ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ထီးဝါပလောနှင့် ပနောကလဲခီး(သံပုရာ)ကျေးရွာတို့၌ နိုင်ငံသားစိစစ်ရေး ကဒ်ပြားကို အခမဲ့ လုပ်ဆောင်ပေးနေသော်လည်း ရွာသူရွာသားများနှင့် ကျောင်းသားများမှ ကျေးရွာ လူကြီးများအား ငွေပေးခဲ့ရကြောင်း စိစစ်ရေးကဒ် ပြုလုပ်ခဲ့သူများက ပြောသည်။
မြဝတီမြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) နှင့် နော်ဝေးနိုင်ငံ ဒုက္ခသည် ကောင်စီ (Norwegian Refugee Council -NRC) တို့က ကျေးရွာများ၌ တရွာလျှင် နှစ်ရက်နှုန်းဖြင့် စက်တင်ဘာ လကုန်ပိုင်းမှစ၍ အောက်တိုဘာလ ၅ ရက်နေ့အထိ စိစစ်ရေးကဒ်ရိုက်ပေးရာတွင် ရွာလူကြီး အချို့မှ လူတစ်ဦးလျှင် ကျပ်ငွေ ၁,၀၀၀ မှ ၅,၀၀၀ အထိ ကောက်ခံခဲ့သည်ဟု ထီးဝါပလောရွာသား တစ်ဦးက ကေအိုင်စီသို့ ပြောသည်။
၎င်းက “အခမဲ့လို့တော့ ပြောထားတယ်။ ဒါပေမယ့် မရိုက်ခင် ရွာသူကြီးဆီ နာမည်စာရင်း အရင်သွားသွင်းရပြီး မြန်မာကျပ်ငွေ ငါးထောင် ပေးရတယ်။ ကျောင်းသားကျောင်းသူတွေက တစ်ထောင်ပဲ ပေးရတယ်” ဟု ပြောသည်။
ထို့အတွက် ငွေကြေးမတတ်နိုင်သည့် အချို့ရွာသားများမှာ နိုင်ငံသားစိစစ်ရေးကဒ် လာရောက်လုပ်ဆောင်ခြင်း မရှိတော့သဖြင့် ၎င်းတို့အတွက် နစ်နာရကြောင်း အဆိုပါရွာသားက ဆက်လက် ပြောဆိုသည်။
ထိုသို့ ငွေကောက်ခံခြင်းမှာ စိစစ်ရေးကဒ် လာရောက်ရိုက်ပေးသူ လဝကနှင့် NRC ၀န်ထမ်းများအတွက် လိုအပ်သော အထွေထွေကုန်ကျစရိတ်အဖြစ် ကျပ်ငွေ ၃,၀၀၀ သာ ကောက်ခံခြင်းဖြစ်သည်ဟု ထီးဝါပလောရွာလူကြီးဟောင်းတစ်ဦးက ဒီဗွီဘီသတင်းဌာန ကရင်ပိုင်း ရေဒီယိုအစီအစဉ်တွင် ပြောဆိုထားသည်။
NRC ၀န်ထမ်းများအနေဖြင့် ကရင်ပြည်နယ်အတွင်း နေ့ချင်းပြီး စနစ်ဖြင့် စိစစ်ရေး ကဒ်ကို အခမဲ့ ရိုက်ပေးနေခြင်းဖြစ်ပြီး ၎င်းတို့၏ သွားလာ စားသောက်ရေးနှင့် အခြားကုန်ကျစရိတ်အားလုံးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက စီစဉ်ထားပြီးဖြစ်ကြောင်း စီမံချက်အတွင်း လိုက်ပါလာသူများနှင့် နီးစပ်သူတစ်ဦးက အခုလို ပြောဆိုသည်။
“NRC ၀န်ထမ်းတွေက အစစအရာရာ စရိတ်အားလုံးကို ဌာနက စီစဉ်လာခဲ့ပြီးသား။ ဒီလို ရွာသူကြီးတွေ လုပ်တာကြားလို့ စိတ်မကောင်းဘူး။ ဘာဖြစ်လဲဆိုတော့ အဲလို ငွေကောက်ခံတဲ့အခါ တချို့လူတွေ မှတ်ပုံတင်(စိစစ်ရေးကဒ်) လိုချင်လျှက် သားနဲ့ မရိုက်ဖြစ်တော့ဘူးလေ” ဟု ဆိုသည်။
အလားတူ မြဝတီမြို့နယ်၊ ပနောကလဲခီးရွာတွင်လည်း မှတ်ပုံတင်တခါမျှ မရိုက်ရသေးသူအား ၄,၅၀၀ ကျပ်၊ မှတ်ပုံတင် အဟောင်းမှ အသစ်သို့ ပြန်လဲလှယ်သူအား ၃,၅၀၀ ကျပ် နှုန်းဖြင့် ရွာလူကြီးက ကောက်ခံနေသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။
ယခုနှစ် အောက်တိုဘာလအတွင်း မြဝတီမြို့နယ်တွင် နိုင်ငံသား စိစစ်ရေးကဒ် ပြုလုပ်ပြီးသူပေါင်း ရ၀၀ ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။