၁၂ကြိမ်မြောက် ဆီးဂိမ်းကာယအလှမယ် ပြိုင်ပွဲတွင် ကရင်တိုင်းရင်းသူ ဒုတိယဆုရရှိ

၁၂ကြိမ်မြောက် ဆီးဂိမ်းကာယအလှမယ် ပြိုင်ပွဲတွင် ကရင်တိုင်းရင်းသူ ဒုတိယဆုရရှိ
by -
ကေအိုင်စီ

စင်ကာပူနိုင်ငံတွင် ကျင်းပသည့် ၁၂ကြိမ်မြောက် bodybuilding ဆီးဂိမ်း(ကာယအလှမယ်ပြိုင်ပွဲ)သို့ သွားရောက်ယှဉ်ပြိုင်ခဲ့ သည့် မြန်မာနိုင်ငံကိုယ်စားပြု ကရင်တိုင်းရင်းသူ ကာယအလှမယ် နန်းထက်ထက်လင်းက ဒုတိယဆု ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံံ့ခိုင်မှု အဖွဲ့ချုပ်ထံမှသိရသည်။

ဇွန် ၁၅ရက်နေ့က ကျင်းပသည့် ၎င်းပြိုင်ပွဲ၌ အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် မြန်မာနိုင်ငံ၊ ထိုင်း၊ ကမ္ဘာဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့မှ ကာယအလှမယ်များက Athletic Physiqe, Model Physique 165 cm နှင့် Model Physique 165 cm above  ပြိုင်ပွဲအမျိုးအစား သုံးခုဖြင့် ပါ၀င်ယှဉ်ပြိုင်ခဲ့ကြရာ Model Physique 165 cm တွင် ဆု ရရှိခဲ့ခြင်းဖြစ်ကြောင်း နန်းထက်ထက်လင်းက ယခုလို ပြောဆိုသည်

“ကျမက ၅ပေ ၃လက်မ အထက်မှာ ဝင်ပြိုင်တယ်။ ယှဉ်ပြိုင်တဲ့ ပွဲမှာကတော့ ၈ယောက်ပါတယ်။ အဲဒီထဲမှာ ကျမက ဒုတိယဆုရ တယ်။ ဆုရတဲ့အတွက်ဝမ်းသာတယ်။ ထိုင်းက ပထမရတယ်။ တတိယက အင်ဒိုနီးရှားကပါ”ဟု နန်းထက်ထက်လင်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ပြိုင်ပွဲသို့ သွားရောက်မယှဉ်ပြိုင်မီ အဆီပါသည့် အစားအစာများကို ရှောင်ကြဉ်ခြင်းနှင့် အလေးမ လေ့ကျင့်ကစားရခြင်း များကို ပြိုင်ပွဲဝင်ရန် တစ်လကျော်သာ ကြိုတင် လေ့ကျင့်ခွင့်ရခြင်း စသည့် အခက်အခဲပေါင်းစုံ ကျော်လွှားခဲ့ရသည်ဟု သူမက ဆက်ပြောသည်။

စင်ကာပူနိုင်ငံတွင် ကျင်းပသည့် ယင်းပြိုင်ပွဲများ၌ မြန်မာနိုင်ငံမှ နန်ထက်ထက်လင်း အပါအဝင် ကိုယ်စားပြု ကာယအလှမယ် သုံးဦး သွားရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး မအေးအေးစိုးက Athletic Physique ပြိုင်ပွဲတွင် ပထမရရှိကာ Model Physique 165 cm above တွင် ၀င်ပြိုင်သည့် ဟေမာန်နှင်းကလည်း စတုတ္ထရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အဖွဲ့ချုပ်၏ ကော်မတီတစ်ဦးဖြစ်သူ ဒေါ်ခင်သန္တာက ကေအိုင်စီသို့ ပြောသည်။

ဒေါ်ခင်သန္တာက “ဒီစင်ကာပူနိုင်ငံ ၁၂ကြိမ်မြောက် bodybuilding ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ကတော့ သုံး ယောက်သွားပြိုင်တာ သုံးယောက်လုံး ဆုရတယ်။ ကျမတို့ ရန်ကုန်ကနေ အခု ဇွန်လ ၁၃ရက်နေ့က သွားတယ်။ ၁၆ရက်နေ့မှာ ပြန်လာတယ်”ဟု ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ ဇွန်လ ၂၇ရက်နေ့က ရန်ကုန်မြို့၊ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသော ၂ဝ၁၃ခုနှစ်၊ အိုလံပစ်နေ့ အထိမ်းအမှတ် Mr. Crusher, Ms. Quench ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစား ပြိုင်ပွဲအတွင်း ၅ပေ ၃လက်မအောက် ကာယကြံ့ခိုင်မှုပြိုင်ပွဲ၌လည်း နန်းထက်ထက်လင်းသည် ပထမဆုနှင့် ကာယကြံ့ခိုင်မှု တံခွန်စိုက်ဒိုင်းဆု ရရှိခဲ့ဖူးသူ ဖြစ်သည်။

၎င်းအပြင် ၂၀၁၃ခုနှစ်၊ စက်တင်ဘာလအတွင်း ဗီယက်နမ်နိုင်ငံတွင် ကျင်းပသည့် ၄၇ကြိမ်မြောက် အာရှအဆင့် ကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲ၌လည်း မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ စတုတ္ထဆုကို သူမ ရရှိခဲ့သည်။ ရူပဗေဒ ဘာသာဖြင့် ဘွဲ့ရရှိသူ အသက် ၂၀နှစ်အရွယ်ရှိ နန်းထက်ထက်လင်းသည် ကရင်ပြည်နယ်၊ ဖားအံမြို့တွင် နေထိုင်သူဖြစ်သည်။

Most read this week