားပဲ။ ကျနော်တို့က ဒါတွေကို အခွင့်အရေးရရင် ရသလို တင်ပြသွားမယ်”

ဦးစိုင်းဆောင်ဆီ
(ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ - SNDP)

“အဲဒါ နည်းတာတော့ အမှန်ပဲဗျ။ ဆိုတော့ ဒီနှစ်ကတော့ ဒီထွက်လာတဲ့ ဘတ်ဂျက်ကလည်း ၂ဝဝ၈ ကို အကောင်အထည် ဖော်ဖို့အတွက် လုပ်ပိုင်ခွင့်ပေးထားတဲ့ ပုဒ်မအရ သူတို့ကလည်း ဘတ်ဂျက် ဆွဲလိုက်ပြီလေ။ ဆွဲလိုက်ပြီဆိုတော့ ကျနော်တို့ ရတဲ့ရာခိုင်နှုန်းကလည်း ကျန်းမာရေးအတွက် တအားနည်းတဲ့အခါ လောလောဆယ်တော့ ဒီဘတ်ဂျက်ကို ပြန်ပြင်ဖို့ဆိုတာ ကျနော်ထင်တာက လောလောဆယ်တော့ ကြိုးစားလို့ မရတော့ဘူး ဒီနှစ်ကတော့”

“သူတို့လုပ်သွားတဲ့ ဘတ်ဂျက်အတိုင်းပဲ ကျနော်တို့ ဆက်ရပ်တည်သွားပြီးတော့ နောက်နှစ် ဘတ်ဂျက်တော့၊ ရသုံးငွေကတော့ ပြည်ထောင်စုလွှတ်တော် အတည်ပြုတဲ့ အရင် တင်ပြချက် သူတို့  လုပ်ကိုလုပ်ရမယ့် သဘောရှိပါတယ်။ လုပ်တဲ့အခါမှပဲ ကျနော်တို့ ကြိုးစားပြီးတော့၊ ဒီတနှစ်တော့ အောင့်အီးပြီးတော့ ဖြေရှင်းသွားရမှာပေါ့”

ဦးဟန်ရွှေ
(တိုင်းရင်းသားစည်းလုံးညီညွတ်ေရးပါတီ - တစည)

“ဘတ်ဂျက်ကို ကျနော် လေ့လာကြည့်ပါတယ်။ လေ့လာကြည့်တဲ့အခါကျတော့ ကျန်းမာရေး အသုံးစရိတ်က အစိုးရ အသုံးစရိတ် တခုလုံးရဲ့ ၂ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ဆိုတဲ့အခါကျတော့ကာ ဒါကလည်းပဲ ဘာပဲ ပြောပြောပေါ့လေ။ လူတွေရဲ့ ကျန်းမာရေးလုပ်ငန်းကိုင်ငန်းက ခုနက စီးပွားရေး လုပ်ငန်းတွေ၊ ကုန်ပစ္စည်း တိုးတက်အောင် လုပ်ဖို့ စသဖြင့်ပေါ့လေ။ တခြားကဏ္ဍတွေနဲ့ လုပ်ဖို့ဆိုတာ လူအင်အား၊ သူရဲ့ စွမ်းအား၊ အရင်းအမြစ်ပေါ့။ ဒီဟာတွေက ဖွံ့ဖြိုးတိုးတက်ဖို့ အရေးကြီးပါတယ်။ အဲဒီတော့ အဲဒီလို အရေးကြီးတဲ့ နေရာမှာ ဒီကျန်းမာရေးဟာလည်းပဲ၊ ဒီလုပ်အားတွေရဲ့ ကျန်းမာရေးဟာလည်းပဲ အဓိက ကျပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ကတော့ ဒီ့ထက်ပိုပြီးတော့၊ သုံးစွဲပြီးတော့၊ ဖြည့်ဆည်းသွားဖို့ လိုပါတယ်လို့ ပြောချင်ပါတယ်”