မြန်မာနိုင်ငံမှာ ၈၈၈၈ လူထုအုံကြွမှုမျိုး တဖန်ပြန်လည်ပေါ်ပေါက်နိုင်မှု ရှိ၊ မရှိနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ သြဇာကြီးသော ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင် ...
နယူးဒေလီ (မဇ္စျိမ) ။ ။ မြန်မာနိုင်ငံမှာ ၈၈၈၈ လူထုအုံကြွမှုမျိုး တဖန်ပြန်လည်ပေါ်ပေါက်နိုင်မှု ရှိ၊ မရှိနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ သြဇာကြီးသော ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်၊ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေနှင့် ထိုင်းအခြေစိုက် ဗဟုဖွံ့ဖြိုးမှုအဖွဲ့မှ ဦးအောင်သူငြိမ်းတို့ကို မဇ္ဈိမက မေးမြန်းထားသည်။
ဦးဝင်းတင်က မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် ဖိနှိပ်မှုများ၊ မတရား ခေါင်းပုံဖြတ်မှုများအပြင် ပြည်သူလူထု ဆင်းရဲတွင်း နက်နေခြင်းများက လူထုအုံကြွမှု ဖြစ်ပေါ်စေမည့် အချက်များဟု သုံးသပ်သည်။ ထို့ပြင် အရှေ့အလယ်ပိုင်း နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် အာဏာရှင်ဖြုတ်ချရေး လူထုအုံကြွမှု ဂယက်များသည်လည်း အင်အားတခုအဖြစ် တည်ရှိနေသည်ဟုဆိုသည်။
သို့သော် ယခင်က NLD ခေါင်းဆောင်တဦးဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်း ဦးခင်မောင်ဆွေကမူ လူထုအုံကြွမှု ဖြစ်ပေါ်ရန် အလားအလာ နည်းနေသည်ဟု ဆိုသည်။ လူထုအုံကြွမှုများကို စစ်အစိုးရက ဖိနှိပ်ခဲ့သည့်အတွက် ယခုလို သုံးသပ်ကြောင်းနှင့် လူထုအနေဖြင့် အသက်စွန့်လှုပ်ရှားရန်မှာ မဖြစ်နိုင်သေးကြောင်း သူက ပြောဆိုသည်။
ထိုင်းအခြေစိုက် ဗဟုဖွံ့ဖြိုးမှုအဖွဲ့မှ ဦးအောင်သူငြိမ်းကမူ အသစ်ဖြစ်ပေါ်နေသည့် လွှတ်တော်အတွင်း ပြောင်းလဲမှု တစုံတရာ ဖြစ်ပေါ်လာရန် ပြည်သူများက စောင့်ကြည့်နေပြီး၊ ပြောင်းလဲမှု မရှိလျှင် ပါလီမန်ပြင်ပ နိုင်ငံရေးကို ဦးတည်သွားနိုင်သည်ဟု သုံးသပ်သည်။
မြန်မာပြည်မှာ လူထုအုံကြွမှု ပြန်ဖြစ်နိုင်မယ်လို့ ယူဆပါသလား။ ဖြစ်နိုင်တယ်ဆိုရင် ဘာကြောင့်၊ မဖြစ်နိုင်ဘူးဆိုရင် ဘာကြောင့် ဆိုတာလေး ရှင်းပြပေးပါခင်ဗျ။
ဦးဝင်းတင်
“အခု မြန်မာပြည်က လူတွေကို ကြည့်မယ်ဆိုရင် ဆင်းရဲတဲ့ အနေအထားမှာ ရှိနေကြပြီ။ အခု ရန်ကုန်မြို့လယ်က ချမ်းသာနေတဲ့ လူတွေကို ကြည့်ပြီး အမျိုးမျိုး ပြောနေတာကိုး။ နယ်တွေကို မပြောနဲ့ တကယ် ရန်ကုန်ထဲမှာ တောင်ဒဂုံ၊ မြောက်ဒဂုံ စတဲ့ နေရာတွေမှာ ဆင်းရဲတဲ့သူ များနေတာကို တွေ့တယ်။ ဆင်းရဲတယ်ဆိုတာ တော်တော့ကို ဆင်းရဲတဲ့ အနေအထားမှာ ရှိနေတယ်။ အဲဒီတော့ စီးပွားချွတ်ခြံုကျမှုဟာ လူထုအုံကြွမှု ဖြစ်ပေါ်ဖို့အတွက် ဖြစ်တတ်တယ်လို့ ကျနော်က သုံးသပ်တယ်။ အခု မြန်မာပြည်မှာက ထားစရာ မရှိတဲ့သူနဲ့ စားစရာမရှိတဲ့သူလို ဖြစ်နေတယ်”
“နောက်တခုကတော့ မတရားမှုတွေပေါ့။ မတရားမှုဆိုတာ လူလူချင်း ဆက်ဆံတဲ့ နေရာမှာ မတရားတာ၊ အနိုင်ကျင့်တာ၊ ဗိုလ်ကျတာ။ ဒီလိုမတရားမှုတွေက မြန်မာပြည်တပြည်လုံး နေရာအနှံ့ ဖြစ်နေတယ်။ နောက်ပြီး ဒီမတရားမှုတွေကို ကိုယ်တိုင်လည်း ခံစားရတယ်။ နောက်ပြီး တခြားသူတွေ ခံစားနေရတာကိုလည်း မီဒီယာတွေကနေတဆင့် လူတွေက သိလာကြတော့ အုံကြွပေါက်ကွဲမှုဆိုတာ အချိန်မရွေး ဖြစ်နိုင်တယ်ဗျ”
“အဲဒါတွေအပြင်ကို နောက်ထပ် Sector တခုက ဘာလဲဆိုရင် အခု အရှေ့အလယ်ပိုင်းမှာ ဖြစ်တဲ့ ကိစ္စတွေပေါ့ဗျာ။ အီဂျစ်တို့၊ တူရကီတို့မှာ ဖြစ်တဲ့ ကိစ္စတွေ။ အဲဒီကိစ္စတွေက ကျနော်တို့ရဲ့ မြန်မာပြည်ကို ဂယက်ရိုက်လာတယ်ပေါ့။ ဒီနေ့ခေတ်မှာ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေး ဖြစ်နေတယ်ဆိုတဲ့ အခါကျတော့ တခုနဲ့ တခု ဆက်စပ်နေတယ်”
“ဒီအခြေအနေတွေ အားလုံးကို သုံးသပ်တဲ့ အခါကျတော့ ကျနော်တို့အတွက်တော့၊ မြန်မာပြည်မှာတော့ ဒီဂယက်တွေကတော့ ပေါ်နေပြီ။ တရုတ်ပြည်မှာတောင် ပေါ်နေတာ၊ မြန်မာပြည်ကတော့ ပိုပေါ်တော့မှာပေါ့ဗျာ။ ဆိုတော့ အဲဒီလို အခြေအနေတွေကြောင့် မြန်မာပြည်မှာ လူထုအုံကြွမှု ပေါ်ပေါက်နိုင်တဲ့ အနေအထားတွေ အများကြီး ရှိနေတယ်လို့ ကျနော် သုံးသပ်တာ ဖြစ်ပါတယ်”
ဦးခင်မောင်ဆွေ
“ဖြစ်နိုင်ဖို့ကတော့ သိပ်ကို နည်းပါတယ်ခင်ဗျ။ ပါလီမန်က ထွက်လာမယ့် ဟာတွေက ဘာတွေဖြစ်ဦးမလဲလို့ ဝေဝေဝါးဝါးလည်း ဖြစ်နေတယ်။ ပြီးတော့ ကျနော်တို့နိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံဆိုတော့ မွတ်စလင်နိုင်ငံတွေနဲ့တော့ အတွေးအခေါ် ကွာတယ်ဗျ။ အဲဒါ တချက်ပေါ့။ လူ့အသက်ကို စွန်ဖို့၊ လွယ်လွယ်ကူကူ စွန့်ဖို့ဆိုတာ ခက်ပါတယ်”
“နောက်ပြီးတော့ အာဏာရှင်နိုင်ငံတွေမှာ ဖြစ်နေတဲ့ ဒီလူထုလှုပ်ရှားမှုတွေဟာ နှစ်ပေါင်း ၃ဝ အတွင်းမှာ တခါမှ အခုလို များများစားစား၊ ဆူဆူပူပူ မရှိခဲ့ဖူးဘူး။ မြန်မာနိုင်ငံမှာက အများဆုံးဖြစ်တဲ့ နိုင်ငံလေ။ ဒါတောင်မှ ဖြစ်လာတဲ့ ဆူပူမှုတွေကို နှိမ်နင်းခံရတာလည်း ရှိနေတော့ကာ ပြည်သူကလည်း အများကြီး သတိထားပုံပေါ်တယ်။ အဲဒီတော့ ဖြစ်ချင်လည်း ဖြစ်မှာပေါ့လေ။ ဖြစ်ဖို့တော့ အခွင့်အရေး သိပ်နည်းတယ်လို့ ကျနော် ထင်တယ်”
“နောက် မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင်နိုင်ငံတွေကလည်းပဲ စီးပွားရေးပဲ မျှော်မှန်းနေတဲ့ အခါကျတော့ နိုင်ငံမှာ ဆူဆူပူပူ ဖြစ်မယ်ဆိုရင် စီးပွားရေးအခွင့်အလမ်းတွေ ထိခိုက်မှာ စိုးတဲ့အခါကျတော့ ဒါတွေက သိပ်ပြီး အားပေးချင်တဲ့ပုံ ရှိမှာ မဟုတ်ဘူးလို့ ယူဆစရာအကြောင်း ရှိပါတယ်။ မြန်မာလူထုဟာ သိပ်ကို ခံစားနေရပြီ၊ အခုလို ဆင်းရဲမွဲတေနေပြီ။ သို့သော်လည်း လမ်းမပေါ်ထွက်ရလောက်အောင် အခြေအနေ မပေးသေးဘူးလို့ ကျနော် တွက်ပါတယ်”
ဦးအောင်သူငြိမ်း
“ကျနော်တို့ဆီမှာ လူထုအုံကြွမှု မဖြစ်နိုင်ဘူးလို့တော့ မပြောနိုင်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတဲ့ အခါကျတော့ ကျနော်တို့ဆီမှာ ရေခံမြေခံတွေက အတော်များများ ရှိတယ်။ အခုဖြစ်တဲ့ အရှေ့အလယ်ပိုင်း ကိစ္စတွေကို ပြန်ကြည့်တဲ့ အခါကျတော့ လူတွေက သူတို့ရဲ့ ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ထိပါးခံရတဲ့ အနေအထား၊ မကျေနပ်တာတွေ ပါတယ်။ နောက်တခါကျတော့ အစိုးရပိုင်းမှာ လာဘ်စားနေတဲ့ အကျင့်ပျက် ခြစားနေတဲ့ ကိစ္စတွေ ပါတယ်။ နောက်တခါကျတော့ လူတွေက အထွေထွေ ကျပ်တည်းမှုတွေ ပါတယ်။ နောက် လူတန်းစား သိပ်မညီမျှမှုတွေ ပါတယ်ပေါ့နော်။ ဆိုတော့ ဒီအခြေအနေတွေ ပြန်ကြည့်ရင် ကျနော်တို့ တိုင်းပြည်မှာလည်း ဒါတွေက ဖြစ်နေတယ်ဗျ”
“နောက်တခုကကျတော့ လူတွေက အပြောင်းအလဲကို မျှော်လင့်နေတယ်ဆိုတာ ကျနော်တို့ တနိုင်ငံလုံး သေချာတယ်ပေါ့။ ဒါပေမဲ့ အခုဖြစ်လာတဲ့၊ ပါလီမန်ထဲမှာ ဖြစ်နေတဲ့ ဆွေးနွေးပွဲတွေ၊ အပြောင်းအလဲတွေက ဘယ်လောက်ထိ သူတို့ရဲ့ မျှော်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်မလဲပေါ့။ ဒါ မျှော်လင့်ချက် မရှိတော့ဘူးဆိုရင်လည်း လူတွေက ပါလီမန်ပြင်ပ နိုင်ငံရေးဘက်ကို ပြန်လှည့်လာနိုင်တဲ့ သဘောလည်း ရှိပါတယ်’’
လူထုအုံကြွမှုဖြစ်ဖို့အတွက် ဘယ်လိုအချက်က အခြေခံအချက်လို့ မြင်ပါသလဲ။
ဦးဝင်းတင်
“ဆင်းရဲတွင်းနက်နေတဲ့ လူထုရဲ့ အခြေအနေ၊ နောက် လူထုရဲ့ ပတ်ဝန်းကျင်မှာ မတရားဖိနှိပ်မှုတွေ၊ ချုပ်ချယ်မှုတွေ၊ ပိုင်စိုးပိုင်နင်း လုပ်မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ မတရားခိုင်းစေမှုတွေ၊ လယ်ယာမြေတွေ သိမ်းခံရတာဗျာ။ အလုပ်သမားတွေကို လုပ်ခမပေး ဘာမပေးဖြစ်ရတာတွေ စသဖြင့် အများကြီးပေ့ါဗျာ”
ဦးခင်မောင်ဆွေ
“အဲဒါကတော့ စာအုပ်ကြီးထဲမှာ ရှိတဲ့ဟာတွေပါ။ ပေါက်ကွဲမှုဆိုတာက အမှိုက်ကစ ပြဿဒ်မီးလောင်တာပဲ။ လူတွေရဲ့ ခံစားချက်ကို သိပ်ထိခိုက်လွန်းရင် ဖြစ်မှာပေါ့။ ပြည်သူလူထုက သိပ်ပြီးတော့ ခံနိုင်ရည်စွမ်းရည် မြင့်မားတယ်ဗျ။ ဒါက ဗုဒ္ဓဘာသာတွေ ဖြစ်တာလည်း ပါမှာပေါ့ဗျာ”
“နောက်ပြီးတော့ ဟိုတုန်းက ကုန်စျေးနှုန်းတွေ တက်တုန်းက ဘယ်လောက်ခံရတယ်ဆိုတာ ခင်ဗျား သိမှာပါ။ ဘဲဥကို တနေ့ နှစ်လုံးစားတဲ့ သူက တနေ့ကို တခြမ်းတောင် မဟုတ်တော့ဘူး။ တစိတ်ပဲ စားပြီး နေနေကြတဲ့ မြန်မာပြည်သူတွေကို သွားပြီးတော့ကာ အများကြီး မျှော်လင့်လို့ မရဘူးလို့ ထင်ပါတယ်။ သို့သော်လည်း ဖြစ်နိုင်ခြေ မရှိဘူး၊ ရှိတယ်ဆိုတာ ကျနော် အပ်ကျမတ်ကျ ပြောလို့ မရပါဘူး။ ပေါက်ကွဲချိန်ကျ ပေါက်ကွဲတာကိုး။ သို့သော် အခွင့်အရေးကတော့ အလွန်နည်းပါတယ်”
ဦးအောင်သူငြိမ်း
“အဓိကကတော့ လူထုအုံကြွမှုတွေ ကြည့်လိုက်လို့ရှိရင် သေချာပြင်ဆင်လှုံ့ဆော်ပြီးတော့ ခေါ်တယ်။ ဒါပေမဲ့လည်း ဖြစ်ချင်မှ ဖြစ်တာမျိုးပေါ့။ ဒါပေမဲ့ မျှော်လင့်မထားဘဲနဲ့ အခြေအနေတွေ ပေါင်းစုံလာတော့ အုံကြွပေါက်ကွဲမှုတွေ ဖြစ်တာမျိုးလည်း ရှိတာပေါ့။ အဲဒီတော့ အတိအကျတော့ ပြောလို့ ခက်ပါတယ်”
လူထုအုံကြွမှုဖြစ်ပေါ်ဖို့ ဘယ်လိုလူတန်းစားက အရေးကြီးဆုံးလို့ ထင်ပါသလဲဗျ။
ဦးဝင်းတင်
“အထူးသဖြင့် အဓိက အကျဆုံးကတော့ ကျနော်တို့ မြန်မာပြည်က အတွေ့အကြံုမှာတော့ အမြဲတမ်း ဒီ ပညာတတ်ပေါ့ဗျာ။ ပညာတတ်လို့ပဲ ပြောရမှာပေါ့။ ကျောင်းသားတို့ဘာတို့ဆိုတဲ့ ကျောင်းသားအင်အားစုတွေဟာ အဓိက အကျဆုံးပါဘဲ။ ဟိုးလွန်ခဲ့တဲ့ ၁၉၂ဝ ကျောင်းသားသပိတ်တို့ ဘာတို့ကနေ အစပေါ့ဗျာ။ သပိတ်တလျှောက်လုံးဟာလည်း မြန်မာပြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှု အားလုံးဟာ ကျောင်းသားလူငယ် ခေါင်းဆောင်မှုက အဓိကပဲ။ ကျောင်းသားလူငယ်ဆိုတဲ့နောက် ဘာပဲပြောပြော ပညာတတ်တွေလို့ ပြောလို့ ရပါတယ်။ ဒါက တပိုင်းပေါ့။ ဒါက အလွန့်အလွန်ကို အရေးကြီးတဲ့ တပ်ဦးက အင်အားစုပေါ့”
ဦးခင်မောင်ဆွေ
“အခြေခံလူတန်းစားတွေရဲ့ဘဝ မပြည့်စုံဘူး၊ ထွက်ပေါက်မရှိတော့ဘူး၊ စားစရာလည်း မရှိတော့ဘူး၊ ဘာမှ မျှော်လင့်ချက်လည်း မရှိတော့ဘူးဆိုရင် ပေါက်ကွဲကြတာပေါ့ဗျာ။ မြန်မာနိုင်ငံမှာတော့ လူလတ်တန်းစားမှာ ပါနေတဲ့ ကျောင်းသားတွေက စခဲ့တာဆိုတော့ သမိုင်းမှာ အထင်အရှား ရှိခဲ့တာပဲ။ ကျောင်းသားတွေလည်း အခု ဘယ်လို နေတယ်ဆိုတာ ခင်ဗျားတို့ မှန်းလို့ ရပါတယ်။ တကယ်ကော လူထုအုံကြွမှု လိုပြီလား၊ မလိုဘူးလားဆိုတာလည်း ရှိပါတယ်။ ဒါကို တထိုင်တည်းနဲ့ ပြောလို့မရဘူး”
ဦးအောင်သူငြိမ်း
“ကျနော်ထင်တာကတော့ အဓိကကတော့ဗျာ… မကျေနပ်တဲ့ လူစုလူဝေးပေါ့နော်။ ဘာလို့ဆိုတော့ ဒီဥစ္စာက အရေးကြီးတယ်ဗျ။ နောက်တခုကကျတော့ ကျနော်ထင်တယ်… လူလတ်တန်းစားက အဓိကအားဖြင့်တော့ ဒီကိစ္စတွေမှာ ဦးဆောင်ကြတာ။ Opinion လူစားလို့ ခေါ်တာပေါ့။ သူတို့က အမြင်ရှိတယ်၊ ကျန်တဲ့ သူတွေကို ရှင်းပြနိုင်တယ်၊ ချပြနိုင်တယ်၊ ဦးဆောင်နိုင်တယ် စသဖြင့် ဒီလိုအနေအထားတွေကျတော့ ကျနော်တို့ဆီမှာ လူထုအုံကြွမှုတွေက အဲဒါမျိုးမှာ ပေါင်းစပ်တာမျိုး ဖြစ်တတ်တာပေါ့”
လူထုအုံကြွမှု အောင်မြင်နိုင်ဖို့ သော့ချက်ကကော။
ဦးဝင်းတင်
“အဓိကအကျဆုံး သော့ချက်လို့ ကျနော်ထင်တာကတော့ လူထုပါဖို့ပဲဗျ။ လူထုပါဖို့ဆိုတာကတော့ ဥပမာ ၈၈ တုန်းက လူထုပါလို့ ဖြစ်တာ။ လူထုမပါရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ရပ်ကွက်တွေ၊ ရပ်ကွက်တွေတိုင်းမှာ ပါတီယူနစ်တွေ ရှိတယ်။ နောက်ပြီး အဖွဲ့အစည်းတွေ ရှိတယ်။ ဒီအဖွဲ့အစည်းတွေ ဘယ်လောက်ပဲရှိရှိ တကယ့်ကို အုံကြွမှုလည်း ပေါ်လည်းလာကော လူထုတရပ်လုံး ထွက်လာတာ။ လူထုဆိုတဲ့ နေရာမှာ ခုနကပြောသလို ကျောင်းသားလူငယ်တင် မကတော့ဘူး။ အလုပ်သမား၊ လယ်သမားတို့၊ မြို့နေလူတန်းစားတွေ ပါလာတယ်။ ရပ်ကွက်ထဲက လူတွေ ထွက်လာတယ်။ ဒါက ပါဝင်တဲ့ နေရာမှာ အရေးကြီးတဲ့ အင်အားစုဟာ လူထုလို့ ပြောလို့ ရတယ်။ လူထုပါလာပြီဆိုရင်တော့ ဒီလူထုအုံကြွမှု၊ လှုပ်ရှားမှုဟာ အောင်မြင်နိုင်တဲ့ အလားအလာ ရှိတယ်”
ဦးခင်မောင်ဆွေ
“ခင်ဗျား ထိုင်းကို ကြည့်ပါလားဗျ၊ အခု လစ်ဗျားကို ကြည့်ပါလားဗျာ။ နိုင်ငံမှာရှိနေတဲ့ ကာကွယ်ရေး အဖွဲ့အစည်းတွေပေါ့။ ကာကွယ်ရေး အဖွဲ့အစည်းတွေက ဘယ်ဘက်က ပါသလဲ၊ ဘယ်နေရာမှာ နေသလဲ၊ ကြားမှာ နေသလား။ အုပ်ချုပ်သူ လူတန်းစာက ဘယ်လောက်မှားယွင်းနေသလဲ၊ ပြည်သူတွေက ဘယ်လောက်မှန်ကန်ပြီးတော့ မှန်ကန်စွာ ဒီဟာကို သယ်ဆောင်နိုင်သလဲဆိုတဲ့ အခြေခံအချက်တွေ လိုတာပေါ့ဗျာ”
“ပြည်သူတရပ်လုံး ပါဝင်နိုင်တဲ့ လှုပ်ရှားမှုသာလျှင် အောင်မြင်နိုင်တာပေါ့။ ဒီလို အစိတ်အပိုင်းတချို့သာ ပါဝင်လာရုံနဲ့တော့လည်း ဒီကိစ္စကြီးတခုလုံးကို မှောက်လှန်ကြည့်ဖို့ဆိုတာလည်း သိပ်မလွယ်လှပါဘူး”
ဦးအောင်သူငြိမ်း
“အဓိကကတော့ ကျနော်ထင်တယ် အချက်တွေက တော်တော်များပါတယ်။ အဓိကကတော့ နိုင်ငံတကာ အခြေအနေလည်း ပါတယ်၊ နောက် ကိုယ့်လူထုဘက်က ဘယ်လောက် အင်အားစုစည်းမိသလဲဆိုတဲ့ အချက်လည်း ပါတယ်။ နောက်တခါ ခေါင်းဆောင်မှုလည်း အရေးကြီးပါတယ်။ နောက် ဘယ်လိုမျိုး မဟာဗျူဟာ ကျင့်သုံးမှာလဲပေါ့”
“အထူးသဖြင့်ကတော့ အုပ်ချုပ်သူဆီမှာရှိတဲ့ စစ်တပ်အပိုင်းပေါ့ဗျာ။ စစ်တပ်တို့၊ ရဲတို့ စသဖြင့် ဒီလို လက်နက်ကိုင် အဖွဲ့အစည်းတွေက ဆန္ဒပြတဲ့ သူတွေဘက်ကို လာပေါင်းမလားပေါ့။ ဒီအချက်လည်း အရေးကြီးတယ်”
မြန်မာ့ဒီမိုကရေစီကူးပြောင်းရေးအတွက် အဓိကအချက်က ဘာလို့ သုံးသပ်နိုင်သလဲ။
ဦးဝင်းတင်
“အလွယ်ဆုံး၊ အဓိက အကျဆုံးအချက်ကတော့ ဒီစစ်အာဏာရှင်တွေ မရှိအောင်၊ စစ်အာဏာရှင် ပြုတ်ကျအောင် ဒီစနစ်ဆိုးကို ပြည်သူလူထုရဲ့ အုံကြွမှုတို့၊ လူထုအုံကြွမှုတို့နဲ့ ရိုက်ချိုးနိုင်ဖို့ပဲ။ အဲဒါက အဓိကပဲလို့ ကျနော်တို့ ပြောလို့ ရနိုင်ပါတယ်။ ဒီမိုကရေစီစနစ် ဖြစ်ထွန်းဖို့အတွက်ကို ဒီမိုကရေစီစနစ်နဲ့ ကြိုးစားတဲ့ နေရာမှာ လူထုအုံကြွမှုတွေက ဒီမိုကရေစီနည်းနဲ့ လူတွေရဲ့ လှုပ်ရှားမှုပဲ”
“ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကိစ္စမှာ အရေးကြီးဆုံးက ဘာလဲဆိုတော့ စစ်အာဏာရှင်တွေဆိုတဲ့ အုပ်ချုပ်သူ အဖွဲ့အစည်းပေါ့… ပါတီဖြစ်ရင် ဖြစ်မယ်၊ စစ်တပ်ဖြစ်ရင် ဖြစ်မယ်၊ လူတစုကို ကိုယ်စားပြုတဲ့ အာဏာရှင်တွေဖြစ်ရင် ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် ဒီအာဏာရှင်တွေ၊ အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်ခြင်းသာလျှင် ဒီမိုကရေစီ အောင်မြင်ရေးအတွက် လမ်းစဖြစ်မယ်”
“အာဏာရှင်ကို မတိုက်ဝံ့ရင် ဒီမိုကရေစီတိုက်ပွဲဆိုတာက ကျနော်ထင်တယ်… လူတွေ လမ်းပေါ်မှာ ဆန္ဒပြရုံလောက်ပဲ ရှိမှာပဲ။ အဲဒီကနေ ဘာမှ တက်လာမှာ မဟုတ်ဘူး”
ဦးခင်မောင်ဆွေ
“အဓိက အကျဆုံးအချက်ကတော့ ကျနော်တို့ ထောင်ထဲ မရောက်ခင်တုန်းကတော့ ဒီစစ်အစိုးရကို ဖြုတ်ချဖို့ပဲပေါ့ဗျာ။ အခုက စစ်အစိုးရ မဖြုတ်ချနိုင်ဘူးလေ။ မရနိုင်တဲ့အပြင် သူကတောင်မှ ပြောင်းပြီးတော့ လွှတ်တော်ခေါ်ပြီးတော့ နောက်အစိုးရ ဖြစ်သွားပြီဗျာ။ အဲဒီလိုဆိုတော့ ကျနော်တို့ သွားရမှာက စစ်အစိုးရ ဖြုတ်ချဖို့ သက်သက်ချည်း လုပ်မှာလား၊ သို့မဟုတ် အခြေခံဥပဒေကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လွှတ်တော်ကတဆင့် ဖြည်းဖြည်းချင်းပဲ စီးပွားရေးဒီမိုကရေစီရအောင် ထူထောင်ပြီးတော့ တဖြည်းဖြည်းချင်း ဒီမိုကရေစီလမ်းကြောင်း ရောက်အောင်ပေါ့ဗျာ၊ ပြည်သူလူထု မနစ်နာဘဲနဲ့ သွားတဲ့ လမ်းကြောင်းကို ယူမလားဆိုတဲ့ ဟာကို နိုင်ငံရေးသမား အားလုံး၊ နိုင်ငံရေးပါတီ အားလုံး၊ ပါဝင်နေတဲ့ State holder အားလုံးက ရွေးချယ်ရမယ့်ကိစ္စ ဖြစ်ပါတယ်”
“မြန်မာနိုင်ငံအဖို့ကတော့ ဆင့်ကဲဖြစ်စဉ်နဲ့ ပြောင်းလဲတဲ့ဘက်ကို သွားနေတာတော့ ကျနော်တို့ မြင်နေရတာပဲဗျာ။ အခုက စစ်အစိုးရက ဆုတ်သွားပြီလေ။ ဆုတ်သွားတဲ့ စစ်အစိုးရ ဖြုတ်ချဖို့ဆိုတာ မရှိတော့ဘူးဗျာ။ ဖြုတ်ချချင်တယ်ဆိုလည်း စိတ်ကူးယဉ်ပဲ ဖြစ်မယ်။ အဲဒီတော့ တကယ် လက်တွေ့ကျတဲ့ ဟာကို စဉ်းစားပြီးတော့ ဒီပွဲမှာ နွှဲပြီး၊ ဒီတပွဲမှာ မအောင်မြင်ရင် နောက် ၅ နှစ်တိုင်အတွင်းမှာ ကျနော်တို့ ပြည်သူတွေ ရွေးချယ်တဲ့ လွှတ်တော်ကြီး ဖြစ်လာအောင်၊ အမှန်အကန် လွှတ်တော်ကြီး ဖြစ်လာအောင် ဝိုင်းဝန်းကြိုးပမ်းခြင်းဖြင့်သာ ဒီ ဒီမိုကရေစီကို ဖြည်းဖြည်းချင်း သွားနိုင််မယ့် အခွင့်အလမ်းရမှာပဲ”
ဦးအောင်သူငြိမ်း
“ကျနော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုတာမျိုးကတော့ အကုန်လုံးပြောနေတာပေါ့။ လက်ရှိ စစ်အစိုးရက ရွေးကောက်ပွဲတွေ လုပ်ပြီးတော့ သူတို့လည်း ဒီမိုကရေစီ သွားမယ်လို့ ပြောနေတာပဲ။ ကျန်တဲ့ အတိုက်အခံ အင်အားစုတွေကလည်း ဒီမိုကရေစီသွားမယ်လို့ ပြောနေတယ်ပေါ့ဗျာ။ ဆိုတော့ အဲဒီအနေအထားမှာ အကုန်လုံး ညှိနှိုင်းပြီးတော့ တူညီတဲ့ လမ်းကြောင်း ရှာနိုင်လို့ ရှိရင်တော့ အကောင်းဆုံးပေါ့”
“ကျနော်တို့ တိုင်းပြည်မှာက တဖက်နဲ့ တဖက်က အားယူပြီး အပြိုင်အဆိုင်လုပ်တဲ့ နိုင်ငံရေးမျိုးက ဆက်ရှိနိုင်တဲ့ အလားအလာမျိုး ရှိပါတယ်”