ရိုးရာဓလေ့နှင့် ခေတ်၏ စိန်ခေါ်မှုများ

ရိုးရာဓလေ့နှင့် ခေတ်၏ စိန်ခေါ်မှုများ
by -
ကေအိုင်စီ

ပျံ့နှံ့နှုန်း မြင့်မားမြန်ဆန်လွန်းသော ဆက်သွယ်ရေးနည်းပညာ၏ အစွမ်းဖြင့် ကမ္ဘာကြီးအား တစ်ပုံစံထဲဖြစ်အောင် သွတ်သွင်း လျက်ရှိနေသည်။ လူငယ်များ၏ ဝတ်စားဆင်ယင်မှုနှင့် အာရုံခံစားမှုသည် တပုံစံထဲလိုလို ဖြစ်လာနေသည်။

သို့ဖြင့် ဝင်ရောက်လာနေသော ဓလေ့သစ်များ၏ အရောင်၊ ဒီဇိုင်း၊ အသံများနှင့် နေထိုင်မှုပုံစံများက သက်ဆိုင်ရာ တိုင်းပြည်များ ၏ အစဉ်အလာ ရိုးရာဓလေ့များကို နေ့စဉ်နှင့်အမျှ စိန်ခေါ်အကဲစမ်းလျက်ရှိပါသည်။ ရိုးရာဓလေ့ထဲတွင် ဘာသာစကား၊ စာပေ၊ ကိုးကွယ်မှုနှင့် ဝတ်စားဆင်ယင်မှုတို့လည်း အပါအဝင် ဖြစ်ပါသည်။

၂၅-၃-၂၀၁၄ရက်နေ့ထုတ်၊ နေ့စဉ်သတင်းစာထဲ၌ လည်တိုင်တွင် ကြေးကွင်းများစွပ်ကာ ရိုးရာဓလေ့အတိုင်း နေထိုင်လေ့ရှိသည့် တိုင်းရင်းသား ကယန်းအမျိုးသမီးများတွင် ဆယ်ကျော်သက် အမျိုးသမီးငယ်များ၌ ရိုးရာဓလေ့တိမ်ကောလာကာ ဝတ်ဆင်သည့် ဓလေ့ မရှိသလောက် နည်းပါးလာကြောင်း သတင်းတိုတစ်ပုဒ် ဖတ်လိုက်ရပါသည်။

ယခုကဲ့သို့ ရိုးရာဓလေ့ တိမ်ကောလာရသည့် အကြောင်းအရင်းကို အချက် ၃ချက်ဖြင့် အောက်ပါအတိုင်း ဖော်ပြထားပါသည်။

ကြေးကွင်းများမှာ စရိတ်ကြီးမြင့်ခြင်း လှုပ်ရှားသွားလာရာတွင် အခက်အခဲရှိခြင်း၊ ခေတ်နှင့်လိုက်လျောညီထွေ မရှိခြင်း တို့ကြောင့် ဖြစ်ပါလိမ့်မည်။

ထို့အပြင် အခြေခံပညာကျောင်းများသို့ တက်ရောက်သင်ကြားသူ၊ တက္ကသိုလ်များသို့ တက်ရောက်ပညာ သင်ကြားသူ များပြား လာသဖြင့် ခေတ်ပညာတတ် ကယန်းအမျိုးသမီးငယ်များမှာ ကြေးကွင်းစွပ်ရန် အခြေအနေမပေးတော့ကြောင်းလည်း အကြောင်းအချက်တစ်ခုအဖြစ် သီးခြားဖော်ပြထားပါသည်။

သို့ဖြင့် အထက်ပါ အချက်အလက်များမှ အောက်ပါတွေးတောဖွယ်ရာ အချက်များကို ပေါ်ပေါက်လာစေပါသည်။

ရိုးရာဓလေ့မှန်သမျှကို အရှည်တည်တံ့ခိုင်မြဲစေရန် ထိန်းသိမ်းသင့်ပါ၏လော။ ရိုးရာဓလေ့ကို အရှည်တည်တံ့ ခိုင်မြဲစေရန် မည်သို့ထိန်းသိမ်းကာကွယ်ကြမည်နည်း။

လူမျိုးတိုင်း သူ့သက်ဆိုင်ရာ လူမျိုးအလိုက် ရိုးရာဓလေ့ကို အရှည်သဖြင့် တည်တံ့ခိုင်မြဲစေရန် ထိန်းသိမ်းကာ ကွယ်စောင့်ရှောက် လိုကြပေလိမ့်မည်။ လွယ်လွယ်ဖြင့် စွန့်ပယ်လိုကြလိမ့်မည် မဟုတ်ချေ။ ရိုးရာဓလေ့ တွင်လည်း အရှည်သဖြင့် ထိန်းသိမ်းအပ် သော ရိုးရာဓလေ့များရှိသကဲ့သို့ ထိန်းသိမ်းရန် မသင့်တော်သည့် ရိုးရာဓလေ့များလည်း ရှိကြပေလိမ့်မည်။ အဘယ်ရိုးရာဓလေ့ သည် ထိန်းသိမ်းအပ်ပြီး၊ အဘယ်ကဲ့သို့သော ရိုးရာဓလေ့များကိုကား ထိန်းသိမ်းရန်မသင့် ဟူသည်ကိုမူ သက်ဆိုင်ရာ လူမျိုးများ က စဉ်းစားဆုံးဖြတ်ကြရမည်ဖြစ်သည်။ သေချာသည်မှာ ရိုးရာဓလေ့များကို အတင်းအဓမ္မ အကြပ်ကိုင်၍ စွန့်ပယ်ရန် တောင်းဆို ခြင်း မပြုသင့်သည့်အချက်ပင် ဖြစ်သည်။

ဆက်လက် ထိန်းသိမ်းရန် မသင့်တော်သည့် ရိုးရာဓလေ့များကို ဆန်းစစ်ကြရာတွင် အကြင်ရိုးရာဓလေ့ တစ်ခုသည် ကျန်းမာရေး နှင့် ခန္ဓာကိုယ်လှုပ်ရှားကြီးထွားမှုကို အန္တရာယ်နှင့် အကန့်အသတ် ဖြစ်စေသည်ဟု ဆိုလျှင်မူ စွန့်လွှတ်ကြရပေလိမ့်မည်။ ဥပမာ အားဖြင့် ဆေးလိပ်၊ ဆေးတံသောက်သည့်ဓလေ့၊ ကွမ်းစားသည့် ဓလေ့၊ ပရဲထိုးသည့်ဓလေ့၊ ကြေးကွင်းစွပ်သည့်ဓလေ့ စသည်တို့ ပါဝင်ပါသည်။ ရှေးမြန်မာလူမျိုးတို့ ယောက်ျားများ၏ ပေါင်နှစ်ဖက်တွင်း ထိုးခဲ့ကြသည့် ထိုးကွင်မင်ကြောင်ထိုးသည့် ဓလေ့၊ သျှောင်ထုံးသည့် ဓလေ့မှာ ယခုအခါ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ တရုတ်ပြည်တွင်လည်း ခြေသေးမ ဓလေ့သည် ပျောက် ကွယ်သွားခဲ့ပြီဖြစ်သည်။

ယနေ့ခေတ်အခါတွင် ရိုးရာဓလေ့ဝတ်စားဆင်ယင်မှုသည် အလျင်အမြန် ရွေ့လျားပြောင်းလဲနေသည်။ ရှေးကပုံစံအတိုင်း မဟုတ် တော့၊ ခေတ်နှင့်အညီ ပြောင်းလဲဆန်းသစ်နေကြသည်။ ယင်းအချက်ကို ပြောင်းလဲလာနေသည့် ရိုးရာဝတ်စုံများ၏ ဒီဇိုင်းများက သက်သေခံနေပါသည်။ ကချင်၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရှမ်း ဝတ်စုံများသည် ရှေးရိုးပုံုစံများမဟုတ်တော့ဘဲ ယခုအခါ ဆန်း သစ်သော ဒီဇိုင်းပုံစံသစ်များဖြင့် တသွင်ဆန်းနေသည်မဟုတ်ပါလား။ အမျိုးသမီးအများစု ဝတ်ဆင်သည့် ထဘီသည်ပင် စကတ် ထဘီအဖြစ် ရွေ့လျားသွားသည်။ ရိုးရာဝတ်စုံသည် ပွဲတက်ဝတ်စုံ (သက်ဆိုင်ရာ အမျိုးသားနေ့အခမ်းအနား၊ ဘွဲ့ယူခြင်း၊ မင်္ဂလာ ဆောင်ခြင်း)အဖြစ်သာ ဝတ်ဆင်ကြတော့သည်။ ဤသို့ဖြစ်ရသည်မှာ ထိုရိုးရာဝတ်စုံများ၏ စျေးနှုန်းမြင့်မားလာမှုသည်လည်း အချက်အလက်တစ်ခုအဖြစ် ပါဝင်ပါသည်။

ထို့အပြင် သတင်းနည်းပညာစွမ်းကြောင့်လည်း ဝတ်စားဆင်ယင်မှုနှင့် ရုပ်ရှင်၊ တေးဂီတပိုင်းသည် ကျန်အခြားနယ်ပယ်များထက် ပြောင်းလဲမှုအရှိန် ပိုမြန်ပါသည်။ သို့အတွက် ကမ္ဘာနှင့် လူငယ်ထု၏ ဝတ်စားဆင်ယဉ်မှုနှင့် အာရုံခံစားမှုသည် တချိန်ထဲ တပြိုင် ထဲ တပုံစံထဲလိုလို ဖြစ်နေပါသည်။

အခြေခံအားဖြင့် ရိုးရာဓလေ့ဆိုသည်မှာ သီးခြားတည်ရှိနေသည့် အရာမဟုတ်။ လူမျိုးတစ်မျိုး၏ ရိုးရာဓလေ့သည် သက်ဆိုင်ရာ လူမျိုးတစ်မျိုး၏ ကုန်ထုတ်လုပ်မှုနှင့် တိုက်ရိုက် ဆက်စပ်ပတ်သက်နေသည့် ကိစ္စလည်းဖြစ်ပြီး ထိုကုန်ထုတ်လုပ်ရေးနှင့် အဆက် ဖြတ်ခွဲခွာ၍ ရစကောင်းသောအရာလည်း မဟုတ်ချေ။ ဥပမာအားဖြင့် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးသော လူမျိုးတစ်မျိုး၏ ရွှေ့ ပြောင်းတောင်ယာစိုက်ပျိုးရေးနှင့် သက်ဆိုင်သည့် ရိုးရာဓလေ့ (စိုက်ပျိုးမည့်နေရာရွေးချယ်ခြင်း၊ နေ့ရက်သတ်မှတ်ခြင်း၊ ကောက် သစ်ပေါ်သည့်အခါ ပူူဇော်ပသသည့်ရိုးရာဓလေ့)သည် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးမှု တည်ရှိနေသမျှ ကာလပတ်လုံး တည်တံ့ နေမည်သာဖြစ်သည်။ ကုန်ထုတ်လုပ်မှုဆိုသည်မှာ တစ်နေရာတည်းတွင် မပြောင်းမလဲ အစဉ် ရပ်တည်နေသည့်သဘောမရှိ၊ အစဉ်တိုးတက်သစ်လွင် ပြောင်းနေသော ဖြစ်စဉ်တစ်ရပ်ဖြစ်သဖြင့် ရိုးရာဓလေ့သည်လည်း အစဉ်မပြတ် ပြောင်းလဲလာနေသည့် ကုန်ထုတ်လုပ်မှု နည်းပညာသစ်များနှင့် လိုက်လျောညီထွေ ပြောင်းလဲဆန်းသစ်သွားကြရမည်သာ ဖြစ်သည်။ သို့မှသာ ရိုးရာ ဓလေ့များသည်လည်း ခေတ်ကာလအခြေအနေနှင့်အတူ ပြောင်းလဲဆန်းသစ် ရှင်သန်ခိုင်မာနေပေလိမ့်မည်။

Most read this week