ဆွေးနွေးပွဲများဖြစ်ပေါ်လာရန် စစ်ပွဲအရှိန်လျှော့ချဖို့လိုကြောင်း ၈၈ ခေါင်းဆောင်ပြော

ဆွေးနွေးပွဲများဖြစ်ပေါ်လာရန် စစ်ပွဲအရှိန်လျှော့ချဖို့လိုကြောင်း ၈၈ ခေါင်းဆောင်ပြော
by -
ကေအိုင်စီ

ဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရန် ယခုဖြစ်နေသည့် ကချင်ဒေသအတွင်းရှိ စစ်ပွဲအရှိန်ကို လျှော့ချပေး ရန်လိုကြောင်း ကချင်လွတ်မြောက်ရေး တပ်မတော်-KIA နှင့် သွားရောက်တွေ့ဆုံခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးမှ ယမန်နေ့ က ပြောကြားခဲ့သည်။

88-leader-Ko-Mya-Aye

ဇန်နဝါရီလ ၃ ရက်နေ့က ကိုမြအေးဦးဆောင်သည့် ၈၈ ကျောင်းသားအဖွဲ့သည် KIA  ဌာနချုပ်လိုင်ဇာသို့ ရောက်ရှိကာ KIA ဒုစစ်ဦး စီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်တို့အား တွေ့ဆုံဆွေးနွေးပြီးနောက် ရန်ကုန်သို့ပြန်ရောက်ခဲ့ရာ ယမန်နေ့က တောင်ဥက္ကလာပမြို့နယ်၊ ဝေဇနရာလမ်းမရှိ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၏ ရုံးခန်း၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“လိုင်ဇာမှာ ဗိုလ်ချုပ်ဂွမ်မော်၊ ဦးလနန်တို့နဲ့ ၂ နာရီကျော်ကြာ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖြစ်ပါတယ်။ KIA အနေနဲ့ ဆွေးနွေးဖြေရှင်းမှရမယ်ဆိုတဲ့ မူဝါဒကို ကိုင်ထားဆဲလို့ ပြောတယ်။ အစိုးရအနေနဲ့ ဆွေးနွေးပွဲဖြစ်ပေါ်လာစေဖို့ စစ်ပွဲအရှိန်ကို ချပေးဖို့နဲ့ နိုင်ငံရေးပဋိပက္ခတွေကို ဖြေရှင်းမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ပါမယ်ဆိုတဲ့ ကတိကဝတ် အာမခံချက်တစုံတရာ ပေးနိုင်ရင် ဆွေးနွေးပွဲတွေ ပြန်စမယ်လို့ KIA ပြောတဲ့အတိုင်းပဲ ကျနော် ပြန်ပြောပါရစေ”ဟု ကိုမြအေးက ပြောသည်။

ထို့အပြင် လက်ရှိ တိုက်ပွဲအရှိန်အဟုန်ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မဖြစ် နိုင်သေးသော်လည်း ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC နှင့် အစိုးရ ဆွေးနွေးသည့်အခါတွင် KIA အနေဖြင့် တက်ရောက်မည်ဖြစ်ကြောင်း မိမိတို့အား ပြောကြားခဲ့သည်ဟုလည်း ကိုမြအေးက ဖြည့်စွက်ပြော ဆိုသည်။

၎င်းတွေ့ဆုံခဲ့မှုတွင် KIA မှ ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း ၂၇ ဦးအား ပြန်လည်လွှဲပြေင်းပေးရေးအတွက် နှစ်ဦးနှစ်ဖက် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။