ယခုလ ဒီဇင်ဘာလ ၁၂ ရက်မှာ နော်ဝေအခြေစိုက် မြန်မာ့ယဉ်ကျေးမှုအဖွဲ့ထံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ စကားသဝဏ်လွှာ ပေးပို့ခဲ့တာကို ဖတ်လိုက်ရပါသည်။ ...
ယခုလ ဒီဇင်ဘာလ ၁၂ ရက်မှာ နော်ဝေအခြေစိုက် မြန်မာ့ယဉ်ကျေးမှုအဖွဲ့ထံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ စကားသဝဏ်လွှာ ပေးပို့ခဲ့တာကို ဖတ်လိုက်ရပါသည်။ ဒီစကားသဝဏ်လွှာကို (ဒီမိုကရက်တစ်မြန်မာ့အသံ DVB) အင်တာနက်စာမျက်နှာမှာ အပြည့်အစုံ ဖေါ်ပြထုတ်လွှင့်ခဲ့ပါတယ်။
စကားသဝဏ်လွှာပါ အချက်တွေဟာ အရေးကြီးတယ်လို့ ကျနော်ယူဆမိတဲ့အတွက် စာဖတ်သူတွေ ပြန်လည်အမှတ်ရစေဖို့နဲ့ မြင်သာထင်သာအောင်ရည်ရွယ်ပြီး အပိုင်း ၃ ပိုင်းခွဲပြီး ထပ်မံ ကောက်နှုတ် တင်ပြလိုပါတယ်။ DVB သတင်းဌာနက ထုတ်လွှင့်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သဝဏ်လွှာပါ သတင်းစကားတွေကတော့-
ပထမအချက်။ “နိုင်ငံရေးအကျဉ်းသားများ အခြေအနေ၊ နိုင်ငံရေးအကျဉ်းသားများ မိသားစုများရဲ့ဒုက္ခတွေကို တကမ္ဘာလုံးကနေပြီးတော့ သေသေချာချာ သိဖို့ ကျကျနန လုပ်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်”။
ဒုတိယအချက်။ “ဒုတိယပင်လုံအောင်မြင်ဖို့ဟာ နားလည်မှုလွဲမှားတာတွေ ပပျောက်သွားအောင် လုပ်ပေးဖို့လိုပါတယ်၊ ဒုတိယပင်လုံဆိုတာ စင်ပြိုင်လွှတ်တော်မဟုတ်ပါဘူး၊ စင်ပြိုင်အစိုးရလည်းမဟုတ်ပါဘူး၊ ဘယ်သူ့ကိုမှ စင်ပြိုင်ချင်တဲ့စိတ်နဲ့ လုပ်တာ မဟုတ်ပါဘူး။ တိုင်းရင်းသားများ တကယ့်ကို ပြည်ထောင်စုစိတ်ဓာတ်နဲ့ ညီညီညွတ်ညွတ်လုပ်ဆောင်သွားဖို့အတွက် ကျင်းပမယ့် ဒုတိယပင်လုံ ဖြစ်ပါတယ်”။
တတိယအချက်။ “အခုဆိုလို့ရှိရင် မြန်မာနိုင်ငံဟာ အင်မတန်အရေးကြီးတဲ့ အခြေအနေတစ်ခုကို ရောက်နေပါတယ်။ ကျမတို့ဟာ လမ်း ၂သွယ်ကနေပြီး တော့ လမ်းတစ်သွယ်ကို ရွေးရမှာဖြစ်ပါတယ်။ လမ်းတစ်သွယ်က အများပါဝင်နိုင်တဲ့လမ်း၊ နောက်လမ်းတစ်သွယ်က လူနည်းစုသာ ပါဝင်နိုင်တဲ့လမ်း၊ ကျမတို့ကတော့ အားလုံး ပါဝင် နိုင်တဲ့လမ်းက ပိုပြီးတော့ ကောင်းတယ်လို့ ထင်ပါတယ်။ အားလုံးပါဝင်တယ်ဆိုတာဟာ ကျမတို့တပ်မတော်ကိုလည်း ဆိုပါတယ်။ တိုင်းရင်းသားအားလုံးကိုလည်း ဆိုလိုပါတယ်။ ပြည်သူလူထု အားလုံးကိုလည်း ဆိုလိုပါတယ်။ နိုင်ငံရေးအစု အဖွဲ့အားလုံးကိုလည်း ဆိုလိုပါတယ်”။
စတုတ္ထအချက်။ “အဲဒီလို အားလုံးပါဝင်လို့ရှိရင် ကျမတို့ဟာ တကယ်ပဲ ငြိမ်းချမ်းပြီးတော့ တည်ငြိမ်တဲ့ ပြည်ထောင်စုကြီးတစ်ခုကို ထူထောင်နိုင်မယ်ဆို တာကို ယုံကြည်ပါတယ်”။
နောက်ဆုံးအချက်မှာတော့ ပြည်ပရောက် မြန်မာနိုင်ငံသားများကို ညီညွတ်မှုရှိပြီး အမိနိုင်ငံတိုးတက်ရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံချက်ပဲ ဖြစ်ပါတယ်။
စကားသဝဏ်လွာမှာ ဖေါ်ပြထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓါတ်၊ စေတနာ၊ သဘောထား၊ လုပ်နည်းကိုင်နည်း စတာတွေဟာ သိပ်ကောင်းမွန်ပါတယ်။ ကောင်းမွန်လှတဲ့ စိတ်ကောင်းစေတနာတွေ လက်တွေ့မှာ အကျိုးသက်ရောက်လာစေဖို့၊ အကောင်အထည်ဖော်နိုင်ဖို့ အဓိကအရေးကြီးတဲ့ အောက်ဖော်ပြပါ အချက် ၂ ချက်ကို လုပ်ဆောင်သွားဖို့လည်း လိုအပ်လာပါတယ်။
ပထမအချက်။ လက်ရှိနိုင်ငံရေးအာဏာကိုဆုပ်ကိုင်၊ ချုပ်ကိုင်ထားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ (နအဖ) စစ်ကောင်စီက သဘောပေါက် လက်ခံပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
ဒုတိယအချက်။ ပြည်သူအားလုံး၊ တိုင်းရင်းသားအားလုံး (ပြည်တွင်းပြည်ပ/ဥပဒေတွင်း ဥပဒေပြင်ပ) နိုင်ငံရေးအစုအဖွဲ့အားလုံး၊ တပ်မတော်သား အားလုံးက ညီညီညွတ်ညွတ်နဲ့ အမိနိုင်ငံတိုးတက်ရေးကိုရှေ့ရှုပြီး တစ်စည်းတစ်လုံးတည်း ပါဝင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
အထက်က ဖေါ်ပြထားတဲ့ အချက် ၂ ချက်ထဲက အချက်တချက်ကို လက်တွေ့ ဖြစ်မြောက်ပေါ်ထွန်းလာအောင် လုပ်ကိုင်နိုင်စွမ်းမရှိခဲ့ပါက ကောင်းမွန်လှတဲ့ စိတ်ဓာတ်စေတနာ သဘောထား လုပ်နည်းကိုင်နည်းများဟာ စိတ်ကောင်းစေတနာကောင်း သက်သက်မျှသာဖြစ်နေပြီး လက်တွေ့ဖြစ်မလာတဲ့အတွက် သဝဏ်လွှာပေါ်မှာပဲ စာစကားအနေနဲ့ အဖတ်တင် ကျန်ရစ်ခဲ့မယ့် အနေအထားမှာပဲ ရှိနေပါတယ်။
ပြည်သူအပေါ်ထားရှိအပ်သော ဒေါ်အောင်ဆန်းစုကြည်၏ စိတ်စေတနာကောင်းများအပေါ် သံသယသဲမြူမှုန်မျှမရှိပါ။ သို့ပါသော်လည်း တဖက်တွင် ခေတ်အဆက်ဆက် အုပ်ချုပ်လာခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို လက်ဆင့်ကမ်းယူလာတဲ့ ဗိုလ်သန်းရွှေ တို့စစ်အုပ်စု အပေါ်ထားရှိတဲ့ သံသယစိတ်ကတော့ ရှမ်းရိုးမတောင်တန်းကြီးလို ထုနှင့်ထည်နှင့် ရှိနေပါတယ်။
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ ၂၀၁၀ ရွေးကောက်ပွဲရလဒ်” ဒီ ၂ ခုဟာ လက်ရှိအာဏာရ စစ်အစိုးရအဖို့ မဆုတ်တန်းလက်ကိုင်ထားတဲ့ ခံစစ်မျဉ်းနှင့် ခံတပ်များသာဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ တဖက်သတ်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၎င်းကိုထပ်ဆင့်အကောင်အထည်ဖော်ထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲရလဒ် ဆိုတာလည်း “ဦးချို” (ဂျို) ပြောင်းလဲတပ်ဆင်ထားတဲ့ စစ်အာဏာရှင်စနစ် သာဖြစ်နေပြီး၊ စစ်အဝတ်ကိုချွတ်၊ အရပ်ဝတ်အရေခြံုထားတဲ့ စစ်ဗိုလ်ချုပ်များသာ အုပ်ချုပ်မယ့် အနေအထားပါ။ ဒါကို နအဖအာဘော်ရေးသားထုတ်ဝေနေသည့် သတင်းစာဆောင်းပါးတခုတွင် “အထိမခံ သိမ်မွေ့လှသော အခြေအနေ” ဟုပင် တင်စားဖေါ်ပြထားပါသေးတယ်။
ပြည်တွင်း အထင်ကရ စာရေးဆရာ ၂ ဦးဖြစ်တဲ့ မောင်စူးစမ်းနှင့် ကျော်ဝင်းကလည်း “လွှတ်တော် (၃) ရပ် နိုင်ငံရေးဂိမ်းမှာ ပါဝင်ကစားကြရေး၊၂၀၀၈ အခြေခံဥပဒေ စည်းဝိုင်းထဲမှာသာ ကစားကြရန်၊ ဤစည်းဝိုင်းကို ကျော်လွန်ရန်၊ ထိုးဖောက်ခြင်းမပြုရန်” တရားချပြနေပြန်သည်။
ဒါ့အပြင် “လွှတ်တော်ထဲတွင်သာ အကျေအလည်ဆွေးနွေးနိုင်ကြလျှင် ဘေးထွက်ဆိုးကျိုးကင်းကင်းဖြင့် အဖြေတစ်ခု ရလိမ့်မည်ထင်ပါသည်၊ လွှတ််တော်ပြင်ပ လမ်းကြောင်းများနှင့် သွားကြလျှင်မူ ဆိုခဲ့ပြီးသော ဘေးထွက်ဆိုးကျိုးများ ကြံုရနိုင်စရာရှိ၍ အမှန်ပင် စိုးရိမ်မိပါသည်” ဟုလည်း စိုးရိမ်မကင်းသည့် လေသံဖြင့် ရေးသားထားပြန်သည်။ တဖက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ဒုတိယပင်လုံ ဆော်သြနေသူတွေကို (ကျော်ဝင်း) က“ဦးနှောက်ကြီးကြီး” ထားပြီး စဉ်းစားကြဖို့ ချော့မြှူသလိုလိုနဲ့ လက်နက်ကိုင် စစ်အာဏာရှင်စနစ်နဲ့ တဖက်မှာ ခြိမ်းခြောက်နေပါတယ်။
ရှင်းနေသည့်အချက်က “ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ၂၀၁၀ ရွေးကောက်ပွဲရလဒ်”ကို တစုံတရာ ထိပါးလာသူ ဘယ်သူ့ကိုမဆို၊ မည်သည့်လုပ်ဆောင်ချက်မျိုးကိုမဆို စစ်အစိုးရက ရေရှည် သည်းညည်းခံလိမ့်မည်မဟုတ်။
နောက်ဆုံး အဆုံးအဖြတ်ကာလတခုတွင် “အင်အားကိုချုပ်ကိုင်စေစားနိုင်သူ” ကသာ အနိုင်ရရှိသွားစမြဲ ဖြစ်သည်။ ထိုအင်အားမျိုး၊ ထိုသို့ အင်အားကို ချုပ်ကိုင်စေစားနိုင်သည့် အနေအထားမျိုး ကျနော်တို့ (အတိုက်အခံ) ဘက်တွင် တိတိကျကျ ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းထားနိုင်ခြင်းတော့ မရှိသေးပါ။
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည် ထိန်းသိမ်းလိုက်သည့် အချိန်ခါမျိုးတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားမှုအသွင်ဆောင်မှုများက ရုတ်တရက် ငြိမ်ကျသွားကာ အခိုက်အတန့်အားဖြင့် ပြာဖုံးသွားသည့် မီးခဲပမာဖြစ်သွားခဲ့ဖူးသည့် သာဓကများကလည်း ရှိနေသည်။
၁၉၆၂ ခုနှစ်ကစပြီး ခေတ်အဆက်ဆက် အုပ်ချုပ်လာခဲ့သည့် စစ်အာဏာရှင်စနစ်သည် သက်တမ်းအားဖြင့် နှစ််ပေါင်း (၅၀) နီးပါး အမြစ်တွယ် နေပြီဖြစ်သည်။ ယခုလိုအခြေအနေမျိုးတွင် လက်နက်ကိုင် စစ်အာဏာရှင်စနစ်ကို အကြမ်းမဖက်၊ အနုနည်းဖြင့် အောင်ပွဲခံရန် နှစ်ပေါင်းမည်မျှအချိန်ယူရအုံးမည်မသိပါ။
အကယ်၍ အကြမ်းမဖက်၊ အနုနည်းဖြင့် စစ်အာဏာရှင်စနစ်ကို အောင်ပွဲခံနိုင်မည်ဟု ထင်မှတ်နေသူများအဖို့တော့ ထိုလူတစုရဲ့အယူအဆတခုသာဖြစ်ပါလိမ့်မည်။ ပြည်သူလူထုသာလျှင် သမိုင်းကို ဖန်တီးသည့် တွန်းအားဖြစ်သည်ဟူသော သဘောတရားကို စာရေးသူအနေဖြင့် ယုံကြည်မြဲ၊ ယုံကြည်ဆဲ ဖြစ်ပါတယ်။