ကရင်နှစ်သစ်ကူးနေ့အခမ်းအနားတွင် စစ်ရေးပြ ပါ၀င်တော့မည်မဟုတ်

ကရင်နှစ်သစ်ကူးနေ့အခမ်းအနားတွင် စစ်ရေးပြ ပါ၀င်တော့မည်မဟုတ်
by -
ကေအိုင်စီ

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင်ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြိုင်၌ကျင်းပရာတွင် ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များစစ်ရေးပြအစီအစဉ် ထည့်သွင်းမည် မဟုတ်ကြောင်း သိရသည်။

နှစ်သစ်ကူးကျင်းပရေးကော်မတီ နာယကဖြစ်သူ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF) အမှတ်(၃)၊ တိုက်နယ်မှူး ဗိုလ်မှူးကြီးစောချစ်သူက “ဒီလိုနှစ်သစ်ကူးနေ့အခမ်းအနားမှာ လူထုတွေအရှေ့ လက်နက်တွေနဲ့ စစ်ရေးပြတာ မသင့်တော်ဘူးထင်လို့ အရေးပေါ် အစည်းအဝေးခေါ်ပြီး ဆုံးဖြတ်လိုက်တာပါ”ဟု ကေအိုင်စီသို့ ပြောသည်။

မြန်မာအစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ ငြိမ်းချမ်းရေးတည်ဆောက်နေချိန်၌  နေ့ထူးနေ့မြတ် ဖြစ်သည့် နှစ်သစ်ကူးနေ့အခမ်းအနားအတွင်း လူထုရှေ့လက်နက်ကိုင်စစ်ရေးပြခြင်းသည် မသင့်တော် ကြောင်း ကရင်နှစ်သစ်ကူးကျင်းပရေးကော်မတီ၏ ဒီဇင်ဘာ ၅ ရက်နေ့ အရေးအ ပေါ်အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်ဟု သူက ဆက်ပြောသည်။

ကရင့်လက်နက်ကိုင်တပ်ဖွဲ့ဝင်များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်ပြည်နယ်၊နယ်ခြား စောင့်တပ်(BGF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA( PC)၊ ဟောင်သရောငြိမ်းချမ်းရေးအဖွဲ့(KPF)တို့မှ စစ်ကြောင်းတကြောင်းလျှင် စစ်သည်အင်အား ၁၀၀ နူန်းဖြင့် ချီတက်စစ်ရေးပြကြမည်ဟု နှစ်သစ်ကူးကျင်းပ ရေးကော်မတီက စီစဉ်ထားခဲ့ခြင်းဖြစ်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက “စစ်ရေးပြ အခမ်းအနားဆိုတာက ကရင်တော်လှန်ရေးနေ့တို့၊ အာဇာနည်နေ့တို့မှာပဲ ထည့်သွင်းကျင်းပတာဖြစ်တယ်။ နှစ်သစ်ကူးနေ့နဲ့တော့ သက်ဆိုင်မှုမရှိပါဘူး။ ဒါကြောင့် ကော်မတီကနေ ဒါကို မလုပ်တော့ဘဲ ဆုံးဖြတ်အတည်ပြုလိုက်တာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပနိုင်ရန် အဆိုပါ ကော်မတီက မြန်မာကျပ်ငွေ သိန်း(၅)ထောင်ခန့် လျာထားပြီး အမျိုးသားအလံတော်တင်အခမ်းအနား၊ ယဉ်ကျေးမှုဖျော်ဖြေပွဲများ၊ ကရင်ခေါင်းဆောင်များတွေ့ ဆုံဆွေးနွေး ပွဲ၊ လူငယ်များတွေ့ဆုံဆွေးနွေးပွဲများအပြင် ရိုးရာလက်ဝှေ့ပြိုင်ပွဲများနှင့် အခြားအားကစားပွဲများကိုလည်း ထည့်သွင်းကျင်းပမည်ဟု သိရသည်။