“ဖက်ဒရယ်” ကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲ

“ဖက်ဒရယ်” ကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲ
by -
ကေအိုင်စီ

လွတ်လပ်ပါသည်ဟုဆိုသော ပြည်ထောင်စုမြန်မာနိုင်ငံ၌ ပြည့်ဝသောဒီမိုကရေစီအခွင့်အရေးများနှင့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုဟူ၍ မရရှိခဲ့၊ မပေါ်ပေါက်ခဲ့ချေ။ ဒီမိုကရေစီအခွင့်အရေးဆိုသည်မှာ အုပ်စိုးသူ လူနည်းစု ကွက်ကွက်ကလေးအ တွက်သာ ရှိခဲ့ပြီး၊ အုပ်စိုးခံ လူမျိုးစုံပြည်သူလူထုကြီးအတွက်မူ ဒီမိုကရေစီအခွင့်အရေးဆိုသည်မှာ လုံးဝ မရှိခဲ့။ “ပြည်ထောင်စု” ဆိုသည်မှာ အုပ်စိုးသူများ၏ ဝါဒဖြန့်စကားလုံးသာဖြစ်ပြီး အနှစ်သာရမရှိသော ဗလာစကားသက်သက်မျှသာ ဖြစ်သည်။ “ဖေဖေါ် ဝါရီလ ၁၂ရက်နေ့”တွင် တိုင်းရင်းသားဝတ်စုံများဝတ်ဆင်၍ တိုင်းရင်းသားပဒေသာကပွဲ ဆင်နွှဲကပြကြခြင်းသည် ပြည်ထောင်စု နေ့၏ အနှစ်သာရပင် ဖြစ်သည်။

သို့ဖြင့် (ဖဆပလ)၊ အိမ်စောင့်၊ တော်လှန်ရေးကောင်စီ၊ (မဆလ)၊ (နဝတ-နအဖ) စသည့် ခေတ်ဆိုးခေတ်ကြပ်ကြီးများ ဖြတ် သန်းခဲ့ကြရ၏။ ယနေ့ကာလတွင် ဧရာဝတီမြစ်၊ သံလွင်မြစ်တို့ကိုဖြတ်၍ မြစ်ကူးတံတားထိုးနိုင်သော်လည်း လူမျိုးပေါင်းစုံ ပြည်သူ များအတွက်မူ ဒီမိုကရေစီအခွင့်အရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုဆိုသည်မှာ ဝေးနေဆဲ၊ ဝေးနေမြဲပင်။

ယနေ့တွင်လည်း “အပြောင်းအလဲ”တို့ “လမ်းစ” တို့ ဖြစ်ပေါ်နေပြီ၊ ပေါ်ပေါက်နေပြီဟု ပြောနေကြပြန်သည်။

(နဝတ-နအဖ) စစ်အစိုးရသည် စစ်အာဏာရှင်စနစ်ဖြင့် အုပ်စိုးခဲ့၏၊ “၂၀၀၈အခြေခံဥပဒေ”ကို စိတ်ကြိုက်ရေးဆွဲ အဓမ္မအတည် ပြုခဲ့၏။ ထိုအခြေခံဥပဒေဖြင့်ပင် “ကြံ့ဖွံ့အစိုးရနှင့်လွှတ်တော်” ပေါ်ပေါက်လာသည်။ ထိုသို့ “၂၀၀၈ အခြေခံဥပဒေ”ဖြင့် ပေါ်ထွက် လာသည့် “ကြံ့ဖွံ့အစိုးရနှင့်လွှတ်တော်”၌ ပါဝင်လာသူအားလုံးလောက်မှာ ယခင်(နဝတ-နအဖ) စစ်အစိုးရထိပ်သီးများနှင့် အဖွဲ့ ဝင်များသာ ဖြစ်သည်။ သို့ပါ၍ ပြောင်းလဲသွားသည်မှာ ယခင်က စစ်ယူနီဖောင်းဝတ်ပြီး “ဗိုလ်” တပ်၍ခေါ်ရသူများကို ယခုအခါ အရပ်ဝတ်ဝတ်ပြီး “ဦး” တပ် ခေါ်ကြရခြင်းသာဖြစ်၏။ ယခင်က သူတို့၌ အခြေခံဥပဒေဟူ၍ မရှိခဲ့။ ယခုတော့ သူတို့စိတ်ကြိုက် ရေးဆွဲအဓမ္မအတည်ပြုခဲ့သော “၂၀၀၈အခြေခံဥပဒေ” သည် သူတို့လက်ဝယ်ရှိနေပြီ။

အချို့က အခြေခံဥပဒေ မရှိရာမှ ရှိလာခြင်းသည် မကောင်းပေလောဟု ပြောနေကြ၏။ မှောင်မိုက်ကျဉ်းကြပ်သော ကြက်ခြင်း ကလေးအတွင်းမှ ကျယ်ဝန်းသော ကြက်လှောင်အိမ်ထဲသို့ရောက်လာရခြင်းမှာ အင်မတန်ကောင်းလှပါပေသည်ဟု ပြောရမည် လား မသိတော့ပါ။

“၂၀၀၈ အခြေခံဥပဒေ”အရ ပေါ်ပေါက်လာသည့် “ကြံ့ဖွံ့အစိုးရနှင့်လွှတ်တော်”က “ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးမဟုတ်”၊ “ဖက်ဒရယ်ပြည်ထောင်စု”သို့ “၂၀၀၈ အခြေခံဥပဒေ”ဘောင်ထဲမှပင် တစစ ကူးပြောင်းရောက်ရှိသွားနိုင်သည်ဟု အာဘောင် အာရင်းသန်သန်ဖြင့် ဟောပြောနေကြပြန်သည်။ တိုင်းရင်းသားအချို့ကလည်း သံယောင်လိုက်၊ ပဲ့ထင်ထပ်နေကြလေ၏။

(ဖဆပလ)အစိုးရ၏ “၁၉၄၇အခြေခံဥပဒေ”တွင် ပြည်နယ်မရရှိခဲ့ကြသော တိုင်းရင်းသားများကို ဗိုလ်နေဝင်း(မဆလ) အုပ်စိုးသူ များက “၁၉၇၄အခြေခံဥပဒေ”တွင် “ကော်သူးလေ”ကို ကရင်ပြည်နယ်၊ “ချင်းဝိသေသတိုင်း” ကို ချင်းပြည်နယ်၊ “တနင်္သာရီတိုင်း (၁)”ကို မွန်ပြည်နယ်၊  “ရခိုင်တိုင်း”ကို ရခိုင်ပြည်နယ်အဖြစ် သတ်မှတ်ပေးခဲ့၏။

ထိုသို့သတ်မှတ်ပေးခဲ့သဖြင့် ပြည်နယ်များတွင် တိုင်းရင်းသားပြည်သူများ အစဉ်တစိုက် တောင်းဆိုနေသည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိခဲ့ပါသလား။ ပြည်နယ်ပေးခဲ့သည့် ဗိုလ်နေဝင်းနှင့် (မဆလ)အုပ်စိုးသူများကို ကျေးဇူးတင်ကြရမည်လော။

ယခုအခါ “၂၀၀၈ အခြေခံဥပဒေ” အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၁ခု ဖေါ်ထုတ်သတ်မှတ် ပေးထားသည်။ ဤသို့ ထုတ်ဖော်သတ်မှတ်ပေးခြင်းဖြင့် တိုင်းရင်းသားလူမျိုးများ အစဉ်တစိုက် တောင်းဆိုခဲ့သော တန်းတူရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ ရရှိလာပါသလော။ တစတစ ပြည့်ဝလာနိုင်လိမ့်မည်ဟု ထင်မြင်ယူဆကြပါသလော။

 “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ”နှင့်  “မြန်မာ့နည်းမြန်မာ့ဟန် ဖက်ဒရယ်”ကို လက်ခံကြတော့မည်လော။

“အစိုးရနှင့်လွှတ်တော်”သည် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကို “၂၀၀၈အခြေခံဥပဒေ”ဘောင်ထဲ အတင်းထိုးသွင်း နေခြင်းသာ ဖြစ်သည်။ “ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးရေး” ၏ အဓိကရည်မှန်းချက်မှာ တိုင်းရင်းသား လက်နက်ကိုင်တပ် ဖွဲ့များအား “နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်”အဖြစ် အသွင်ပြောင်းပြီး စစ်တပ်ကွပ်ကဲမှုအောက်၌ထားရှိရန်သာဖြစ်သည်။ သို့ အတွက် အချိန်ပေး ဆွေးနွေးနေခြင်းသာဖြစ်သည်။

ပဏာမ စေ့စပ်ဆွေးနွေးကြရာအဆင့်မှာ၌ ကြားဝင်ညှိနှိုင်းဖြန်ဖြေသူ (Mediator)ထားရှိရေး၊ လေ့လာသူအဆင့်တွင် (UNA) နှင့် (NBF)မှ ကိုယ်စားလှယ် ၃ဦးစီနှင့် ဒေါ်အောင်ဆန်းစုကြည် ပါဝင်စေရေး၊ တပြည်လုံးအပစ်ရပ်စဲရေး (Nationwide Ceasefire) စသည့်ကိစ္စကလေးများကိုပင် ဆွေးနွေးညှိနှိုင်း၍မရခဲ့။ ဤသို့သော အခြေအနေတွင် တိုင်းရင်းသားအင်အားစုများ ဖော်ထုတ် တင်ပြနေကြသည့် “ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်ဒီမိုကရေစီ၊ ဖက်ဒရယ်တပ်မတော်”တို့ကို မည်သို့ဖော်ဆောင်ကြမည် နည်း။  “၂၀၀၈အခြေခံဥပဒေ” ဘောင်ထဲ၌လည်း အကောင်အထည်ဖေါ်၍ မရနိုင်ပါ။

သို့ပါ၍ ယနေ့ကာလတွင် “စစ်မှန်ပြည့်ဝသော ဒီမိုကရေစီအခွင့်အရေးများနှင့် ဖက်ဒရယ်ပြည်ထောင်စု” ဖွဲ့စည်းပေါ်ပေါက်နိုင်ရေး တို့အတွက် အရင်းခံအကျဆုံးပြဿနာမှာ နိုင်ငံရေးပြဿနာ ပြီးပြတ်ပြေလည်အောင် မည်မျှဖြေရှင်းနိုင်/ မဖြေရှင်းနိုင်ဆိုသည့် အခြေအနေအပေါ်တွင် လုံးဝမူတည်နေပါသည်။

ဒီမိုကရေစီအခွင့်အရေး မည်မျှရှိပြီး၊ မည်မျှတန်းတူရည်တူ ဆွေးနွေးဖြေရှင်းနိုင်ကြသလဲ ဆိုသည့်အချက်က အဆုံးအဖြတ်ပေး မှာလည်း ဖြစ်သည်။ ညှိနှိုင်းရရှိလာသည့် ရလဒ်များပေါ် မူတည်ပြီး  အခြေခံဥပဒေကို ရေးဆွဲကြရခြင်းဖြစ်သည် မဟုတ်လော။

 ကြံ့ဖွံ့အစိုးရနှင့် လွှတ်တော်သည် “၂၀၀၈ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး” ဆိုသည်ပင်ကို လက်ပေါက်စိတ်စိတ်ဖြင့် လွှမ်းမိုး ချုပ်ကိုင်ထားပါသည်။