DKBA နယ်မြေအတွင်း စစ်တပ် အလုံးအရင်းဖြင့် ၀င်ရောက်လာနေ

DKBA နယ်မြေအတွင်း စစ်တပ် အလုံးအရင်းဖြင့် ၀င်ရောက်လာနေ
by -
စောခါးစူးညာ
ယခုရက်ပိုင်း ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း တိုးတက်သော ဗုဒ္ဒဘာသာ ကရင်အမျိုး သား တပ်မတော် (DKBA) အခြေစိုက်ရာဒေသ နေရာအနှံ့အပြားတွင် စစ်အစိုးရတပ်များ...

ယခုရက်ပိုင်း ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း တိုးတက်သော ဗုဒ္ဒဘာသာ ကရင်အမျိုး သား တပ်မတော် (DKBA) အခြေစိုက်ရာဒေသ နေရာအနှံ့အပြားတွင် စစ်အစိုးရတပ်များ ဖြန့်ကြက်ကာ နေရာ ယူထားသည်။

ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးအပတ်တွင် စစ်အစိုးရ ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ် (BGF) အသွင်ပြောင်းရေးအပေါ် ဒီကေဘီအေ အဖွဲ့ကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် စစ်တပ်က ၎င်းတို့ တပ်အင်အားများကို တိုးချဲ့ဖြန့်ကြက် လိုက်ခြင်း ဖြစ်သည်။

ယခုအခါတွင် စစ်အစိုးရတပ်များဖြစ်သည့် တပ်မ (၂၂)၊ (၄၄) နှင့် စစ်ဘက်ဆိုင်ရာကွပ်ကဲရေးဌာနချုပ် - စကခ (၈) ခုမှ တပ်ရင်းပေါင်း တစ်ရာကျော် မှာ ကရင်ပြည်နယ် တခုလုံးတွင် နေရာယူလျှက်ရှိနေသည်။

လက်ရှိအခြေအနေတွင် ထိုဒေသရှိ ဒီကေဘီအေ တပ်နှင့် နအဖ တပ်တို့သည် တဖက်နှင့်တဖက် အပြန်အလှန် မျက်ခြည်မပြတ် အကဲခတ်စောင့်ကြည့်နေ ကြပြီး စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေကြကြောင်း ဒီကေဘီအေ တပ်မဟာ (၅) မှ တပ်မှူးတဦးက ကေအိုင်စီကို ယခုလို ပြောသည်။

“ကျနော်တို့အထက် ခေါင်းဆောင်တွေက ကျနော်တို့ကို အမြဲအဆင်သင့် (ရယ်ဒီ) ရှိကြဖို့ အမိန့်ပေးထားတယ်။ နအဖဘက်က အရင် စတိုက်ခိုက်လာရင်တော့ ကျနော်တို့ကလည်း ပြန်တိုက်ဖို့အဆင်သင့်ပဲ” ဟု သူက ဆိုသည်။

BGF လက်မခံ ဆန့်ကျင်သည့် ဗိုလ်မှူးချုပ်စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွှေး) ဦးဆောင်သည့် DKBA တပ်မဟာ (၅) လက်အောက်ခံ၊ ကလိုထူးဘောဗျူဟာ (၁) နှင့် တပ်ရင်း (၅) ရင်းတို့သည် အဆိုပါ ဒေသတွင် အခြေစိုက်သည်။

ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့တွင် စစ်အစိုးရ၏ အမှတ် (၉) စစ်ဘက်ဆိုင်ရာကွပ်ကဲရေးဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်း - ခလရ (၁၀၆) တပ်ဖွဲ့သည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဖလူးကျေးရွာနေထိုင်သူ ရွာသူ ရွာသားများကို သေနတ်ဖြင့် ခြိမ်းခြောက်ခဲ့ရာ DKBA တပ်မဟာ (၅) လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် စစ်တပ်များအကြား တင်းမာမှုများ ရှိခဲ့သည်။

နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး နောက်ဆုံးနေ့ရက် မတိုင်မီ DKBA တပ်မှ ခေါင်းဆောင်တချို့နှင့် နအဖ စစ်တပ်မှ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒု-တိုင်းမှုးဖြစ်သူ ကရင်ပြည်နယ် ဥက္ကဌ ဗိုလ်မှူးချုပ်ဇော်မင်း ဦးဆောင်သည့်အဖွဲ့တို့သည် မြိုင်ကြီးငူ အထူးဒေသတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် DKBA က BGF ကို ယေဘုယျအားဖြင့် သဘောတူ လက်ခံထားခဲ့သည်ဟု အစည်းအဝေးကို တက်ရောက်ခဲ့သူ ဒီကေဘီအေ တပ်မဟာ (၉၉၉) အထူးတပ်ရင်းမှူးက ပြောဆိုခဲ့သော်လည်း BGF ကိုလက်မခံသည့် မြိုင်ကြီးငူဆရာတော်၊ ဗိုလ်မှူးချုပ်စောလားပွယ်နှင့် ဗိုလ်မှူးကြီးစောမုတ်သုန်တို့ အပါအဝင် ဒီကေဘီအေ အရာရှိအချို့ ထိုဆွေးနွေးပွဲကို တက်ရောက်ခဲ့ခြင်း မရှိပေ။

DKBA တွင် BGF ကို သဘောတူ လက်ခံခဲ့သူများမှာ စစ်သေနာပတိချုပ် ဗိုလ်ချုပ်စောကျော်သန်း အပါအဝင် ဗိုလ်မှူးကြီးစောချစ်သူနှင့် အပေါင်းပါတချို့တို့ ပါ၀င်ကြောင်း ၎င်းတို့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ဆိုသည်။

သို့သော် DKBA အတွင်း BGF အပေါ် သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်နေပြီး၊ နယ်ခြားစောင့်တပ်ကို လက်ခံခဲ့သည့် DKBA ခေါင်းဆောင်အချို့၏ ဆုံးဖြတ်ချက် အပေါ် ကျန်ရှိနေသည့် ထိပ်ပိုင်းခေါင်းဆောင်များ နှင့် တပ်သားများက ကျေနပ်မှုမရှိကြပေ။

အမည်မဖော်လိုသူ ဒီကေဘီအေဗိုလ်ကြီးတဦးကမူ “ဒီအခြေအနေအတိုင်းဆိုရင် ဒီကေဘီအေဟာ အလိုလိုနဲ့ နှစ်ခြမ်းကွဲ တော့မယ်။ ကျနော်တို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကြံုလာမဲ့ အခြေအနေတွေကို ရင်ဆိုင်သွားမှာပဲ။ တိုက်မယ်ဆိုလည်း တိုက် ရမှာပဲ” ဟု ပြီးခဲ့သည့်အပတ်က ကေအိုင်စီကို ပြောဆိုခဲ့သေးသည်။

KNU မှခွဲထွက်ခဲ့ပြီး၊ ၂၀၀၇ ခုနှစ်တွင်၊ နအဖ နှင့် ငြိမ်းချမ်းရေးယူခဲ့သည့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီက ဗိုလ်ချုပ်စောထင်မောင် နှင့် အဖွဲ့ကမူ နယ်ခြား စောင့်တပ် လုံးဝ လက်မခံကြောင်း ဧပြီလ ၂၂ ရက်က စစ်အစိုးရကို စာရေးအကြောင်း ခဲ့ပြီးဖြစ်သည်။

ပြီးခဲ့သည့် လလယ်ခန့်က ဗိုလ်မှူးကြီးစောချစ်သူက ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ(၇) မှူး ဗိုလ်မှူးချုပ် စောဂျော်နီထံ ဖုန်းဆက်ရာတွင် နယ်ခြားစောင့်တပ်ကို လက်မခံဘဲ တိုက်ပွဲများဖြစ်လာခဲ့ပါက ကရင်ပြည်သူများ စစ်ဘေးဒဏ်ကို ပြင်းထန်စွာ ခံစားကြရမည်ဖြစ်၍ မည်သို့လုပ်သင့်ကြောင်း မေးလာသည့်အပေါ် “ကိုယ့်ဖာသာကိုယ် ကြည့်လုပ်ပါ။ ဘာမှမပြောတတ်ဘူး” ဟူသည့် တုန့်ပြန်မှုကိုသာ ရရှိခဲ့သည်။

ဒီကေဘီအေ တပ်မဟာ (၉၉၉) ဗျူဟာမှူး ဗိုလ်မှူးကြီးစောချစ်သူသည် နအဖနှင့် ပူးပေါင်း၍ ၂၀၀၉ ခုနှစ်၊ ဇွန်လ၌ KNU ထိန်းချုပ်နယ်မြေ ဖားအံခရိုင်၊ တပ်မဟာ (၇) ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာတွင် အဓိက စီစဉ်ညွှန်ကြားခဲ့သူဖြစ်သည်။

ထိုတိုက်ပွဲနောက်ဆက်တွဲအဖြစ် ကရင်ပြည်သူ ၄,၀၀၀ ကျော်သည် စစ်ပြေးဒုက္ခသည်အဖြစ် ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်လာခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်၍ နအဖ စစ်အစိုးရက ၎င်းနှင့် မသက်ဆိုင်ဘဲ ကရင်အချင်းချင်း ဖြစ်သည့်ကိစ္စသာဖြစ်ကြောင်း သတင်း မီဒီယာများကို ၀ါဒဖြန့်ချိ ပြောဆိုခဲ့သေးသည်။

၁၉၉၄ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ခွဲထွက်ခဲ့သည့် အင်အား ၅၀၀၀ ခန့်ရှိနေသည့်DKBA သည် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး မပြောင်းရေး ဆုံးဖြတ်ချက်သည် ၎င်းတို့၏ သမိုင်းအပြောင်းအလဲတခုပင် ဖြစ်သည်ဟု စစ်ရေးအကဲခတ်သူများက ဆိုသည်။

တပ်မတော်တခုတည်းသာ ထားရှိမည့် နအဖ၏ နယ်ခြားစောင့်တပ် ပြဌာန်းချက်သည် အုပ်ချုပ်ရေးနှင့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ အားလုံးကို အစိုးရစစ်တပ်ကသာ တိုက်ရိုက်ချုပ်ကိုင်ထားမည့် အနေအထား ဖြစ်နေသောကြောင့် DKBA တပ်က လက်မခံနိုင်မည့် အရိပ်အရောင်များပြသနေကြောင်း အနီးကပ် စောင့်ကြည့်သူ တချို့က ခန့်မှန်း ပြောဆိုနေကြသည်။

ထိုင်းနိုင်ငံအခြေစိုက် စစ်ရေး လေ့လာသုံးသပ်သူ ကိုအောင်သူငြိမ်းကမူ စစ်အစိုးရသည် ဒီကေဘီအေအပြင် ၎င်းတို့နှင့် အပစ်ခတ်ရပ်စဲထားသည့် တိုင်းရင်းသားများကို အကျိုးစီးပွားအရ သဘောထားပျော့ပြောင်းသူနှင့် အမျိုးသားရေး စိတ်ဓာတ်အရ သဘောထား တင်းမာသူဟူ၍ နှစ်ဖွဲ့ခွဲကာ အားနည်းအောင် လုပ်ဆောင်နေသည့်အပေါ် DKBA အနေနှင့် မိခင်အဖွဲ့အစည်းဖြစ်သည့် KNU ပြန်လည် ပူးပေါင်းသင့်ကြောင်း ယခုလို သုံးသပ် ပြောဆိုသည်။

“ဒီလို ရှုတ်ထွေးနေတဲ့ အခြေအနေမျိုးမှာ နယ်ခြားစောင့်တပ်ကို လက်မခံတဲ့ DKBA အနေနဲ့ မိခင်အဖွဲ့အစည်းနဲ့ ပြန်ပေါင်းသင့်တယ်။ ပူးပေါင်းလာအောင်လည်း KNU ကပိုပြီး စည်းရုံးလုပ်ဆောင်သင့်တယ်။ သူတို့အနေနဲ့ တိုက်ရိုက်မဟုတ်တောင်မှ တခြား သွယ်ဝိုက်တဲ့နည်းနဲ့ ပြန်လည် ပူးပေါင်းသင့်တယ်” ဟု ဆိုသည်။

KNU အထွေထွေအတွင်းရေးမှူးချုပ် (၁)၊ ဗိုလ်မှူးစောလှငွေကလည်း  စစ်အစိုးရ ကမ်းလှမ်းသည့် BGF လက်မခံသည့် DKBA အဖွဲ့သားများ အနေဖြင့် မိခင ်အဖွဲ့အစည်း (KNU) နှင့် ပြန်လည်ပူးပေါင်းစေလိုကြောင်း သူ၏ သဘောထားကို ယခုလို ပြောဆိုလိုက်သည်။

“ဒီကေဘီအေထဲမှာ နယ်ခြား စောင့်တပ်ကို လက်ခံတဲ့အဖွဲ့ကတော့ ဗမာစစ်တပ်က ခိုင်းသမျှလုပ်၊ ကျွေးတာကို စားရမယ်။ နောက် လေး၊ ငါးနှစ်ကြာရင် တပ်မတော်တရပ်ပဲ ရှိရမယ်ဆိုပြီး ထွက်ဆိုရင်လည်း ထွက်ရမယ်။ ဖြစ်နိုင်ရင် လက်မခံတဲ့အဖွဲ့ကတော့ စောဘဦးကြီး ချမှတ် ထားတဲ့ မူလေးချက်ကို ဆွဲကိုင်ပြီး ကော်သူးလေပြည်နယ်ထဲမှာ ကေအဲန်ယူနဲ့ ပြန်ပေါင်းစေချင်တယ်” ဟု ကေအိုင်စီကို ပြော သည်။

ဆက်လက်၍ သူက ဒီကေဘီအေသည် လက်နက်ကိုင်နေသည့် ယောက်ျားကောင်းများဖြစ်ကြပြီး ကေအဲန်ယူနယ်မြေထဲ၌ သစ်ပင်၊ မြစ်ချောင်းမကျန် သိနှင့်ပြီး သူများဖြစ်သည့်အတွက် ၎င်းတို့၏ အတွေ့အကြံု ဗဟုသုတတို့ကို ပြန်လည်စဉ်းစားသုံး သပ်ကာ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်စေချင်ကြောင်းလည်း တိုက်တွန်းထားသည်။

(ဗိုလ်မှူးချုပ်ဇော်မင်းနှင့် ဒီကေဘီအေ ထိပ်ပိုင်းခေါင်းဆောင်အချို့)

စစ်အစိုးရက ၎င်းနှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့အနေဖြင့် နယ်ခြားစောင့် တပ်အသွင်ပြောင်းရေးကို လက်မခံပါက ၁၉၈၉ ခုနှစ် မတိုင်ခင် အခြေအနေသို့ ပြန်ရောက်သွားနိုင်သည်ဟု ခြိမ်းခြောက်ထား သော်လည်း ၀၊ ကချင်၊ ကိုးကန့်၊ မွန်၊ ရှမ်း၊ မိုင်းလား အထူးဒေသ(၄) စသည့် အဖွဲ့တို့သည် BGF သတ်မှတ်ရက် ကုန်ဆုံးသည်အထိ လက်ခံခြင်း မရှိသေးပေ။

(လူထုကြားက ဒီကေဘီအေ ရဲဘော်များ)

ပြီးခဲ့သည့် ဧပြီလကုန်ပိုင်း နှင့် မေလဆန်းပိုင်းတွင် ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်း စစ်တပ်မှ တပ်ရင်း ၂၀ ခန့်သည် လက်နက်ကြီး၊ ငယ် တပ်ဆင်ကာ ဒီကေဘီအေတပ်များနှင့် ငြိမ်းချမ်းရေးကောင်စီ ထိမ်းချုပ်နယ်မြေဖြစ်သည့် ကော့ကရိတ်မြို့နယ်ရှိ ထို့ကော်ကိုးကျေးရွာအနီးတွင် တပ်အင်အားတိုးချဲ့ကာ ခြေကုပ်နေရာယူထားကြောင်း ဒေသခံတချို့က ပြောသည်။

(ကရင်ပြည်နယ်အတွင်းရှိျ နအဖ တပ်စခန်းတခု)

ယခုလို စစ်တပ်က DKBA ထိမ်းချုပ်နယ်မြေများအတွင်း စစ်တပ်တိုးချဲ့လာနေမှုသည် ၂ ဖက်အကြား တိုက်ပွဲများ အချိန်မရွေး ဖြစ်ပေါ်လာနိုင်သဖြင့် DKBA အတွက် အထူးစိုးရိမ်မိကြောင်း သို့သော် ၎င်းတို့အဖွဲ့အနေဖြင့် မှန်ကန်သည့် လမ်းကို ဆက်လျှောက်ရန် ဗိုလ်မှူးစောလှငွေက ပြောဆိုလိုက်သည်။

KNU သည် ဆယ်စုနှစ် ၅ ခုကြာ ကရင်တမျိုးသားလုံး လွတ်မြောက်ရေးနှင့် တန်းတူအခွင့်အရေး ရရှိရန် စစ်အစိုးရကို ယနေ့အချိန်ထိ လက်နက်ကိုင် တော်လှန်နေသည့် လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။

Most read this week