KNU အတွင်းပြန်လည်သင့်မြတ်ရေးနှင့် ညီညွှတ်မှုရှိရန် KYO ဆွေးနွေး

KNU အတွင်းပြန်လည်သင့်မြတ်ရေးနှင့် ညီညွှတ်မှုရှိရန် KYO ဆွေးနွေး
by -
ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU အတွင်း ပြန်လည်သင့်မြတ်စေရေးနှင့် စည်းလုံးညီညွတ်မှုဖြစ်လာရန် ကရင်လူငယ်အစည်းအရုံး-KYO မှ ကမကထပြုလုပ်ကာ ထိုင်း- မြန်မာနယ်စပ်တစ်နေရာတွင် ယမန်နေ့က အစည်းအဝေး ကျင်းပခဲ့သည်။

၎င်းအစည်းအဝေးတွင် လက်ရှိ ကေအဲန်ယူ အတွင်း ဖြစ်ပေါ်နေသည့် ပဋ္ဋိပက္ခများကို မည်သည့်နည်းလမ်းဖြင့် ဝိုင်းဝန်းဖြေရှင်းကြမည်ကို ကရင်လူငယ်အဖွဲ့အစည်းအသီးသီးများက တက်ရောက်ဆွေးနွေးခြင်းဖြစ်ဟု ကရင်လူငယ်အစည်းအရုံး ဒုဥက္ကဌ စောအဲ့ကလူစေးက ယခုလို ပြောသည်။

“အခု ကေအဲန်ယူအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပြဿနာတွေဟာ လူငယ်များအနေနဲ့ ဘယ်အခန်းဏ္ဍမှာ ပါဝင်တော့ ဘယ်လိုဝိုင်းဝန်းဖြေရှင်းကြ မယ်ဆိုတာကို ဆွေးနွေးတိုင်ပင်ကြတာဖြစ်တယ်။ အဓိကတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ စည်းလုံးစေချင်တယ်”ဟု စောအဲ့ကလူစေးက ကေအိုင်စီ သို့ ပြောသည်။

အစည်းအဝေးတွင် KYO မှ လူငယ်များ၊ ဗုဒ္ဓဘာသာကိုယ်စားပြုသည့်လူငယ်များ၊ ခရစ်ယာန်ကိုယ်စားပြုသည့် လူငယ်များ၊ ကရင်ဒုက္ခ သည်စခန်းရှိ လူငယ်များနှင့် အခြားလူငယ်များ စုစုပေါင်း ၃၇ဦး တက်ရောက်ဆွေး နွေးခဲ့သည်။

ကေအဲန်ယူ ဗဟိုခေါင်းဆောင်အတွင်း ဖြစ်ပေါ်ခဲ့သည့် ပဋ္ဋိပက္ခများနှင့် ပတ်သက်၍ အစည်းအဝေး တက်ရောက်ခဲ့သည့် လူငယ်အဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များက ၎င်းတို့၏ အမြင်သဘောထားများအား ပြောဆိုခဲ့ပြီး အတူတကွ စည်းလုံးညီညွှတ်ရန် လုပ်ဆောင်ရမည့် ကိစ္စများအပေါ် တစ်ဖွဲ့ချင်းဆီမှ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

“လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ကျနော်တို့ လူငယ်ထုအနေနဲ့ စိုးရိမ်တာပေါ့နော်။ ကို်ယ့်မိခင် အဖွဲ့ အစည်းကို ကွဲထွက်တာတွေ မမြင်စေချင်ဘူး။ နောက် ဘာကြောင့် အဲလိုမျိုးဖြစ်ရသလဲဆိုတာကို ဆွေးနွေးခဲ့တယ်။ နောင် မဖြစ်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို တိုင်ပင်ဆွေးနွေးကြတာဖြစ်တယ်” ဟု အစည်းအဝေးတက်ရောက်သူ လူငယ်တစ်ဦးက ပြောသည်။

အစည်းအဝေးတွင် ဆွေးနွေးသွားသည့် အချက်များနှင့် ပတ်သက်၍ သဘောထား ကောက်ယူသည့် အဆင့်သာ သတ်မှတ်ထားပြီး အတည်ပြုချက်ရရှိရေးအတွက် ဆက်လက် ဆွေးနွေးလုပ်ဆောင်သွားရန် အစီအစဉ်ရှိသည်ဟု သိရသည်။

ကရင်လူငယ်များ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ စသည့်စွမ်းရည်များ မြှင့်တင်ရန် ရည်ရွယ်၍ ၁၉၈၉ခုနှစ်၊ မေလ ၂၃ရက်နေ့တွင် ကရင်လူငယ်အစည်းအရုံး(KYO)ကို စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

Most read this week