ဝါရင့်သတင်းစာဆရာကြီး၊ နိုင်ငံရေးသမားကြီး ဦးဝင်းတင် ကွယ်လွန်ခြင်းသည် မြန်မာပြည်သူများအတွက် (နိုင်ငံရေးနယ်ပယ် နှင့် စာနယ်ဇင်းနယ်ပယ် ၂ခုစလုံးအတွက်) ကြီးမားနက်ရှိုင်းသော ဆုံးရှုံးမှုကြီးတစ် ရပ်ဖြစ်ပါသည်။
ယနေ့ကဲ့သို့ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်သောဒီမိုကရေစီရေးနှင့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုတည် ဆောက်ရေးအတွက် မရေမရာသော ကာလကြီးတွင် ဦးဝင်းတင်ကိုဆုံးရှုံးရသည့်အတွက် ပို၍ပင် နစ်နာသည်ဟုလည်း ယူဆပါ သည်။ ဦးဝင်းတင်သည် နောက်ဆုံံးအချိန်အထိ စစ်အာဏာရှင်စနစ်နှင့် ၂၀၀၈ အခြေခံဥပဒေ အားဆန့်ကျင်သွားခဲ့သူ/ ဆန့်ကျင် သွားခဲ့သည်ဟုုဆိုလျှင် လွန်အံ့ မထင်ပါ။
ကျနော်တို့သည် ဦးဝင်းတင်အား အနိစ္စသဘောအရ လူ့ခန္ဓာကိုယ်အရ ဆုံံးရှုံးသွားကြသည် မှန်သော်လည်း ဦးဝင်းတင်၏ “အရေးတော်ပုံစိတ်ဓါတ်”သည် ပြည်သူများ၏ အသည်းနှလုံး၌ ထာဝစဉ် ရှင်သန်နေပါလိမ့်မည်ဟု ယုံကြည်ယူဆပါသည်။ ကျနော်တို့ပြည်သူများ၊ လူငယ်များအတွက် အမွေအနှစ်အဖြစ် ဦးဝင်းတင် ထားရစ်ခဲ့သော“အရေးတော်ပုံစိတ်ဓါတ်”ဖြင့် မတရား တဲ့ အမိန့်အာဏာမှန်သမျှ ဖီဆန်ကြ၊ တော်လှန်ကြဆိုသည့် ဦးဝင်းတင်ညွန်ပြခဲ့သည့် တိုက်ပွဲအား အဆုံးတိုင် ဆက်လက် ဆင်နွှဲ ခြင်းအားဖြင့် ဦးဝင်းတင်သည် ကျနော်တို့ ပြည်သူများနှင့်အတူ ထာဝစဉ် အသက်ရှင်သန်နေပါလိမ့်မည်။
ဦးဝင်းတင် ယခုလို မြန်မြန်ကွယ်လွန်ရခြင်းဟာ ဇာတိ၊ ဇရာ၊ ဗျာဒိ၊ မရဏတည်းဟူသော သက်ရှိလူသားမှန်သမျှ သွားမြဲခရီးစဉ် တရားအတိုင်း သာမန် မီးဇာကုန် ဆီခမ်းဖြစ်ရခြင်းမျိုး မဟုတ်ပါ။ ကြွေချိန်တန်လို့ ကြွေရခြင်း မျိုးလည်းမဟုတ်ပါ။ ဦးဝင်းတင် ကွယ်လွန်ရခြင်း၏ အဓိကအကြောင်းရင်းမှာ (နဝတ-နအဖ) စစ်အစိုးရ၏ နှစ်ပေါင်း ၂၀နီးပါး ဖမ်းဆီးနှိပ်စက် ထောင်ချခြင်း ကြောင့်သာလျှင် ဖြစ်ပါသည်။
(နဝတ-နအဖ) စစ်အစိုးရ၏ အကျဉ်းထောင်တွင်း၌ သတ်ဖြတ်နည်း ၂မျိုးရှိပါသည်။ ကျင့်သုံးပါသည်။ ပထမတစ်နည်းမှာ စစ် ကြောရေးနှင့် အကျဉ်းထောင်တွင်း၌ ရိုက်နှက်ညှင်းဆဲသောနည်းဖြင့် အသေသတ် ခြင်းဖြစ်ပါသည်။ ဦးညိုဝင်း၊ မောင်သော်က၊ ဦးမောင်ကိုတို့ သေဆုံးရခြင်းမှာ ပထမနည်းကြောင့် ဖြစ်ပါသည်။
ဒုတိယနည်းမှာ ရောဂါဘယမျိုးစုံဝင်လာအောင် နှိပ်စက်ညှင်းပမ်းသောနည်း ဖြစ်ပါသည်။ မသေသေအောင် ရောဂါပေါင်းစုံ ဖိစီး နှိပ်စက်အောင် ဖန်တီးဖိနှိပ်ထားပြီး သေခါနီးပြီဆိုမှ ထောင်ကလွှတ်ပေးခြင်းမျိုးဖြစ်သည်။ ဤနည်းဖြင့် စိတ်နဲ့ခန္ဓာ ထောင်း ထောင်းကျေအောင် နှိပ်စက်ပြီးမှ ထောင်က လွှတ်ပေးလိုက်ပါသည်။ ထောင်ပြင်ရောက်သည်နှင့် မကြာမီ ထောင်တွင်းပါ ရောဂါ တစ်ခုမဟုတ်တစ်ခုဖြင့် သေဆုံးစေပါသည်။ ဦးဝင်းတင်သည် ဒုတိယနည်းဖြင့် အသတ်ခံသွားရခြင်းဖြစ်ပါသည်။
ဤနေရာတွင် အတော်များသော လူအချို့က မဆင်မခြင်၊ အမှုမဲ့အမှတ်မဲ့ ပြောနေသည့်စကားတစ်ခွန်းကို စိစစ်ပြချင်ပါသည်။ ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့်တို့လို လူဆိုးတွေ၊ လူယုတ်မာတွေကတော့ အသက်ရှည်ပြီး ဗန်းမော်တင်အောင်၊ မြသန်း တင့်၊ ဦးခင်မောင်မြင့်၊ ဦးညိုဝင်း၊ မောင်သော်က၊ ဦးတင်မိုး စသဖြင့် လူကောင်းတွေ၊ လူမြတ်တွေက အသက်တိုလှသည်။ သေမင်းသည် အကောင်းကြိုက်သည် စသဖြင့်ပြောနေသည့်စကား ရှိပါသည်။ သာမန်ကြည့်လျှင် မှန်သယောင်၊ ဟုတ်သယောင် ရှိပါသည်။ တကယ်တော့မမှန်ပါ။
ကျန်းမာခြင်းနှင့် အသက်ရှည်ခြင်းဆိုသည်မှာ အသက်မွေးဝမ်းကြောင်းရမှု အခြေအနေ၊ နေထိုင်စားသောက်မှု ဘဝအခြေအနေ၊ ကျန်းမာရေး စစ်ဆေးကုသနိုင်သည့် ဘဝအခြေအနေ စသည့် ဘက်ပေါင်းစုံ အခြေအနေ များအပေါ် တည်မှီပါသည်။ ဤသို့ဆို လျှင် ဖိနှိပ်သူ၊ အုပ်စိုးသူတို့သည် အဘယ့်ကြောင့် အသက်ရှည်ရသနည်း။
မြင်သာအောင်ပြောရလျှင် သူတို့သက်ရှည်ကျန်းမာခြင်းဆိုသည်မှာ “ငတေမာ”သည့် သက်ရှည်ကျန်းမာခြင်း မျိုးဖြစ်သည်။
ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့ ကျန်းမာသည်၊ အသက်ရှည်သည်ဆိုသည်မှာ သူတို့၏ အခြေခံကျန်းမာရေးကြောင့် သာမကဘဲ သူတို့သည် အုပ်စိုးသူအာဏာပိုင်အစိုးရဖြစ်နေသဖြင့် သူတို့ ကျန်းမာရေး၊ အသက်ရှည်ရေးအတွက် အချိန်မရွေး ဆေးစစ်၊ ဆေး ကုသနိုင်သည့် အခွင့်အလမ်း၊ စိတ်ကြိုက်စားသောက်နေထိုင်နိုင်သည့် အခွင့် အလမ်းများစွာရှိသည်။ ယင်းအခွင့်အရေးများကို အပြည့်အဝ အသုံးချနိုင်ကြသည်။ အသုံးချခဲ့ကြသည်။ နိုင်ငံခြားသို့ ဆေးစစ်ဆေးကုသွားနိုင်ကြသည်။ ကောင်းပေ့ညွန့်ပေ့ ဆိုသည့် ဆေးဝါး၊ အစားအစာနှင့် နေအိမ်တွင် ဘယ်သူသေသေ ငတေမာစွာ နေနိုင်ကြသည်။ တကယ်တော့ သူတို့ အသက်ရှင် ခြင်းမှာ “ငတေမာခြင်း”သာဖြစ်သည်။
အကယ်၍သာ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ ဦးခင်မောင်မြင့်၊ ဦးညိုဝင်း၊ မောင်သော်က၊ ဦးတင်မိုး၊ ဦးမောင်ကို၊ ဦးဝင်းတင် တို့သည်လည်း ဖိနှိပ်အကျဉ်းချမခံရဘဲ အေးချမ်းစွာ နေထိုင်သွားနိုင်သည့် ဘဝအခြေအနေ ပတ်ဝန်းကျင်သာရှိနေမည်ဆိုလျှင် အသက်ရာ တန်းရှည်ကြမည့်သူများဖြစ်ပါသည်။
ဦးဝင်းတင် အပါအဝင် အစဉ်အလာရှိသော နိုင်ငံရေးသမားကြီးများ၊ စာရေးဆရာများ၊ ကဗျာဆရာများ အရွယ်မတိုင်ခင် ဆုံးပါး ကွယ်လွန်ကြရခြင်း၏ အဓိကအကြောင်းတရားမှာ စစ်အစိုးရ၏ လူမဆန်သော အကြမ်းဖက်ဖိနှိပ်မှုများကြောင့် ဖြစ်ပါသည်။
သို့ပါ၍ ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့ အသက်ရှည်ခြင်း(ငတေမာခြင်း)သည် ပြည်သူများအတွက် ပူပန်သောကပွားစရာ၊ စိတ် နှလုံး မချမ်းသာစရာဖြစ်ရပြီး ထိုသူများ မြန်မြန်သေခြင်းမှာ ပြည်သူတို့အတွက် ရွှင်လန်းစရာဖြစ်နေတော့သည်။
ဦးဝင်းတင်တို့ကဲ့သို့ ပြည်သူ့အကျိုးအစဉ် မျက်နှာမူနေသောသူများ မမာမကျန်းဖြစ်ရခြင်း၊ ကွယ်လွန်ဆုံး ပါးရခြင်းမှာ ပြည်သူများ အတွက် သောကရတက်ပွားစရာ၊ နှလုံးစိတ်ဝမ်း မချမ်းသာစရာဖြစ်ပါသည်။ လွမ်းစရာ၊ နှမျောတသစရာ ဖြစ်ပါတော့သည်။ အစားထိုးမရနိုင်သည့် ဆုံးရှုံးမှုမျိုးလည်းဖြစ်သည်။
ပြည်သူ့အကျိုးဆောင်မည့်သူများ၊ ပြည်သူအား လမ်းမှန်ညွန်ပြရှေ့ဆောင်မည့်သူများကို (လက်ရှိအစိုးရ အပါအဝင်) အုပ်စိုးသူ အစိုးရ အဆက်ဆက်က မလိုမုန်းထားပြီး ဖိနှိပ်သတ်ဖြတ်ခဲ့ပါသည်။ သို့မှသာ ပြည်သူများအပေါ် ၎င်းတို့ ထာဝရဖိနှိပ်အုပ်စိုးနိုင် မည် မဟုတ်ပါလား။
ထို့အပြင် “အုပ်စိုးသူများထဲမှာ တစ်ဦးတစ်ယောက်သေရုံမျှဖြင့် အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရိုး ထုံးစံမရှိသည့်အ ချက်”ကိုလည်း ကျနော်တို့ပြည်သူများသည် ကိုယ်ပိုင်အတွေ့အကြံုအရ သိရှိသဘောပေါက် နေကြပြီးဖြစ်ပါသည်။ စစ်အာဏာရှင် ဗိုလ်နေဝင်း သေသွားသော်လည်း စစ်အာဏာရှင်စနစ် ယန္တရားကြီး ကျန်ရစ်ခဲ့သဖြင့် ဗိုလ်စောမောင် - ဗိုလ်သန်းရွှေ- ဗိုလ်ခင် ညွန့်ဟူသော အာဏာရှင်များက အာဏာရှင်စနစ်ကို ဆက်လက် ခုတ်မောင်းကြသည်။ ပြည်သူများကို ဗိုလ်နေဝင်းကဲ့သို့ပင် ဖိနှိပ်မြဲ ဖိနှိပ်ကြသည်။ အကြမ်းဖက်မြဲ အကြမ်းဖက်ကြသည်။ ဗိုလ်စောမောင်- ဗိုလ်ခင်ညွန့်တို့မရှိတော့လည်း စစ်အာဏာရှင် စနစ် ယန္တရားကြီးဆက်လက် ကျန်ရစ်သည်၊ ဗိုလ်သန်းရွှေက ဆက်လက်ခုတ်မောင်းပြန်သည်၊ ယခုအခါ ဗိုလ်သန်းရွှေ၏ အာဏာအမွေကို ဆက်ခံကြသည်ဟူသော ဗိုလ်သိန်းစိန် - ဗိုလ်ရွှေမန်း - ဗိုလ်မင်းအောင်လှိုင် တို့ကလည်း သေနတ်- မီးလောင် ဗုံး- ဘူဒိုဇာတို့ဖြင့် ပြည်သူများကို ဆက်လက်ဖိနှိပ်မြဲ၊ လှည့်စားမြဲ၊ အကြမ်းဖက်မြဲဖြစ်သည် မဟုတ်ပါလား။
သို့ပါ၍ “အာဏာရှင်ဆိုသည့် လူပုဂ္ဂိုလ်သေရုံဖြင့် အာဏာရှင်စနစ်ယန္တရားသည် ဒီမိုကရေစီစနစ်ယန္တရားသို့ အလွယ်တကူ ပြောင်းလဲမသွားနိုင်”ဟူသည့် လက်တွေ့သင်ခန်းစာကို ကျနော်တို့ ပြည်သူများ၏ လက်တွေ့ဘဝထဲက ထုတ်နုတ်ယူနိုင်ပါသည်။
စစ်အာဏာရှင်ရော၊ စစ်အာဏာရှင်စနစ်ယန္တယားကိုပါကို အပြီးအတိုင် အကုန်အစင် ဖျက်သိမ်းပစ်နိုင်မှသာလျှင် ပြည်သူများ၏ ဘဝသည် ရေရှည်တည်ငြိမ် အေးချမ်းသာယာနိုင်လိမ့်မည်ဖြစ်ပါသည်။
စစ်အာဏာရှင်စနစ်ကို အပြီးတိုင် အကုန်အစင် တိုက်ဖျက်လိုပါလျှင် ဦးဝင်းတင်၏ “အရေးတော်ပုံစိတ်ဓါတ်”ကို ခံယူတည် ဆောက်ပြီး တိုက်ပွဲဝင်ကြရပေလိမ့်မည်။ “လူငယ်နဲ့ ရဲရင့်မှု”ဆိုတဲ့ ခေါင်းစဉ်နဲ့ မေးမြန်းသော အင်တာဗျူးတစ်ခုတွင် ရဲရင့်မှုနှင့် ပတ်သက်ပြီး ဦးဝင်းတင်က ယခုလို ဖြေကြားခဲ့သည်။
“ရဲရင့်မှုဟာ အမှန်တရားဘက်မှ ရပ်တည်ရုံသာမဟုတ်၊ အမှန်တရားဘက်မှ တိုက်ပွဲဝင်ခြင်း ဖြစ်တယ်”
ကျနော်တို့ပြည်သူများ၊ လူငယ်များသည် ဦးဝင်းတင်ကွယ်လွန်သည့်အတွက် ဝမ်းနည်းပူဆွေး သောကရောက် နေကြားက ကျဆင်းနေတဲ့ မျက်ရည်များကြားမှ ယခု ဦးဝင်းတင်ညွန်ပြခဲ့သည့် “တတိယအရေးတော်ပုံကြီး” အတွက် ရဲရင့်စွာ တိုက်ပွဲဝင်ရန် ညီညွှတ်စွာ သန္နိဋ္ဌာန်ချကြပါစို့။
မနေ့ကလည်း တနေကုန်
ဒီနေ့လည်း တနေကုန်ပြန်
နက်ဖြန်လည်း ကုန်အုန်းမယ်။
ကုန် ကုန် ကုန်
ကုန်ချင်သလောက် ကုန်စမ်း။
တရက် ကုန်မလား၊ တသက် ကုန်မလား။
တလ ကုန်မလား၊ တဘဝကုန်မလား။
တနှစ် ကုန်မလား၊
တခေတ် ကုန်မလား။
အားမလျှော့ဘူး၊ မပျော့ဘူး။
ပေဖြစ်တော့ခံမယ်၊ တူဖြစ်တော့ နှံမယ်။
အမှန်တရား တို့ဘက်မှာရှိတယ်။
ပြည်သူအများ တို့ဘက်မှာရှိတယ်။
ကာလယန္တရား တို့ဘက်မှာရှိတယ်။
ရှင်တော်ဘုရား တို့ဘက်မှာရှိတယ်။
(ဦးဝင်းတင်၏ ကျားရဲကဗျာမှ ကောက်နုတ်ချက်)