ကချင်ဒေသထိုးစစ်ကြောင့် စစ်မှန်သောငြိမ်ချမ်းရေး ဦးတည်နိုင်မည် မဟုတ်ဟု TSYO ပြောဆို

ကချင်ဒေသထိုးစစ်ကြောင့် စစ်မှန်သောငြိမ်ချမ်းရေး ဦးတည်နိုင်မည် မဟုတ်ဟု TSYO ပြောဆို
by -
ကေအိုင်စီ

မြန်မာအစိုးရက ကချင်နယ်မြေဒေသအတွင်း တိုက်လေယာဉ်များအသုံးပြုကာ စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းသည် စစ်မှန်သောငြိမ်းချမ်းရေးဆီသို ့ ဦးတည်နိုင်မည် မဟုတ်ကြောင်း တအာင်း(ပလောင်) ကျောင်းသားနှင့် လူငယ်များအစည်းအရုံး- TSYO မှ ယနေ့ ပြောဆိုလိုက်သည်။

TSYO ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် မိုင်ပန်လှက “အစိုးရလုပ်တဲ့ ငြိမ်းချမ်းရေး အစက ထင်သာမြင်သာ ရှိခဲ့ပေမယ့် အခု ကချင်ကို အပြင်းအထန် ထိုးစစ်ဆင်မှုတွေကို ကြည့်ခြင်းအားဖြင့် ဒါကဘယ်လိုမှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ တနိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းမှုနဲ့ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်မှသာ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ဦးတည်နိုင်မှာ ဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အစိုးရစစ်တပ်က ကချင်ဒေသအား လေယာဉ်အသုံးပြု၍ အပြင်းအထန် ထိုးစစ်ဆင်နေမှုသည် ၁၉၉၂ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့က မြန်မာအစိုးရမှ လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံတကာ လူသားဖြစ်မှုကာကွယ်သည့် ဥပဒေ (International Humanitarian Law ခေါ် ၁၉၄၉ Geneva Convention) ဂျီနီဗာသဘောတူစာချုပ်ကို ချိုးဖောက်ရာရောက်သည်ဟုလည်း TSYO ၏ ယမန်နေ့ ကြေညာချက်၌ ဖော်ပြထားသည်။

ထို့အပြင် ကချင်ပြည်လွတ်လပ်ရေးတပ်မတော်-KIA နှင့် မြန်မာအစိုးရအကြား တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ နှစ်ခန့် ကာလအတွင်း ဒုက္ခသည်ပေါင်း တစ်သိန်းနီးပါခန့် အိုးအိမ်စွန့်ခွာခဲ့ရပြီး ၎င်းတို့အတွက် စား၊ ၀တ်၊ နေရေး အပါအဝင် ဆေးဝါးနှင့် အဝတ်အထည် စသည်တို့ လိုအပ်လျှက်ရှိကြောင်း TSYO က ဆိုသည်။

မိုင်းပန်လှက “စစ်ပွဲတွေကြောင့် ဒုက္ခသည်တွေလည်း သိန်းနဲ့ချီရှိနေပြီဆိုတော့ အခက်အခဲရှိလာပြီ။ ဒါတောင်မှ အကူအညီ ပေး ချင်နေတဲ့လူတွေ သွားပြီးတော့ကူညီလို့ရအောင်လည်း အစိုးရကနေပြီးတော့ ကူညီခွင့်မပေးဘူး။ နောက် ပြည်သူလူထုတွေကို ထိခိုက်စေတဲ့ ဓာတုလက်နက်တွေကို သုံးလာတယ်လို့ သတင်းထွက်နေတယ်။ လေယာဉ်နဲ့ပစ်ခတ်တဲ့အချိန်မှာ လူနေအိမ်တွေ ကို ထိမှန်သွားတာတွေမျိုးလည်း တွေ့ရတယ်။ ဒါမျိုး အစိုးရက ဒါကို လုံးဝကို ချိုးဖောက်ပြီးတော့ လုပ်နေတယ်” ဟု ဆိုသည်။

ဆက်လက်၍ မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းရေးကာလတွင် အစိုးရ၏ မှုဝါဒလမ်းစဉ်များက အမျိုးသား ပြန်လည်သင့်မြတ် ရေးနှင့် ဆန့်ကျင်ဘက်သို့ ဦးတည်နေပြီး လူမျိုးစုတိုင်းရင်းသားများအား ချေမှုန်းသုတ် သင်ရေး လုပ်နေသည်ဟု TSYO ၏ သဘောထား ထုတ်ပြန်ချက်က ထောက်ပြထားသည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ အပစ်ခတ်ရပ်စဲရေးနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာရေးကို အခြားတိုင်းရင်းသားအဖွဲ့များနှင့်ပူးပေါင်းကာ TSYO က တတ်နိုင်သည့်ဘက်မှ ပါဝင် လုပ်ဆောင်သွားမည်ဟုလည်း မိုင်ပန်လှက ဖြည့်စွက်ပြောဆိုသည်။

TSYO ကို ၂၀၀၈ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး တအာင်းလူငယ်များနှင့် တအာင်းတမျိုးသားလုံး၏ ဘဝဖွံ့ဖြိုးတိုးတက်မြင့် မားရေးအပြင် ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ တန်းတူညီမျှရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်လာရေးကို ဦးတည်လုပ်ဆောင်နေသော အဖွဲ့ဖြစ်သည်။