ဆိုင်ကယ်လိုင်စင်လုပ်သူများ အပို အခွန်ငွေ ပေးဆောင်ရ

ဆိုင်ကယ်လိုင်စင်လုပ်သူများ အပို အခွန်ငွေ ပေးဆောင်ရ
by -
ကေအိုင်စီ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၏ အခွန်ဌာနမှ ဆိုင်ကယ်လိုင်စင်အတွက် တရားဝင် သတ်မှတ်ထားသည့် ရုံးသုံးနှင့် အထွေထွေသုံး စရိတ်တို့အပြင် ခေါင်းစဉ်မရှိသည့် အခွန်ငွေ အပို ကောက်ခံမှုကို ဆိုင်ကယ်လိုင် စင်ပြုလုပ်သူများက ပေးဆောင်ခဲ့ရသည်။

motorbike
ယင်းသို့ အပိုအခွန်ကောက်ခံမှုကို ကြာအင်းဆိပ်ကြီးမြို့နယ်၏ အခွန်ဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းအေးက ကောက်ခံ ခြင်းဖြစ်ပြီး အောက်တိုဘာလ ၁ ရက်မှ ၁၀ ရက်နေ့အထိ ဘတ်ငွေ ငါးသိန်းနီးပါး ရရှိခဲ့သည်ဟု ဘုရားသုံးဆူမြို့ အခွန်ဦးစီးဌာနမှ အမည်မဖော်လိုသည့် ၀န်ထမ်း တဦးက ကေအိုင်စီသို့ ပြောသည်။

“ဆိုင်ကယ်လိုင်စင်လာလုပ်တဲ့သူက မပေးနိုင်လို့ မဟုတ်ဘူး။ ရုံးသုံးစရိတ်နဲ့ အထွေထွေသုံးစရိတ်ဆိုပြီး ထိုင်းဘတ်ငွေ ၁၄၀ (မြန်မာငွေကျပ် ရထောင်) သီးသန့်ပေးရတာက ရှိပြီးသားပဲ။ ဒါပေမယ့် ဘာခေါင်းစဉ်မှ မဟုတ်ပဲ (ဘတ်ငွေ) ၁၇၀ ထပ်ကောက်တာတော့ မဖြစ်သင့်ဘူး” ဟု ပြောသည်။

လက်ရှိအချိန်တွင် လိုင်စင်ပြုလုပ်ပြီးစီးသွားသည့် ဘုရားသုံးဆူမြို့မှ မြို့ခံ ဆိုင်ကယ်ပိုင်ရှင်များမှာ အခွန်ဌာန မြို့နယ်ဦးစီး မှူး၏ ခေါင်းစဉ်မပါသည့် အဆိုပါ ငွေကောက်ခံမှုကို မမေးမြန်းရဲသလို မည်သည့်အကြောင်းကြောင့် ကောက်ခံခဲ့သည် ကိုလည်း အခွန်ဌာနမြို့နယ်ဦးစီးမှူးဘက်က ထုတ်ဖော်ပြောဆိုခြင်း မရှိကြောင်း သိရသည်။

အမည်မဖော်လိုသူ မြို့ခံတဦးက “ကျနော်တို့က ဆိုင်ကယ်လိုင်စင်လုပ်တာ ပေးဆောင်ရတဲ့ ၀န်ဆောင်ခက သီးသန့်ပဲ။ အဲဒီ ထပ်ကောက်တဲ့ဥစ္စာက ဘာအတွက်လဲတော့ မသိဘူး။ ကြောက်လို့ မေးလည်းမမေးရဲဘူး” ဟု ပြောသည်။

ဘုရားသုံးဆူမြို့တွင် လိုင်စင်မဲ့ဆိုင်ကယ်များကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဋ္ဌာန (ကညန) နှင့် ကြာအင်းဆိပ် ကြီးမြို့နယ် အခွန်ဌာနတို့ ပူးပေါင်း၍ ပြုလုပ်ပေးခြင်းဖြစ်ပြီး လက်ရှိ လိုင်စင်မဲ့ ဆိုင်ကယ်စီးရေ သုံးထောင်ခန့် ပြုလုပ်ပေး ခဲ့ပြီး နောက်ထပ် မည်သည့်အချိန်တွင် ထပ်မံ ပြုလုပ်ပေးမည်ကို အတိအကျ မပြောနိုင်သေးပေ။

မြို့နယ် အခွန်ဦးစီးမှူး ဒေါ်စန်းစန်းအေးသည် ယမန်နေ့ မနက်က ကြာအင်းဆိပ်ကြီးမြို့သို့ ပြန်ဆင်းသွားပြီး ဘတ်ခြောက်သောင်းခန့်တန်ဖိုးရှိသည့် ထိုင်းနိုင်ငံထုတ် Wave 125 အမျိုးအစား  ဆိုင်ကယ်တစ်စီး  ၀ယ်ယူသွားခဲ့သည်ဟု အမည်မဖော်လိုသည့် ၀န်ထမ်းက ပြောသည်။

Most read this week