မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ရေးရန်ထက် လက်ရှိ အသုံးပြုနေသည့် ၂၀၀၈ အခြေခံ ဥပဒေသည် ပြင်ဆင်သင့်သည့် အဆင့်သာရှိသည်ဟု နေပြည်တော်၌ တွေ့ဆုံစဉ် မြန်မာအစိုးရ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့ကြောင်း (ကေအဲန်ယူ)ကရင်အမျိုးသားအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
ပဒိုစောကွယ်ထူးဝင်းက “အဲဒီတွေ့ဆုံပွဲမှာ ကာချုပ်က ဖွဲ့စည်းပုံအသစ်ထပ်ရေးတာလက်မခံဘူး။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုထားပြီဖြစ်တယ်။ ဒါပေမယ့် ပြင်ဆင်ရေးမယ်ဆိုရင်တော့ ဖြစ်နိုင်သေးတယ်လို့ ဆွေးနွေးသွားခဲ့ပါတယ်” ပြန်လည်ပြောပြသည်။
ကေအဲန်ယူဥက္ကဌ ဗိုလ်ချုပ်ကြီး စောမှုတူးစေးဖိုး၊ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ KNU/KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစော ဂျော်နီ၊ စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်စောအိုင်းဇက်၊ ပဒိုစောတာဒိုမှူး၊ ပဒိုစောရွှေမောင်း ပါ၀င်သည့် ကေအဲန်ယူအဖွဲ့ဝင် (၉)ဦးသည် နယ်စပ်မှထွက်ခွာ၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စက်တင်ဘာ ၂၈ ရက်နေ့က တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ယင်းသို့မတွေ့ဆုံမီ အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဌ ၀န်ကြီးဦးအောင်မင်း ဦးဆောင်သောအဖွဲ့နှင့် ရန်ကုန်မြို့၊ မြန်မာ့ငြိမ်းချမ်းရေးစင်တာ၌ စက်တင်ဘာလ ၂၇ရက်နေ့တွင် တွေ့ဆုံခဲ့သည်။
ပဒိုစောကွယ်ထူးဝင်းက “ဦးအောင်မင်းတို့နဲ့ ကျနော်တို့တွေ့ဆုံတဲ့အခါ တပြည်လုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကိစ္စ ပြောတယ်။ နောက် ဦးအောင်မင်းက နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ ဆက်လုပ်သွားဖို့နဲ့ အခုရက်ပိုင်းအတွင်း မွန်ပြည်သစ်ပါတီ၊ ဒီကေဘီအေ စတဲ့ တိုင်းရင်းသားအဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ အခြေအနေတွေ ကျနော်တို့ကို ရှင်းပြတယ်”ဟု ပြောသည်။
ယင်းတွေ့ဆုံမှုများတွင် လက်ရှိ အပစ်အခတ်ရပ်စဲရေး အခြေအနေနှင့် ပတ်သက်၍ နှစ်ဖက်တပ်အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်ခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရှေ့ဆက် အဆင့်ဆင့်ဆောင် ရွက်သွားရေး၊ ကေအဲန်ယူ ဒေသအတွင်း အစိုးရဘက်မှ ယာယီချထားသည့် စခန်းများကို ဆက်ထားသင့် မသင့်နှင့် ဖွဲ့စည်းပုံပြင်ဆင်ရေး စသည်တို့ကို နှစ်ဦးနှစ်ဖက် ဆွေးနွေးခဲ့ခြင်းသာဖြစ်ပြီး ဆုံးဖြတ်ချက်များ တစုံတရာ မချမှတ်ခဲ့ကြောင်း သိရသည်။
သို့သော် ယင်းကဲ့သို့ ဖွဲ့စည်းပုံပြင်ဆင်ရာတွင် အဓိပ္ပါယ်အမျိုးမျိုး သက်ရောက်စေသော စကားလုံးများ အစားထိုးခြင်း ဖြစ်တတ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ရေးဆွဲသွားသင့်ကြောင်း ကေဝိုင်အို ကိုရီးယားဌာနခွဲမှ စကက်နက်မိုးက ပြောသည်။
စကက်နက်မိုးက “အနာဂတ်အတွက် လုံခြံုစိတ်ချရအောင် လာမဲ့ ၂၀၁၅ မတိုင်ခင် နိုင်ငံတကာက အတွေ့ အကြံု ရင့်တဲ့ ဥပဒေပညာရှင်တွေ၊ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ၊ လွှတ်တော် အတွင်းအပြင်က ခေါင်းဆောင်တွေနဲ့ အကျေအလည် ဆွေးနွေးပြီး ဖွဲ့စည်းပုံကို အသစ်ရေးဆွဲနိုင်မှသာ တိုင်းရင်းသားပြည်သူအားလုံးအတွက် ရေရှည်အာမခံချက်ရှိမယ့် ဥပဒေပြဌာန်းသွားနိုင်မယ်”ဟု ဆိုသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဲ့သို့ပင် သမ္မတဦးသိန်းစိန်အနေဖြင့်လည်း ဖွဲ့စည်းပုံကို ပြင်သင့်ကြောင်း ပြောဆိုမှုရှိခဲ့ရာ အကယ်၍၂၀၀၈ ဖွဲ့စည်းပုံအရ တပ်မတော်အာဏာသိမ်းမှုဖြစ်လာပါက အစိုးရအုပ်ချုပ်ရေး ပိုင်းအခန်းကဏ္ဍများ ပျောက်ကွယ်သွား နိုင်ကြောင်း အမည်မဖော်လိုသူ ကေအဲန်ယူခေါင်းဆောင်တစ်ဦးက သုံးသပ်ဝေဖန်သည်။