လူမှုရေးလုပ်ငန်း ဆောင်ရွက်သူ ကရင်အမျိုးသမီးတစ်ဦးကို သြစတြေးလျား ၀န်ကြီးချုပ်မှ ဆုချီးမြှင့်

လူမှုရေးလုပ်ငန်း ဆောင်ရွက်သူ ကရင်အမျိုးသမီးတစ်ဦးကို သြစတြေးလျား ၀န်ကြီးချုပ်မှ ဆုချီးမြှင့်
by -
ကေအိုင်စီ

သြစတြေးလျနိုင်ငံ ဗစ်တိုရီးယားပြည်နယ်တွင် ရောက်ရှိအခြေချနေသော ကရင်အမျိုးသမီးတဦးဖြစ်သည့် နော်စေးထူးအဲ့မိုးရိုကို လူမှုရေးလုပ်ငန်း ဆောင်ရွက်မှုကြောင့် သြစတြေးလျား ဝန်ကြီးချုပ် Hon. Julia Gillard က (Prime Minister’s Above and Beyond Award) ဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

Say-Htoo-Eh-Moelo

သြစတြေးလျားနိုင်ငံတွင် ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများကို အခကြေးငွေမယူဘဲ သြစတြေးလျား လူမှုကွန်ယက်နှင့် ချိတ်ဆက်မိအောင် ကူညီဆောင်ရွက်ပေးသည့်အပြင် သူမ၏ အားလပ်ချိန်အတွင်း၌ လူမှုအသိုင်းဝိုင်းကို ကူညီပေးနေသော ကြောင့် ၀န်ကြီးချုပ်မှ ထိုသို့ ဆုပေးအပ်ခဲ့ခြင်းဖြစ်သည်။

နော်စေးထူးအဲ့က “ကျမ ဒီဆုကို ရမယ်လို့ မမျှော်လင့်ခဲ့ဘူး။ မထင်မှတ်ဘဲ ရသွားတဲ့အတွက်ကြောင့် အရမ်း ပျော်လို့မဆုံး ဖြစ်မိ တယ်။ နောက် ဒီဆုကိုရတာ ကရင်တမျိုးသားလုံးရတယ်လို့ ခံစားရတယ်။ အခု ကျမဟာ ကရင်လူမျိုးဖြစ်တယ်ဆိုတာ ဝန်ကြီး ချုပ်သိသွားတော့ အရမ်းကျေနပ်အားရမိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဆက်လက်၍ သြစတြေးလျားနိုင်ငံတွင် ရောက်ရှိအခြေချနေသည့် ကရင်လူငယ်များသည် သူမနည်းတူပင် လူမှုရေးလုပ်ငန်း တွင် တတ်စွမ်းသမျှ ကြိုးပမ်းလုပ်ဆောင်ကြပြီး ကရင်လူမျိုးများ၏ ဂုဏ်ကို မြှင့်တင်ကြရန် တိုက်တွန်းလိုကြောင်း သူမက ပြော ဆိုသည်။

Prime Minister’s Above and Beyond Award ဆုသည် သြစတြေးလျနိုင်ငံရှိ လူမှုရေးလုပ်ငန်းအရေးကို စိတ်ရောကိုယ်ပါ စွမ်း စွမ်းတမံ ကူညီလုပ်ကိုင်ဆောင်ရွက်ပေးနေသူများကို တနှစ်တစ်ကြိမ် နှစ်စဉ် ရွေးချယ် ဂုဏ်ပြု ပေးအပ်လျှက်ရှိသည်။

နော်စေးထူးအဲ့မိုးရိုသည် ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ဌာနချုပ်ဟောင်း မာနယ်ပလောကျပြီး နောက်ပိုင်း ၁၉၉၉ခုနှစ် တွင် သြစတြေးလျားနိုင်ငံသို့ သွားရောက်အခြေချနေထိုင်ခဲ့သည်။

သူမသည် လက်ရှိ သြစတြေးလျား လူမှုကွန်ယက်တွင် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါ၀င်ကာ ၎င်းကွန်ယက်၏ လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်လျှက်ရှိသည်ဟု သိရသည်။