အမေရိကန်နိုင်ငံသို့ သွားရောက်အခြေချရေးအတွက် နောက်ဆုံး သတ်မှတ်ရက်များကို သိရှိစေရန် UNHCR အပါအဝင် ဒုက္ခသည် ကူညီပေးရေး အဖွဲ့ ၄ ဖွဲ့က ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ် အတွင်းရှိ အုန်းဖျန် ဒုက္ခသည်စခန်းသို့ ယမန်နေ့ (မတ်လ ၆ ရက်နေ့)က သွားရောက် ရှင်းလင်းခဲ့သည်။
အဆိုပါ အဖွဲ့များတွင် ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး- UNHCR ၊ US၊ RSC နှင့် IOM စသည့် အဖွဲ့တို့မှ အဖွဲ့ဝင်တာဝန်ရှိပုဂ္ဂိုလ် ၁၃ ဦးပါ၀င်ပြီး အုန်းဖျန်စခန်း၊ ရပ်ကွက်(၁)ရှိ လေယာဉ်ပျံကွင်း၌ နံနက် ၉ နာရီခွဲမှ ၁၁ နာရီအထိ ဒုက္ခသည် တစ်ထောင်ကျော်အား ရှင်းလင်းပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု အုန်းဖျန်စခန်းဥက္ကဌ စောဝါးထီးက ကေအိုင်စီသို့ ပြောသည်။
“အခု လာသွားတာက မယ်လစခန်းကို သွားတုန်းကလိုပဲ ပြောသွားတာ ဖြစ်ပါတယ်။ UNHCR က အသိအမှတ်ပြုထားတဲ့ တတိယ နိုင်ငံလျှောက်ခွင့်ရှိတဲ့ လူဟောင်းတွေ အမေရိကန်နိုင်ငံ လျှောက်လို့ရမယ်။ ဇွန်လ ၅ ရက်နေ့ နောက်ဆုံးထား လျှောက်ရမယ်။ လူသစ်တွေအတွက်တော့ လျှောက်ခွင့်မရပေမယ့် သူတို့ခေါင်းထဲမှာ အမြဲထားတယ်လို့ UNHCR က ပြောတယ်။ အဲဒါတွေပါပဲ” ဟု ပြောသည်။
ဆက်လက်၍ ၎င်းတို့အဖွဲ့မှ အုန်းဖျန်ဒုက္ခသည်စခန်းသို့ လာရောက်ရာတွင် ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် အမေရိကန် ကောင်စစ် ၀န်ရုံး တာဝန်ခံ Kenneth Foster ဆိုသူ ပါ၀င်ပြီး အမေရိကန်နိုင်ငံ လျှောက်ခွင့်ရှိ သူများ သတ်မှတ်ချက်အတိုင်း အမြန်ဆုံး လျှောက်တင်စေလိုကြောင်း ပြောဆိုသွားခဲ့သည်ဟု စောဝါးထီးက ဖြည့်စွက် ပြောဆိုသည်။
အမေရိကန်နိုင်ငံ လျှောက်တင်ခွင့်၏ နောက်ဆုံးသတ်မှတ်ချက်နှင့် ပတ်သက်၍ အဆိုပါ အဖွဲ့များက ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်ရှိ နို့ဖိုးဒုက္ခသည်စခန်းသို့ မတ်လ ၅ ရက်နေ့က သွားရောက်ခဲ့သလို ပြီးခဲ့သည် ဇန်နဝါရီလ ၂၅ ရက် နေ့ကလည်း တာ့ခ်ခရိုင်၊ ထမ့်ဆောင်ယန်းမြို့နယ် မယ်လဒုက္ခသည်စခန်း သို့လည်း သွားရောက်ခဲ့ပြီးဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထမ်းဟင်၊ ဘန့်ဒုံယမ်း စသည့် ကရင်ဒုက္ခ သည်စခန်း ရ ခုနှင့် ကရင်နီစခန်း အမှတ်(၁)၊ အမှတ်(၂) အပါအဝင် ဒုက္ခသည်စခန်း ၉ ခုရှိပြီး လူဦးရေ တစ်သိန်းခွဲကျော်ရှိသည် ဟု သိရသည်။