ကော့ကရိတ်မြို့နယ်ရှိ သစ်တောများကို ဒီကေဘီအေ အကွက် ချရောင်းနေ

ကော့ကရိတ်မြို့နယ်ရှိ သစ်တောများကို ဒီကေဘီအေ အကွက် ချရောင်းနေ
by -
ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဝေါ်လေ ကျေးရွာအုပ်စုရှိပွယ်ကေ့ဒေသတွင် သစ်တော များကို ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(ဒီကေဘီအေ)ကမေလပိုင်းမှစ၍ ယခုအချိန်ထိအကွက် ချကာ ရောင်းချလျှက် ရှိသည်ဟု ဒေသခံများကပြောဆိုသည်။

အမည်မဖော်လိုသူ ဒေသခံရွာသားတစ်ဦးက “ဒီပွယ်ကေ့တောက သစ်တွေကို ဒီကေဘီအေက သစ်ဝယ်သူဌေး တွေကို အကွက် ချပြီး ရောင်း တာပါ။ သုံးလေးလ ကြာလာပြီးဆိုတော့ သစ်တွေကလည်းတော်တော်ကုန် လာပြီ။ ကျနော်တို့ ရွာသားတွေ မကြိုက်ပေမယ့် မပြောရဲတော့ ဒီအတိုင်း ကြည့်နေရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

DKBA-logging

ယင်းသို့ သစ်တောများကို အကွက်ချပြီး ရောင်းချနေသူများမှာ ဒီကေဘီအေ ကလို့ထူးဘော လက်အောက်ခံ တပ်ရင်းများဖြစ် သည့် (၉၀၈)တပ်ရင်းမှ ဒုဗိုလ်မှူးကြီးမောင်ရွှေဝါ့၊ (၉၀၉)တပ်ရင်းမှ ဒုဗိုလ်မှူးကြီးစော အဲ့ဖိုးတို့က အဓိက လုပ်ဆောင်လျှက်ရှိကြပြီး ဝေါ်လေကျေးရွာအုပ်စုရှိ ပွယ်ကေ့တောအတွင်းရှိ သစ်များကို ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယင်းဒီကေဘီအေ ခေါင်းဆောင်များသည် ပွယ်ကေ့တောရှိ သစ်များကို အကျယ်အဝန်းအပေါ် မူတည်၍ အကွက်ချ ရောင်းရာတွင် တစ်ကွက်လျှင် ထိုင်းဘတ်ငွေ ၁၀သိန်းမှ သိန်း ၂၀အထိ သတ်မှတ်ပြီး မြဝတီမြို့အနီး ဝှေ့ရှမ်းရွာရှိ သစ်ဝယ်သူဌေး များထံ ရောင်းချပေးနေခြင်းဖြစ်သည်ဟု သိရသည်။

ထိုကိစ္စနှင့် ပတ်သက်၍ အတည်ပြုနိုင်ရန် ဒီကေဘီအေ တာဝန်ရှိသူများထံ မေးမြန်းရန် ဆက်သွယ်ရာ ဖုန်းလိုင်းအခက်အခဲ ကြောင့် ဆက်သွယ်မှုကို မရရှိခဲ့ပေ။

ပွယ်ကေ့တောထဲရှိ ကျွန်းပင်၊ ပျဉ်းကတုံး၊ ပိတောက်၊ ကညင်ပင်၊ အင်ပင်၊ အင်ကြင်းပင်၊ ကြံပင် အပါအဝင် စသည့် အခြားသစ် မာအမျိုးအစားများကို အဆိုပါ ဒီကေဘီအေက ရောင်းချနေခြင်းဖြစ်ပြီး ခုတ်လှဲထား သည့်သစ်များကို နွားများဖြင့် သတ်မှတ်ထား သည့် သစ်ကွင်းများသို့ သယ်ဆောင်ကာ ထိုမှတဆင့် ကားကြီးများဖြင့် မြဝတီသို့ ထပ်မံ သယ်ဆောင်နေသည်ဟု ဒေသခံများက ပြောဆိုသည်။

ဝေါ်လေကျေးရွာအုပ်စု၊ ပွယ်ကေ့တောအတွင်းရှိ သစ်များကို ယခုလို ခုတ်ထွင်ရောင်းချခြင်းကြောင့် သစ်တော ပြုန်းတီးမှုဖြစ်ပွား စေသလို ကျေးရွာဒေသခံများအတွက် အမဲလိုက်ခြင်း၊ ဟင်းသီးဟင်းရွက် ရှာထွက်ခြင်းနှင့် အဆောက်အဦး ဆောက်လုပ်ရန် လိုအပ်သည့် သစ်၊ ၀ါး ခုတ်ယူသုံးစွဲခြင်း အခက်အခဲများနှင့်ရင်ဆိုင်ကြံု တွေ့နေရသည်။

ယခုလို သစ်များ ခုတ်လှဲရောင်းချခံရသည့် ယခု ဝေါ်လေကျေးရွာအုပ်စုတွင် ချူကလီး၊ ထီးသဲလယ်၊ အို့ဖိုးထာ့၊ လဲ့ကဝေါ်၊ မော ခီး၊ မောဖိုး ကလိုး၊ ကွီးချဲဖော၊ ကနဲလေး၊ လားတို၊ ကော်ဆဲ၊ ကလော်ဝေါ်၊ ဖောဘုလာ့ထာ့၊ ခေါဖိုးခီး၊ ဘီးလားလေး၊ ပနာ့ထာ့၊ ထီးကပလဲ့၊ တနောထာ့နှင့် တာအုထာ့ စသည့်ကျေးရွာများ တည်ရှိသည်။