ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ( ၅) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နှင့် အင်အား ၃၀ခန့်ရှိ မြန်မာအစိုးရတပ်တို့ ဇွန်လ ၂၆ရက်နေ့ မနက် ၆း၄၅နာရီအချိန်က ပစ်ခတ်မှုဖြစ်ပွားရာ ထိခိုက်သေဆုံးမှု ရှိခဲ့ ကြောင်း သိရသည်။
KNLA တပ်မဟာ( ၅) တပ်ရင်း (၁၀၂)၊ ခွဲ(၃)လှုပ်ရှားနယ်မြေရှိ တပ်ဖွဲ့ဝင်များနှင့် ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့ နယ်အခြေစိုက် အစိုးရ ဘက်မှ တပ်မ ၄၄၊ ခမရ(၈)တပ်ဖွဲ့ဝင်များက ကေအဲန်ယူထိန်းချုပ်နယ်မြေ ပိုမာဟဲရွာအနီးတွင် ဆယ်မိနစ်ခန့်ပစ်ခတ်မှု ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး အစိုးရတပ်သားတစ်ဦး ကျဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု KNU ဖာပွန်ခရိုင်ရုံးက အတည်ပြု ပြောဆိုသည်။
KNLA တပ်မဟာ( ၅) ခရိုင်ရုံးတာဝန်ရှိသူတစ်ဦးက "သူတို့က ကျနော်တို့ထိန်းချုပ်နယ်မြေအတွင်းမှာ သွားလာလှုပ်ရှားနေတာ အကြိမ်ပေါင်း မနည်းတော့ဘူးဆိုတော့ ဇွန်လ ၁၆ရက်နေ့တုန်းကလည်း တစ်ခါ၀င်လာသေးတယ်။ အခုဖြစ်တာကလည်း နယ် မြေကို ကျူးကျော်ဝင်ရောက်လာတဲ့အတွက် ဒီလိုပစ်ခတ်မှုဖြစ်ပွားတာပါ"ဟု ကေအိုင်စီသို့ ပြောသည်။
ထိုသို့ ဖြစ်ပွားသည့်ကိစ္စကို ဇွန်လ ၂၇ရက်နေ့တွင် ကေအဲန်ယူ ဗဟိုသို့ တင်ပြထားခဲ့ပြီး ပစ်ခတ်မှုနှင့် ပတ်သက်၍ အစိုးရတပ် ဘက်က မိမိတို့ထံသို့ တစ်စုံတစ်ရာ အကြောင်းကြားခြင်း မရှိသေးကြောင်း အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ကရင်ပြည်နယ်၊ နယ်စပ်ရေးရာလုံခြံုရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်ထံ ကေအိုင်စီက ဖုန်းဖြင့် ဆက် သွယ်မေးမြန်းရာ ၎င်း၏ကိုယ်ရေးအရာရှိက ၀န်ကြီးပြန်လည်ဖြေကြားရန် မအားလပ်သေးကြောင်း တုန့်ပြန်ပြောဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၁၃ရက်နှင့် ၁၄ရက်နေ့များကလည်း တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ ကေအဲန်ယူ ဘိတ်-ထား ၀ယ်ခရိုင် လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၏ ဟွေးဖာ့နယ်စပ်စခန်းကို အစိုးရစစ်တပ်က ၀င်ရောက်ပစ်ခတ်ရာ KNLA တပ်ဖွဲ့ဝင် ၁ဦးကျဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့သည်။
ကေအဲန်ယူ ဥက္ကဌနှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီတို့သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့် ဇွန်လ ၄ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြပြီး ကာကွယ်ရေးဦးစီးချုပ်က ကရင်ပြည်နယ်အတွင်းရှိ အစိုးရတပ် များအနေဖြင့် အချို့နေရာများတွင် ပြန်လည်ရွှေ့ပြောင်းပေးရန် သဘောတူခဲ့ကြသော်လည်း ဇွန်လအတွင်းမှာပင် နှစ်ဖက် ပစ်ခတ် မှုမှာ နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။