မယ်လ ဒုက္ခသည်စခန်း အတွင်း လူသတ်မှု တစ်ခုဖြစ်ပွား

မယ်လ ဒုက္ခသည်စခန်း အတွင်း လူသတ်မှု တစ်ခုဖြစ်ပွား
by -
ကေအိုင်စီ

ထိုင်း – မြန်မာနယ်စပ် မယ်လဒုက္ခသည် စခန်းအတွင်းရှိ ရပ်ကွက် A-5 အတွင်း နေထိုင်သူ သားမက်မှ ယောက်က္ခထီးကို ဓားဖြင့် ထိုးသတ်သည့် အမှုတစ်ခု မေလ ၂၀ ရက်နေ့ ည၈ နာရီခွဲ အချိန်ခန့်တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ သေဆုံးသူ ဦးဝင်းအောင် နှင့် သားမက်ဖြစ်သူ စိုင်းကိုကိုတို့ နှစ်ဦး အဆိုပါညနေတွင်အရက်အတူ သောက်ပြီး တစ်ဦးနှင့်တစ်ဦး အခြေအတင် စကားများရာမှ ယခုလိုဖြစ်ပွား ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားပြီးပြီးချင်းတွင် စခန်းတာဝန်ရှိသူများ ၊ စခန်းအတွင်းရှိ ထိုင်းလုံခြံုရေး နှင့် သက်ဆိုင်ရာ ရဲအာဏာပိုင် များမှ လာရောက်စစ်ဆေး မှတ်တမ်း ယူမှုများပြုလုပ်ပြီး အရေးယူသွားမည်ဖြစ်ကြောင်းမယ်လဒုက္ခသည်စခန်း ကော်မတီမှ အတွင်းရေးမှုး (၁) ဖြစ်သူ ဆရာစောအဲ့ကလယ် ကပြောသည်။

“အခုလိုကိစ္စတွေ ဖြစ်တော့ ဒီကထိုင်း ရဲတွေ လာပြီးမှတ်တမ်းယူတယ် ဒီလိုပဲ စခန်းတာဝန်ရှိသူတွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်ရတာပေါ့၊ ဥပဒေအတိုင်းပဲ ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ကေအိုင်စီသို့ပြောသည်။

သေဆုံးသူ ဦးဝင်းအောင်မှာ အသက် ၄၂ နှစ်ခန့်ရှိပြီး လည်ဂုတ်တွင်ဓားဒဏ်ရာ တစ်ချက် ၊ ၀ဲဘက်ရင်အုံတွင် ထိုးသွင်း ဒဏ်ရာ ၃ ချက် နှင့် ဘယ်ဖက် လက်မောင်းတွင် ပြတ်ရှဒဏ်ရာ ၂ ချက်ရရှိပြီး အခင်းဖြစ်ပွား ရာနေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု သိရသည်။

ထို့နောက် သေဆုံးသွားသူအား သက်ဆိုင်ရာမှ မှုခင်းဆိုင်ရာ ဆေးစစ်ချက် မှတ်တမ်းရယူအပြီး ယနေ့ နံနက်ပိုင်းတွင် စခန်းအတွင်းရှိ သုသာန်တွင် သဂြိုလ်ပြီးစီးသွားပြီဖြစ်ပြီး သားမက်ဖြစ်သူ စိုင်းကိုကို အသက် ၂၄ နှစ်မှာ ထွက်ပြေး တိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါအခင်းဖြစ်ပွားရာတွင် ပါ၀င်သူနှစ်ဦးစလုံးမှာ လွန်ခဲ့သော ၂ နှစ်ခန့်မှစ၍ စခန်းအတွင်း ပြောင်းရွေ့နေထိုင် သူများ ဖြစ်ကြပြီး အချင်းချင်းအကြား မကြာခဏ စကားများ ရန်ဖြစ်ပွားလေ့ရှိကြောင်းလည်း ၎င်းတို့နှင့် နီးစပ်သူတစ်ဦးမှ ပြောပြသည်။

မယ်လဒုက္ခသည် စခန်းအတွင်း အလားတူ မှုခင်းမျိုး ၂၀၀၃ ခုနှစ်တွင် တစ်ကြိမ်ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။