ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့သို့ တိုက်ရိုက် ပြေးဆွဲနေသည့် Nok Air လေ ကြောင်းခရီးစဉ် လက်မှတ်များကို ယခုအခါမော်လမြိုင်မြို့တွင် ဝယ်ယူနိုင်ပြီးဖြစ်ကြောင်း ဝန်ဆောင်မှုပေး နေသည့် သီရိဟံသာကုမ္ပဏီခရီးသွားလုပ်ငန်းက ပြောသည်။
အောက်တိုဘာလမှစ၍ လေယာဉ်လက်မှတ် အပါအဝင် ခရီးသွားများအတွက် လိုအပ်သည့် နိုင်ငံကူး လက်မှတ်(ပတ်စ်ပို့)၊ ပြည်ဝင်ခွင့်(ဗီဇာ)တို့ကို သီရိဟံသာကုမ္ပဏီခရီးသွားလုပ်ငန်းက Nok Air လေကြောင်း လိုင်းနှင့် ချိတ်ဆက်၍ မော်လမြိုင်ဘက်မှ ဝန်ဆောင်မှုပေးနေပြီ ဖြစ်သည်။
“လက်မှတ်က မော်လမြိုင်မှာ ရောင်းပေးနေပါပြီ။ ဗီဇာ၊ ပတ်စ်ပို့အတွက်လည်း အမြန်ဆုံးရဖို့ ဝန်ဆောင် မှုပေးနေပါတယ်။ မော်လမြိုင်-မဲဆောက်ကနေ ဘန်ကောက်ကိုလည်း စီစဉ်ပေးနေပါတယ်” ဟု သီရိဟံသာကုမ္ပဏီခရီးသွားလုပ်ငန်း မန်းနေးဂျင်းဒါရိုက်တာ ဦးနေဇော်အောင်က ပြောသည်။
Nok Air မော်လမြိုင်-မဲဆောက် လေယာဉ်ခရီးစဉ်တစ်ကြောင်းလျှင် အမေရိကန်ဒေါ်လာ ၅၀ နှင့် ၆၀ အကြား သတ်မှတ်ထားကာ ဝယ်ယူမည့်အခြေအနေ၊ အချိန်အခါပေါ်မူတည်ပြီး စျေးနှုန်းပြောင်းလဲမှု အနည်းငယ်ရှိ နိုင်သည်ဟု သီရိဟံသာကုမ္ပဏီခရီးသွားလုပ်ငန်းက ဆိုသည်။
ဘားအံမြို့ခံ အမျိုးသမီးတစ်ဦးက “လေယာဉ်နဲ့သွားလာတာက အချိန်သက်သာပါတယ်။ ခုသတ်မှတ် ချက်အရဆို လက်မှတ်က တအားစျေးမကြီးပေမဲ့ ကျမတို့သွားမယ်ဆို ကားနဲ့ မော်လမြိုင်ကို အရင်သွားပြီးမှ မဲဆောက်ဘက်ကို လေယာဉ်စီးသွားနိုင် မယ်” ဟု ဆိုသည်။
Nok Air လေကြောင်းလမ်း စတင် ပြေးဆွဲခဲ့သည့် စက်တင်ဘာတစ်လအတွင်း မဲဆောက်မှ မော်လမြိုင်သို့ ခရီးသည် ၃၅၆ ဦး၊ မော်လမြိုင်မှ ထွက်ခွာသူ ၃၂၃ ဦးရှိကာ အများစုမှာ ထိုင်းလူမျိုးများဖြစ်၍မြန်မာနှင့်အ ခြားနိုင်ငံခြားသားများ လည်း ပါဝင်သည်ဟု Nok Air မော်လမြိုင်ရုံးခွဲ၏ ပြောဆိုချက်အရ သိရသည်။
မွန်ပြည်နယ်နှင့် ထိုင်းနယ်စပ်သို့ အလွယ်တကူ သွားလာနိုင်ပြီးဖြစ်သည့်အတွက် မွန်ပြည်နယ်သို့ ထိုင်းနှင့် နိုင်ငံခြားသား ခရီး သွားဧည့်သည်များ ပိုမိုဝင်ရောက်လာဖွယ်ရှိပြီး လာရောက်လည်ပတ်သူများလည်း လက်ရှိထက် များပြားလာနိုင်ကြောင်း မွန်ပြည်နယ်ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များက ခန့်မှန်းထားကြ သည်။
ယင်းသို့ လာရောက်လည်ပတ်ကြသူ ထိုင်းခရီးသွားဧည့်သည်များမှာ အဓိကအားဖြင့် ကျိုက်ထီးရိုးဘုရား၊ မော်လမြိုင်မြို့ပေါ်နှင့် မွန်ပြည်နယ်ရှိ အခြားအထင်ကရဘုရားများကိုလည်း ဖူးမျှော်နိုင်အောင် ခရီးသွားဝန် ဆောင်မှုကုမ္ပဏီများက စီစဉ်ထားသည်။
မဲဆောက် အထူးစီးပွားရေးဇုန်နှင့် အာဆီယံစီးပွားရေးအဖွဲ့အစည်း(AEC)တို့အတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် မဲဆောက်-မော်လမြိုင်သို့ ပြေးဆွဲရန် Nok Air လေကြောင်းလိုင်းကို စီစဉ်ခဲ့ခြင်းဖြစ်သည်။