ကရင့်သက္ကရာဇ် ၂၇၅၂ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်နေ့ (ခရစ်နှစ်၂၀၁၃ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်)တွင် ကျရောက်မည့် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်အတွက် ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ဖြစ်သည့် ပဒိုမန်းငြိမ်းမောင်နှင့် ပဒိုစောသမိန်ထွန်းတို့ တက်ရောက်မည်ဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ကရင်အမျိုးသား နှစ်သစ်ကူးကျင်းပရေးကော်မတီ၏ ဖိတ်ကြားချက်အရ KNU ဗဟိုအလုပ် အမှုဆောင်အဖွဲ့မှ ဆုံးဖြတ်ကာ အဆိုပါခေါင်းဆောင်နှစ်ဦးကို တက်ရောက်စေခြင်းဖြစ်ကြောင်း သိရသည်။
ပဒိုမန်းငြိမ်းမောင်က “ဒါက တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ ပွဲတော်ဖြစ်တယ်။ နောက် အဖွဲ့အစည်းက တရားဝင် ဖိတ်တယ်။ KNU အဖွဲ့ အစည်းကလည်း ကျနော်တို့ကို စေလွှတ်ဖို့ သဘောတူလို့သွားတာပါ။ နှစ်ပေါင်းများစွာ အဲဒီမှာရှိတဲ့ ကိုယ့်အမျိုးသားတွေနဲ့ ထိတွေ့မှု မရခဲ့ဘူးလေ။ အခုလို တွေ့ရမယ့်အခါကျတော့ အများကြီး ၀မ်းသာပါတယ်”ဟု ပြောသည်။
ထို့အပြင် ဇန်နဝါရီလ ၁၂ ရက် နှစ်သစ်ကူးနေ့မတိုင်ခင် ရန်ကုန်မြို့သို့ အရောက်သွားရန် ရှိပြီး များနှင့်ပြန်ဆုံ တွေ့နိုင်မည့် အခွင့်အရေး အပြင် လူထုအား ကရင့်တော်လှန်ရေးအခြေအနေများ ရှင်းပြနိုင်သလို အသိ ပညာရှင်၊ အတတ်ပညာရှင်များနှင့်လည်း တွေ့ဆုံ၍ အမြင်ဖလှယ်မှုများ ပြုလုပ်လိုသည်ဟု ဆက်လက် ပြောဆိုသည်။
ကရင်သက္ကရာဇ် ၂၇၅၁ခုနှစ်အတွက် အလုံမြို့နယ်တွင် ကျင်းပခဲ့သည့် ကရင်နှစ်သစ်ကူးပွဲ ယင်းကိစ္စနှင့် ပတ်သက်၍ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းမှတဆင့် ကရင်အမျိုးသားအစည်းအရုံးထံ ဒီဇင်ဘာလ ၂၅ ရက်နေ့က ဖိတ်ကြားစာ ပေးပို့ထားခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း အလုံမြို့နယ်မှ ကရင်နှစ်သစ်ကူး ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဌ စောမင်းလွိုက်က ကေအိုင်စီသို့ အတည်ပြု ပြောဆိုသည်။
“အခုက နည်းနည်း ပွင့်လင်းမြင်သာမှု ရှိတဲ့အခါကျတော့ ကိုယ့်အမျိုးသား အချင်းချင်း ပြန်ပြီးတော့ ထိတွေ့မှုရ အောင်၊ တယောက်နဲ့တယောက် အမြင်တွေ၊ အကြံဉာဏ်တွေလည်း ဖလှယ်လို့ရအောင် ဖိတ်ကြားရတာပါ”ဟု သူက ပြောဆိုသည်။
ကရင်နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်တိုင်း၊ အလုံမြို့နယ် အထက(၁) အလုံကျောင်းဝင်းအတွင်း၌လည်းကောင်း၊ ကရင်အမျိုး သားနှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီ(မဟာရန်ကုန်)မှ ဦးဆောင်၍ အင်းစိန်မြို့နယ်၊ အာလိန်ငါးဆင့် ဘုရားကြီးဝင်း ၌လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း၌လည်းကောင်း နှစ်စဉ် ကျင်းပလေ့ရှိပြီး ကေအဲန်ယူခေါင်းဆောင်များအနေ ဖြင့် အလုံမြို့နယ်နှင့် အင်းစိန်မြို့နယ် အာလိန်ငါးဆင့် ဆေးဝင်္ကဘာကျောင်းဝင်းရှိ ပွဲတော်သို့ တက်ရောက်သွားမည်ဟုလည်း ပဒိုမန်းငြိမ်းမောင်က ပြောသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် မြန်မာသက္ကရာဇ် ၁၂၉၉ ခုနှစ်၊ (ခရစ်နှစ် ၁၉၃၇)ခုနှစ်မှ စတင်ကာ ပြာသိုလဆန်း ၁ ရက်နေ့ရောက် တိုင်း ကရင်လူမျိုးတို့၏ နှစ်သစ်ကူးနေ့အဖြစ် တရားဝင် ကျင်းပခွင့်ရရှိခဲ့ရာ ယခုဆိုလျှင် ရ၅ နှစ်မြောက် စိန်ရတုသဘင်ပွဲတော် ဖြစ်ပြီး ရန်ကုန် ကရင်နှစ်သစ်ကူးပွဲတော်ကို KNU မှ ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ခြင်းလည်း ဖြစ်သည်။