ကရင်ပြည်နယ် ငြိမ်းချမ်းရေးဦးဆောင်ကော်မတီ(KPC)မှ ဦးဆောင်၍ တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ဇန်နဝါရီ ၉ မှ ၁၀ရက်နေ့အထိ ကရင်ပြည်နယ်၊ ဖားအံမြို့ သုမေဓာရာမတောရကျောင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။
ယခု ၂၀၁၄ခုနှစ် မတ်လ၌ ပြုလုပ်မည့် သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပတ်သက်၍ ကရင်မျိုးနွယ်စုများ၏ မျိုးနွယ်စုဝင်သတ်မှတ်ခေါ်ယူခြင်းကို အကြောင်းပြုပြီး ဝေဖန်သုံးသပ်အကြံပြုနိုင်ရန် ဆွေးနွေးပွဲတက်ရောက်သူများ၏ ဘုံသဘောတူညီချက်ကို ရယူသည့်အနေဖြင့် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်သည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီမှ ကရင်ရေးရာ အတွင်းရေးမှူး ဦးစောကျော်စွာက ပြောသည်။
“၂၀၁၄ခုနှစ် သန်းခေါင်စာရင်းကောက်ယူတဲ့အခါမှာ ကျနော်တို့ ကရင်မျိုးနွယ်စုဝင်များရဲ့ အမည်တွေကို သတ် မှတ်ခေါ်ယူတဲ့အခါ မှန်ကန်ဖို့နဲ့ မှန်ကန်တဲ့ ကရင်လူဦးရေ ရရှိဖို့ ဆွေးနွေးပွဲလုပ်ရတာလည်း ဖြစ်တယ်” ဟု ဦးစောကျော်စွာက ကေအိုင်စီသို့ ပြောသည်။
၎င်းဆွေးနွေးပွဲတွင် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ တွဲဘက်အတွင်းရေးမှူး(၂) ပဒိုစောမန်းမန်း၊ စည်းရုံးရေးမှူး ပဒိုစောလှထွန်းအပါအဝင် ကရင်ပြည်နယ်ဝန်ကြီး ဦးဇော်မင်း၊ တနသာင်္ရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ အထက်မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှ ကိုယ်စားလှယ် စုစုပေါင်း၂၀၀ ကျော် တက်ရောက်ခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခဲ့သူ KNU တွဲဘက်အတွင်းရေးမှူး (၂) ပဒိုစောမန်းမန်းမန်းက “ကောက်ခံသွား မယ့် သန်းခေါင်စာရင်းဟာ လက်ရှိ နိုင်ငံရေး ပဋိပက္ခအပေါ်တွင် ပိုမိုဖန်တီးဖြစ်ပေါ်စေမည့် အခြေအနေမျိုး မဟုတ်ဘဲနှင့် ဖြေရှင်းနိုင်တဲ့အသွင်မျိုးကို လုပ်ဆောင်သွားစေချင်တယ်”ဟု ဆွေးနွေးပွဲတွင် ပြောသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက် အလက်များကို ရရှိရန် သန်းခေါင်စာရင်းကောက်ယူခြင်းဖြစ်သည်ဟု ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။
“အခု အလုပ်ရုံဆွေးနွေးမှာ တိုင်းရင်းသားလူမျိုးများရဲ့ လူမျိုးမှန်မှန်ကန်ကန်ဖြစ်အောင် လုပ်ဆောင်ဖို့ ရည်ရွယ် ပါတယ်။ သန်းခေါင်စာရင်းတော့ လာမယ့် ၂၀၁၄ခုနှစ်၊ မတ်လ(၃၀)ရက်နေ့မှ ဧပြီလ(၁၀)ရက်နေ့အတွင်း (၁၂)ရက်ကြာ တနိုင်ငံလုံး သန်းကောင်စာရင်းကောက်ယူသွားမယ်”ဟု ဦးမြင့်ကြိုင်က ပြောသည်။
ကောက်ခံသွားမည့် တစ်နိုင်ငံလုံးသန်းခေါင်စာရင်း ကောက်ယူမှုအတွက် ပညာရေးဝန်ထမ်းများမှ ကောက်ယူ သွားမည်ဖြစ်ပြီး ဝန်ထမ်းများ၏ သက်ဆိုင်သည့် ပြည်နယ်ဒေသပေါ်တွင် တအိမ်တက် တအိမ်ဆင်းပြီး မေးခွန်း (၄၁)ချက်ဖြင့် မေးမြန်းပြီး ကောက်ယူသွားမည်ဟုလည်း သိရသည်။
မြန်မာနိုင်ငံသည် သန်းခေါင်စာရင်းကောက်ယူရာ၌ လွတ်လပ်ရေးရပြီး ၁၉၇၃ ခုနှစ်တွင်ပထမအကြိမ်၊ ၁၉၈၃ ခုနှစ်တွင်ဒုတိယအကြိမ်ကောက်ခံခဲ့ပြီး လာမည့်မတ်လတွင် တတိယအကြိမ် ကောက်ခံမည့်သန်းခေါင်စာရင်း အတွက် ဖားအံတွင် ပထမဆုံးအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။