မောင်ကျော်စွာ။ ။နိုဝင်ဘာ ၁၉ရက်၊ အစိုးရပိုင်သတင်းစာတွင် “တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်း” (လေ့ လာသိရှိအကြံပြုနိုင်) ဖော်ပြထားသည်။ ထိုဥပဒေကြမ်း တွင် အခန်း (၉)ခန်း၊ ပုဒ်မပေါင်း ၃၀ ပါရှိသည်။
လက်ရှိ “၂၀၀၈ အခြေခံဥပဒေ”တွင် တိုင်းရင်းသားလူမျိုးများ အစဉ်အဆက် တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသည့် တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အခွင့်အရေးများ တိတိကျကျ ခိုင်ခိုင်မာမာ ပြဋ္ဌာန်းထားခြင်းမရှိ။ ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့် မကိုက်ညီသဖြင့် ပြင်ဆင်ရန် (သို့မဟုတ်) အသစ်ရေးဆွဲရန် တာစူနေကြသည့်အချိန်လည်း ဖြစ်သည်။
ဤသို့သော အခြေအနေ အချိန်အခါတွင် “တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက် သည့် ဥပဒေကြမ်း” ပေါ်ထွက် လာခဲ့ခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ နိုင်ငံအတွင်းရှိ ဥပဒေအားလုံး၏ အခြေခံဥပဒေဖြစ်သည်ဟု ဥပဒေပညာရှင်များ က ဖွင့်ဆိုကြသည်။
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကို အခြေခံဥပဒေ၌ တိတိကျကျ ခိုင်ခိုင်မာမာ ထည့်သွင်းပြဋ္ဌာန်းပေးရမည်၊ ကာကွယ်ပေးရ မည်သာ ဖြစ်သည်။ “၂၀၀၈ အခြေခံဥပဒေ”၌ “တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” အခွင့်အရေးများ ပြဋ္ဌာန်းထားခြင်းမရှိဘဲ လက် အောက်ခံဥပဒေတစ်ခုကို ပြဋ္ဌာန်းရုံမျှဖြင့် တိုင်းရင်းသားလူမျိုးများ အစဉ်တစိုက် တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသည့် အခွင့်အရေးများ ပြည့် ပြည့်ဝဝ ရရှိနိုင်လိမ့်မည် မဟုတ်ချေ။ သို့ပါ၍ သတင်းစာများတွင် ဖော်ပြလာသည့် ဤ“ဥပဒေကြမ်း”သည် အချိုသပ် လှည့်ဖျားမှုတစ်ခု သာ ဖြစ်သည်။ ဟန်ပြဥပဒေတစ်ခုသာ ဖြစ်သည်။
(မဆလ)၏ “၁၉၇၄အခြေခံဥပဒေ”တွင် ကော်သူလေးကို “ကရင်ပြည်နယ်”၊ ချင်းဝိသေသတိုင်းကို “ချင်းပြည်နယ်”၊ တနင်္သာရီတိုင်း(၁) ကို “မွန်ပြည်နယ်”၊ တနင်္သာရီတိုင်း(၂)ကို “တနင်္သာရီတိုင်း”၊ ရခိုင်တိုင်းကို “ရခိုင်ပြည်နယ်” ဟူ၍ သတ်မှတ်ပေးခဲ့သည့် နည်းလမ်းမျိုးပင် ဖြစ်လိမ့်မည်။ (Karen Revolutionary Council-KRC စောဟန်တာသာမွှေး တောင်းဆိုသဖြင့် ကရင်ပြည်နယ်ကို “ကော်သူးလေ” ဟူ၍ “စတိ”သဘော ကာလတစ်ခု အမည်တပ် လိုက်လျော ခေါ်ဝေါ်ပေးဖူးခဲ့သော်လည်း နောက်ပိုင်းတွင် ဖျက်သိမ်းပစ်ခဲ့သည် မဟုတ်ပါလော။ အုပ်စိုးသူများသည် သူတို့ဂွင်ထဲမဝင်မီ လိုက်လျောတတ်၏၊ ဝေဝေရွှန်းရွှန်း မစားရဝခမန်းလည်း ပြောတတ်၏။ ဂွင်ထဲရောက်သွားသော် ပြောခဲ့သောစကား/ ပေးခဲ့သောကတိတို့သည် ပြီးပြီးပျောက်ပျောက် ရှိတတ်သည်ကို သတိပြုကြရမည်)
“၁၉၄၇အခြေခံဥပဒေ”တွင် ပြည်နယ်မရရှိသော တိုင်းရင်းသားများသည် “၁၉၇၄ အခြေခံဥပဒေ”အရ “ပြည်နယ်”တွေ (သတ်မှတ်ဖွဲ့စည်း ၍) ရလာခဲ့သည်။ ပြည်နယ်တွေမရှိရာက ပြည်နယ်တွေ ရရှိလာခဲ့၏။
ပြည်နယ်ရရှိလာခဲ့သည့် တိုင်းရင်းသားများနှင့် ပြည်နယ်ရရှိထားပြီးသော တိုင်းရင်းသားများသည် “၁၉၇၄အခြေခံဥပဒေ”အရ “တန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” အခွင့်အရေးများ တင်းပြည့်ကျပ်ပြည့် ရရှိခံစားခဲ့ကြရပါသလား။ ဤမေးခွန်းကို ဖြတ်သန်းလာခဲ့ရသော သမိုင်းဖြစ်ရပ်များက လုံးဝ မရှိခဲ့ကြောင်း ရဲရဲဝံ့ဝံ့ပင် ခေါင်းရမ်းပြနေပါသည်။
ဤ “ဥပဒေကြမ်း” သည် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရန် အမည်တပ်ထားသော်လည်း သမ္မတစိတ် ကြိုက် (လက်စွဲတော်ရုပ်သေး/ဓါးစာခံ/ဒိုင်းအဖြစ် အသုံးချရမည့်) တိုင်းရင်းသားရေးရာ ဝန်ကြီးတစ်ဦးနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဌာနတစ်ခု ခန့်အပ်/ဖွဲ့စည်းရေး ဥပဒေကြမ်းသာလျှင် ဖြစ်သည်။ (ဥပဒေကြမ်း၊ အခန်း ၄ နှင့် ၅ ရှိ ပုဒ်မများကို ကြည့်ပါ)
တိုင်းရင်းသားလူမျိုးများအကြား ယှဉ်ပြိုင်လုယက်စရာ “ဂွင်”တစ်ခု ဖန်တီးပေးလိုက်ခြင်းလည်း ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများကို တိုင်းရင်းသား(လူမျိုး) ဝန်ကြီးနှင့် ထိပ်တိုက် “တည်”ပေးလိုက်ခြင်းလည်း ဖြစ်သည်။ ငါးကြင်းဆီနှင့် ငါးကြင်းကြော်သည့်သဘောပင်။
“၂၀၀၈ အခြေခံဥပဒေ”၌ တိုင်းရင်းသားအခွင့်အရေးများ အပြည့်အဝ ပြဋ္ဌာန်းပေးထားပြီးဖြစ်သကဲ့သို့ ထင်မှတ်မှားအောင် လိမ်လည် လှည့်ဖြားသည့်သဘောလည်း ဖြစ်သည်။ [အခန်း ၂ “ရည်ရွယ်ချက်များ” ပုဒ်မ ၃ ပုဒ်မခွဲ (စ) ကိုကြည့်ပါ]
တကယ်စေတနာရှိရိုးမှန်လျှင် “တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” အခွင့်အရေးများကို အစကတည်းက အခြေခံဥပဒေတွင် တိတိကျ ကျ ခိုင်ခိုင်မာမာ ပြဋ္ဌာန်းပေးရမည် မဟုတ်ပါလော။ ထည့်သွင်းပြဋ္ဌာန်းထားခြင်း မရှိလျှင်လည်း အခြေခံဥပဒေတွင် တိတိကျကျ ခိုင်ခိုင် မာမာ ထည့်သွင်းပြဋ္ဌာန်းပေးရမည်။
လွှတ်တော်အဆင့်ဆင့်က ပြုလုပ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေတစ်ခုသည် တည်ဆဲအခြေခံဥပဒေကို မည်သို့မျှ ကျော်လွန်နိုင်လိမ့်မည် မဟုတ်ချေ။ (၂၀၀၈၊ အခြေခံဥပဒေ ပုဒ်မ ၁၉၈ကို ကြည့်ပါ)။ သို့ပါ၍ ဤ“ဥပဒေကြမ်း” သည် “၂၀၀၈အခြေခံဥပဒေ”ကို ကျော်လွန်၍ မရ နိုင်သည်မှာ ထင်ရှားသည်။ တစ်နည်းအားဖြင့် ဤ“ဥပဒေကြမ်း”သည် “၂၀၀၈အခြေခံဥပဒေ” ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲ ရေးလုပ်ငန်းများနှင့် မျက်ခြေဖြတ်ခြင်းဖြစ်ပြီး “၂၀၀၈ အခြေခံဥပဒေ” ဘောင်ထဲသို့ လှည့်စားသိမ်းသွင်းသည့် ဥပဒေတစ်ခုပင် ဖြစ်သည်။ ထို့အပြင် ဤ“ဥပဒေကြမ်း”ပါ ရည်ရွယ်ချက်များ၊ လုပ်ပိုင်ခွင့်များကို အသုံးပြု၍ “တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” အခွင့်အရေးများကို တောင်းဆို၍ မရနိုင်ပါ။ (ဥပဒေကြမ်း၊ အခန်း ရ၊ ပုဒ်မ ၂၀ ကိုကြည့်ပါ)
(ဗိုလ်နေဝင်း) တော်လှန်ရေးကောင်စီအစိုးရသည် “တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို ကာကွယ်သည့် ဥပဒေ(၁၉၆၄)” ထုတ်ပြန်၍ နိုင်ငံရေးပါတီ အဖွဲ့အစည်း အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်၊ တည်ထောင်လှုပ်ရှားခွင့် စသော ဒီမိုကရေစီအခွင့်အရေးများကို ဖျက်သိမ်းပစ်ခဲ့ဖူး သည်။ ယခုလည်း ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရသည် “တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်း”ဖြင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများအား ပိတ်ပင်၊ ဟန့်တား၊ လှည့်ဖျားရန် မသင့်ပါ။
ယနေ့ လူမျိုးပေါင်းစုံပြည်သူများ မျက်ခြည်မပြတ် အာရုံစိုက် ဆောင်ရွက်ရမည့် အရေးကိစ္စမှာ ပြည်တွင်းစစ်ကို အပြီးအပြတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီစံနှုန်းများ၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ ပြည့်ပြည့်ဝဝ တိတိကျကျ အာမခံနိုင် မည့် အခြေခံဥပဒေတစ်ခု ပေါ်ထွက်လာရေးပင် ဖြစ်သည်။