လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖားကန့် ကျောင်းပိတ်လိုက်ရ

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖားကန့် ကျောင်းပိတ်လိုက်ရ
by -
ကေအိုင်စီ

ကချင်ပြည်နယ် ဖားကန့်မြို့ပေါ်ရှိ အစိုးရ၏ ဗျူဟာကုန်းမှ ကချင်ပြည် လွတ်လပ်ရေးတပ်မတော် KIA တပ် ရှိရာသို့ လက်နက်ကြီးဖြင့် ၁ဝ ကြိမ် ပစ်ခတ်ခဲ့သဖြင့် ဖားကန့် အထက ကျောင်းသားများ ထိတ်လန့်မှု ဖြစ်ပွားခဲ့ပြီး ယနေ့ညနေက ကျောင်းပိတ်လိုက်ရသည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်မြို့ ဗျူဟာကုန်း အခြေစိုက်ရာ တပ်စခန်းမှ ၁ဝ၅ မမ လက်နက်ကြီးဖြင့် မြောက်ဘက် တမိုင်ကျော် အကွာရှိ KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ ရှိရာ မောမောင်းဘွမ်ဘက်သို့ ပစ်ခတ်ခဲ့သဖြင့် ကျောင်းသားမိဘများက သွားရောက် ခေါ်ယူခဲ့ကြောင်း တရားဟောဆရာ တဦးက ပြောသည်။

“မနက် ၁ဝ နာရီ မိနစ် ၂၄ ကနေ ပစ်တာ နှစ်မိနစ်လောက် ခြားပြီး ဆက်တိုက် ပစ်တယ်။ အဲဒါကြောင့် ကလေးတွေ လည်း ထိတ်လန့်ပြီး မိဘတွေ ပြန်ခေါ်ယူလိုက်တယ်။ မိုးခြိမ်းသံလို အသံကြားတော့ အားလုံးက ကြောက်ကြောက် လန့်လန့်နဲ့ နေနေရတယ်” ဟု နှစ်ခြင်း အသင်းတော်မှ တရားဟောဆရာ တဦးက ပြောသည်။  

ထို့အပြင် အစိုးရ၏ တပ်မ ၈၈ လက်အောက်ခံ တပ်ဖွဲ့များနှင့် KIA တို့ ဒေသတွင်း တိုက်ပွဲငယ်များ ဆက်လက် ဖြစ်ပွားနေကြောင်း ၎င်းက ဆက်ပြောသည်။

“ဖားကန့်လမ်း ၆ မိုင် ရ မိုင်ဘက်မှာ အစိုးရ စစ်သားတွေ အများကြီး ထိုးစစ်ဆင်လာတော့ လမ်းဘက် KIA နဲ့ တိုက်ပွဲငယ်တွေ ဖြစ်နေတော့ ဒီဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ ခြိမ်းခြောက်တာနေမှာ” ဟု မဇ္စျိမကို ပြောသည်။

လွန်ခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့ ကလည်း ဖားကန့် ဗျူဟာကုန်းမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် KIA ရဲဘော်နှစ်ဦးနှင့် ဒေသခံ ရွာသားသုံးဦး သေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာ ရရှိခဲ့သည်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်၍ အစိုးရတပ်မှ ရိက္ခာနှင့်လက်နက်များ သယ်ဆောင်လာသော စစ်ထရပ်ကား ၄ဝ ကျော် မိုးကောင်း-ဖားကန့် လမ်းအတိုင်း ၀င်ရောက်လာပြီး အစိုးရတပ်ဖွဲ့ဝင် အင်အား ၂ဝဝ ခန့် နှင့်အတူ ယနေ့တွင် ဖားကန့် ၆ မိုင်နှင့် ရ တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း KIA တပ်ရင်း ၆ တပ်ဖွဲ့မှ ဗိုလ်ကြီး လှဒွဲက ပြောသည်။