(ဆောင်းပါး) မဲဆောက်မြို့ရဲ့ကျောင်းကြီးဘုရား ၀န်း ထဲက ဆီမီးထိန်ထိန်တွေကြားမှာ ကျမကို လှမ်းခေါ်သံ ကြားလိုက်တယ်။ လူငယ်လေးတစ် ယောက်။ မှတ်မိလွယ်တဲ့ မျက်ဝန်းတွေနဲ့မို့ အားရ ဝမ်းသာပဲ ပြန်ထူးမိတယ်။
သီတင်းကျွတ်လပြည့်ည။
မဲဆောက်မြို့ရဲ့ကျောင်းကြီးဘုရား ၀န်း ထဲက ဆီမီးထိန်ထိန်တွေကြားမှာ ကျမကို လှမ်းခေါ်သံကြား လိုက်တယ်။ လူငယ်လေးတစ် ယောက်။ မှတ်မိလွယ်တဲ့ မျက်ဝန်းတွေနဲ့မို့ အားရ ဝမ်းသာပဲပြန်ထူးမိ တယ်။
ဒီနေ့ဟာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့ အကျဉ်းသားတွေကို ဒုတိယအကြိမ် ပြန်လွှတ်ပေးတဲ့နေ့လည်း ဖြစ်တယ်။ ပြန်လွတ် မြောက်လာတဲ့ ၆,၃၅၉ ဦးသော အကျဉ်းသားတွေထဲမှာ အမေ ပါလာမလားဆိုတဲ့မျှော် လင့်ချက် မျက်ဝန်းမျိုးကို ကျမ မြင်တွေ့ လိုက်ရတယ်။
သူ့နာမည်က ရန်ကုန်။
“အခုထိတော့ အမေ့သတင်း ဘာမှမကြားသေးဘူး”
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ သူ့အမေနာမည်က မသန္တာ။ အိမ်မဲမြို့နယ် NLD ပါတီရဲ့စည်းရုံး ရေးမှူး။ အဖေက လည်း ယုံကြည်ချက်နဲ့ ရပ်တည်နေသူ။ သားအလတ်ဖြစ်တဲ့ သူ့မှာ ၂၂နှစ်အရွယ် အစ်မနဲ့ ၁၂နှစ်အရွယ် ညီလေးတစ်ယောက် ရှိတယ်။ သူက ၁၈နှစ်။
“အမေ အဖမ်းခံရတော့ ကျနော်က ၁၃နှစ်။ ညီလေးက ရနှစ်ပဲ ရှိသေးတယ်။ အိမ်အောက်မှာ အဖိုးကို ထောက်လှမ်းရေးတွေ က အမေ့ကိုဖမ်းတဲ့အကြောင်း ပြောသံကြားတော့ ၀မ်းလည်းနည်း၊ကြောက်လည်း ကြောက်နဲ့ နောက်ဖေးပေါက်ကနေ ပြေး ထွက်ခဲ့တယ်။”
၀မ်းနည်းစိုးရိမ် ထိတ်လန့်မှု ကလေးဘဝကို သူ ပြောပြတယ်။ အဲဒီအချိန်တုန်းက အမျိုးတွေအိမ်လှည့်ပတ် နေရင်း အမေ့ရင် ခွင်ကို တမ်းတနေမိတယ်လို့ ဆိုပြန်တယ်။ ၁၆-၄-၂၀၀၇ရက်နေ့ဟာ သူ့အတွက်အိပ်မက် ဆိုးတွေ။ ပြီးတော့ အမေတစ် ယောက်ကို သားတစ်ယောက်က နက်နက်နဲနဲ လွမ်းခြင်းတွေမွေးဖွားစေခဲ့တဲ့ နေ့။
“အမေ့ကို သားလည်းလိုက်မယ်လို့ ပူဆာသေးတယ်။ အမေက အိမ်မဲ သွားမယ်လို့ ပြောတာကိုး။ အမေက ပြည်တွင်းကိုအပြန် မြဝတီစစ်ဆေးရေးဂိတ်မှာ အဖမ်းခံလိုက်ရတာပါ။”
အင်းစိန်ထောင်ထဲမှာရှိနေတဲ့ သူ့အမေက ပုဒ်မ ၁၇/၁၊ ၁၃/၁၊ ၁၂၄တို့နဲ့ စွဲချက်အတင်ခံခဲ့ရတယ်။တရား မဝင် နယ်စပ်ဖြတ်ကျော်မှု၊ တရားမဝင်အသင်းနဲ့ ဆက်သွယ်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတွေ ဖြစ်တယ်။
ထောင်ဒဏ် ၂၈နှစ် ချမှတ်ပြီး ဒဏ်ကြေးတစ်ထောင် ဆောင်ရမယ်ပြောတော့ မဆောင်လို့ တနှစ်တိုးပြီး ၂၉နှစ် ကျခံခဲ့ရတယ်။ ဒဏ်ကြေးဆောင်တယ်ဆိုတာ ကိုယ်က အပြစ်ရှိလို့ ဆောင်ကြရတာ ဖြစ်တယ်လို့ အထက်တန်းရှေ့နေ မန်းအောင်သန်းဝင်းက ကျမကို ပြောခဲ့ဖူးပါတယ်။
“အဖေကလည်း နိုင်ငံရေးသမားဆိုတော့ ပြည်တွင်းပြန်ရင် ဖမ်းမှာပဲလေ။ တကယ်တော့ အဖေ့ကိုဖမ်း ချင်တာ။ ကျနော်တို့ မောင်နှမတွေ အဖေနဲ့ ဒီမှာပဲ နေကြရတယ်။ ရောက်ရောက်ချင်း ကျနော်က နို့ဖိုး ဒုက္ခသည်စခန်းထဲမှာ ကျောင်းသွားနေရ တယ်။ အိမ်တစ်လုံးရှိတယ်။ ကျနော်တစ်ယောက်ထဲ နေရတာပါ။ ညီလေးက အဖေနဲ့။ အမက ဘော်ဒါမှာ။ အဖေကလည်း အလုပ်တွေ အများကြီး ဆက်လုပ်စရာ ရှိသေးတာလေ။”
အဖေဖြစ်သူ သုံးရောင်ခြယ်အဖွဲ့ဝင် ကိုပါကြီးကလည်း အလုပ်တာဝန်တွေ တစ်ပုံတစ်ပင်နဲ့ သားသမီး တွေကို တော်ရာသင့်ရာ မှာထားပြီး နိုင်ငံရေးအလုပ်ကို နယ်စပ်မှာ ဆက်လက် လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။
၁၃နှစ်သားလေး ဘဝကတည်းက ဒုက္ခသည်စခန်းဆိုတဲ့ နေရာစိမ်း၊ သူစိမ်းနဲ့ မတူညီတဲ့ အသိုင်းအဝိုင်း တွေကြားထဲ တစ်ဦး တည်း စတင် ရင်ဆိုင်ခါစကဆို လူငယ်ဘာဝ စိတ်လေမှုတွေနဲ့ကျောင်းတက်ပျက်ခဲ့ရ သေး တယ်။ အခုဆို ရတန်းကျောင်းသား တစ်ဦးအဖြစ် ပညာသင်ကြားနေတဲ့ “မောင်ရန်ကုန်”က ခုလို တိုးတိုးလေး ဆိုတယ်။
“ည ညဆို အမေ့ကိုလွမ်းတယ်”တဲ့လေ။
အမေပြင်ပေးတဲ့ ထမင်းချိုင့်ကိုဆွဲပြီး ကျောင်းတက်ခဲ့ရတဲ့ ရန်ကုန်မြို့၊ အလုံက အိမ်လေးထဲမှာတော့ အမေရဲ့ အဖေ(အဖိုး)က လေဖြတ်နေတယ်။ သမီးတစ်ယောက်ကို ထောင်ဝင်စာ သွားတွေ့ချင်ပေမယ့် အိမ်နီးချင်း အကူအညီနဲ့ နေထိုင်နေရတယ်လို့ သိလိုက်ရတယ်။ တစ်ဦးတည်းသော သမီးဖြစ်တဲ့ သူ့အမေမှာ မောင်နှမရင်းချာ မရှိသလို ဆွေမျိုးနီးစပ်တွေကလည်း မတွေ့ရဲ ကြဘူး။ သားအရင်းဖြစ်တဲ့ သူကိုယ်တိုင်တောင် မတွေ့နိုင်ဘူး။
“အမေ ကျန်းမာရေး မကောင်းဘူးလို့ ကြားတယ်။ ကျောက်ကပ်ရောင်တာရယ်၊ နှလုံးသွေးကြောကျဉ်းတာရယ် ဖြစ်နေတယ်။”
သူ့အမေနဲ့ အတူနေစဉ်က မမေ့နိုင်တဲ့ အမှတ်တရ အကြောင်းအရာတွေ အများကြီးရှိခဲ့တယ်။
အဲဒီထဲကမှ မှတ်မှတ်ရရ “အမေ ဝေမယ့်စာတွေကို သားကယူပြီး ဝေတာလေ။ အမေနဲ့အတူတူ အလုပ်လုပ်နေရသလို ခံစားရ တယ်။ အမေသိတော့ ဆူတာပေါ့။ သားက ငယ်သေးတယ်။ မလုပ်ပါနဲ့တဲ့။”
သူက ကျောင်းမှာ လူချစ်လူခင်ပေါသလို သူ့အပေါ် တစ်ဖက်သတ် အမြင်စောင်း ဆူပူအပြစ်ပေးမယ်ဆိုရင် လည်း သူ့ထက်ကြီး သူ ဒါမှမဟုတ် ဆရာတွေကအစ ပြန်လည်ချေပ ပြောဆိုတတ်တယ်လို့ပြံုးပြီးပြော တယ်။
“ဥပမာဗျာ။ ကျနော့်ကို ဆံပင်တိုတို ညှပ်ခိုင်းတယ်ဆိုပါတော့။ ကျနော့်ထက်ရှည်နေတဲ့သူတွေကိုကျတော့ မညှပ်ခိုင်းဘဲ လာ ပြောရင် သူတို့ညှပ်ရင် ကျနော်လည်း ညှပ်မယ်လို့ ပြန်ပြောတာပါ။ စည်းကမ်းဆိုတာ အားလုံးနဲ့ ဆိုင်တာပါ။ ကျနော့်တစ် ယောက်ထဲအတွက်မှ မဟုတ်တာ။”
ကျမတို့ အသားကျနေတဲ့ လူကြီး၊ မိဘ၊ ဆရာတွေ ပြောသမျှကို ခေါင်းညိတ်ပြီး ငြိမ်ဝပ်ပိပြားစွာနဲ့လိုက် လုပ်မယ့် လူငယ်လေး မဟုတ်မှန်း သူ့လုပ်ရပ်တွေက ဖော်ပြနေတာက “အမေ့သွေး ပါတယ်”လို့ပြောနေ သလိုပါပဲ။
“ကလေးတစ်ယောက်ဟာ အစားအစာ အလျှံပယ်ရှိနေပေမယ့် မိခင်မေတ္တာ မရဘူးဆိုရင် လူ့ဂုဏ်သိက္ခာ မရှိတာ ဖြစ်တယ်။” လို့ လူ့အခွင့်အရေးပညာပေးဋ္ဌာန (မြန်မာနိုင်ငံ)ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ၂၀၁၁၊ မေလ ၂၅ရက်နေ့က သင်တန်းမှာ ဂုဏ်သိက္ခာနဲ့ပတ်သက်ပြီး ပြောခဲ့ပါတယ်။
နောက်ထပ်တစ်ကြိမ် အကျဉ်းကျခံနေရတဲ့သူတွေ လွတ်ငြိမ်းခွင့်ရမယ့်နေ့ကို မျှော်လင့်ရင်း သူ ခေါင်းငုံ့ပြီး ဆိုနေတာက “အမေ လွတ်လာရင် မိသားစု ၅ယောက် အိမ်လေးတစ်လုံးမှာ အတူတူ နေမယ်။”
ကျမ သူနဲ့တွေ့ပြီး ပြန်လာတော့ ကဗျာဆရာ ကြည်ဇော်အေးရဲ့ “ရန်ကုန်”ဆိုတဲ့ ကဗျာကို လမ်းတလျှောက်လုံး ရွတ်ဆိုနေမိပါ တော့တယ်။
ရန်ကုန်
ခေါင်မိုးပေါ်က ကြည့်တော့လည်း
ခေါင်မိုးတွေပဲ ပြန်မြင်ရတယ်။
အဲဒီနေ့က
မီးခိုးမဆုံး မိုးမဆုံး အဝါရောင်
အဲဒီနေ့က
သဘောင်္ပျက်ကို တွေ့ရှိခဲ့သူ ရေငုပ်သမားနှယ်။
အရာရာဟာ
ရွှေနှင့် ရိုးမှား ... ။
(ကြည်ဇော်အေး)