နိုင်ငံတော် ဒုသမ္မတ စိုင်းမောက်ခမ်းသည် ယနေ့ စစ်တွေမြို့သို့ ရုတ်တရက် ရောက်ရှိလာပြီး စစ်တွေမှ တဆင့် မြေပုံသို့ ချက်ချင်း ထွက်ခွာသွားသည်ဟု သိရသည်။
“နံနက် ၉ နာရီ ကျော်ကျော်မှာ စစ်တွေကို လေယာဉ်နဲ့ ရောက်ပါတယ်။ မြို့တော်ခန်းမမှာ ဌာနဆိုင်ရာ လူကြီးတွေနဲ့ နံနက် ၁၀ နာရီမှာတွေ့တယ်။ အဓိက ဒုက္ခသည်တွေ ကယ်ဆယ်ရေးကိစ္စ အတွက် လာတယ်လို့ သိရပါတယ်” ဟု စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က ပြောသည်။
အဆိုပါ အစည်းအဝေးအပြီးတွင် ရဟတ်ယာဉ်များဖြင့် မြေပုံသို့ ချက်ချင်း ထွက်ခွာသွားသည်ဟု ဆိုသည်။
“ဒုသမ္မတက နေ့လည်စာ ထမင်းစားပြီးတာနဲ့ မြေပုံမြို့ကို ထွက်ခွာသွားပါတယ်။ မြေပုံမှာ ဒုက္ခသည်တွေရဲ့ အခြေအနေက အရမ်းကို ဆိုးရွားနေတယ်လို့ ကြားရတယ်။ ဒါကြောင့် မြေပုံကို ထွက်သွားတယ်လို့ သိရပါ တယ်။”
ကုလ သမဂ္ဂ လူသားချင်းစာနာ ထောက်ထားမူ ဆိုင်ရာ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ်လည်း ဖြစ်၊ အရေးပေါ် ကယ်ဆယ်ရေး ညှိနိုင်းရေးမှူးလည်းဖြစ်သော ဗယ်လရီ အေးမိုးစ် Valerie Amos သည် ဒီဇင်္ဘာလ ၅ ရက်နေ့က ရခိုင်သို့ လာရောက် လည်ပတ်ခဲ့သည်။ လည်အပတ် အပြီး မြေပုံတွင် ဒုက္ခသည်များ အခြေအနေ ဆိုးရွားနေကြောင်း မြန်မာ အစိုးရကို ပြောဆို ခဲ့ကြောင်း သိရသည်။
“အခုလို သတင်းတွေတော့ ရပါတယ်။ မြေပုံမှာ အခြေအနေဆိုးရွားနေတာကို အဲဒီ အမျိုးသမီးက ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုတယ်လို့ သိရပါတယ်။ ဒါကြောင့် အများကတော့ ဒုသမ္မတ စိုင်းမောက်ခမ်း လာတာ ဒီီကိစ္စလို့ ပြောနေကြပါတယ်” ဟု ဆိုသည်။
ဒုသမ္မတ စိုင်းမောက်ခမ်းသည် ပဋိပက္ခဖြစ်ပွားရာ ရခိုင်ပြည်နယ်သို့ မကြာခဏ လာရောက်ကြည့်ရှု့သော မြန်မာ အစိုးရထဲမှ အဆင့်မြင့်ဆုံး ခေါင်းဆောင် ဖြစ်သည်။