ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်းရှိ အုန်းဖျန်ဒုက္ခသည်စခန်း၌ ယနေ့ နေ့လည် ၁၂နာရီကျော်မှ မွန်းလွဲ ၁နာရီခွဲ အချိန်ထိ မီးလောင်မှုဖြစ်ပွား၍ ဒုက္ခသည်များ၏ အိမ်ခြေ ၁၀၀၀ကျော် ပျက်စီးဆုံးရှုံးသွားသည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။
မီးကြောင့် လောင်ကျွမ်းသွားသည့် အိမ်ခြေမှာ ၅၆၆လုံးဖြစ်ပြီး မီးကူးစက်မည်စိုး၍ ဖျက်ဆီးပစ်လိုက်သည့် အိမ်ခြေမှာ ၅၁၅လုံးဖြစ်ကြောင်း အုန်းဖျန်စခန်းဥက္ကဌ စောဝါးထီးက ကေအိုင်စီသို့ ပြောဆိုသည်။
စောဝါးထီးက “မီးကတော့ ဇုံဘီ ရပ်ကွက်(၇)က အကြော်ကြော်တဲ့အိမ်ကနေ စလောင်တာလို့ ခန့်မှန်းကြပေမဲ့ အခုထိ အိမ်ရှင်တွေကို လိုက်ရှာလို့ မတွေ့သေးဘူး။ မီးလောင်တဲ့အချိန် လေက အတန်အသင့်ပဲ တိုက်လို့။ ရံဖန်ရံခါ တဟူးဟူးမြည်အောင် တိုက်သလိုမျိုးဆို စခန်းတစ်ခုလုံးတော့ ကုန်ပြီ။”ဟု ပြောသည်။
UNHCR စာရင်းဟောင်းအရ စခန်း၏ ဇုံအေ ရပ်ကွက် (၆)၊ (၇)နှင့် ဇုံဘီ ရပ်ကွက်(၆)၊ (၇)နှင့် (၈)တို့တွင် မီးလောင်ကျွမ်း ကူးစက်သွား ခြင်းဖြစ်သော်လည်း အသစ် ပြန်လည်ဖွဲ့စည်းမှုအရ ရပ်ကွက် (၆)၊ (၇)၊ (၈)၊ (၉)နှင့် (၁၀)တို့တွင် ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခြင်းမှာ ရပ်ကွက်(၉)မှ ဖြစ်သည်။
အချိန်တစ်နာရီခွဲနီးပါး ကြာမြင့်ခဲ့သည့် မီးလောင်ကျွမ်းမှုမှာ မီးညွှန့်ကျိုးပြီးနောက် မွန်းလွဲ ၂နာရီခွဲခန့်တွင် ဖုတ်ဖရမြို့နယ်မှ ထိုင်းမီးသတ် ကား ၅စီး ရောက်ရှိလာကာ ဆက်လက် လောင်ကျွမ်းဆဲဖြစ်သည့် မီးစများကို ငြိမ်းသတ်ခဲ့သည်ဟု စခန်းတာဝန်ရှိသူများက ဆိုသည်။
စခန်း တာဝန်ရှိသူများ၏ စာရင်းကောက်ခံချက်အရ မီးဘေးဒုက္ခသည် ၄၄၁၀ဦးရှိပြီး ကရင်မိသားစု ၅အိမ်မှလွဲ၍ ကျန်မီးဘေးဒုက္ခသည် များမှာ မွတ်ဆလင်မ်လူမျိုး ဒုက္ခသည်များသာဖြစ်သည်ဟု သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်မှု အနည်းငယ်ရှိသည့် ဒုက္ခသည်ဦးရေ ၂၀ကျော်ရှိပြီး လူသေဆုံးမှုမရှိဘဲ အိမ်မွေးတိရိစ္ဆာန် ကြက်၊ ၀က် နှင့် ဘဲများ မီးထဲပါသွားသည်ဟု အုန်းဖျန်ဒုက္ခသည်စခန်းမှ စောထူးပလီက ပြောသည်။
သူက “မီးလောင်တာ ရပ်ကွက်(၉)ကနေ စလောင်တာပါ။ မီးအားတအားပြင်းလို့ မိုးပေါ် မီးလုံးတွေ တလိမ့်လိမ့် တက်သွားတာပဲ။ အုန်း ဖျန်မှာ ဒီလို မီးလောင်တာ အရင်က အိမ်တလုံး၊ နှစ်လုံးပဲ လောင်ဖူးတယ်။ ခု ဒီတခါက အဆိုးဆုံးဖြစ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ယနေ့ ညနေ ၄နာရီကျော်တွင် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ဒုက္ခသည်များကို စားနပ်ရိက္ခာများ ကူညီပေးနေသည့် Thai-Burma Border Consortium-TBBC အဖွဲ့၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နှင့် တသီးပုဂ္ဂလကူညီသူများမှ အုန်းဖျန် မီးဘေးဒုက္ခသည်များ၏ လူဦးရေစာရင်းများကို လာရောက်စစ်ဆေးလျှက်ရှိပြီး လိုအပ်သည့် စားနပ်ရိက္ခာနှင့် အဝတ်အစားများ ကူညီပေး ရန် စီစဉ်နေသည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။
နောက်ဆုံးသတင်းအရ ညနေ ၆နာရီတွင် မီးဘေးဒုက္ခသည်များကို စခန်းရှိ ကျန်ဒုက္ခသည်များက အဝတ်အထည်နှင့် အစားအစာများ၊ မဲဆောက်အခြေစိုက် ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးမှလည်း ရေသန့်ဗူးနှင့် စားစရာ မာမားထုတ်များ သွားရောက်လှူဒါန်းခဲ့ သလို မယ်လစခန်းရှိ ကရင်လူငယ်အစည်းအရုံးမှလည်း အဝတ်အထည်များ ကူညီရန် စီစဉ်လျှက်ရှိသည်ဟု သိရသည်။
အုန်းဖျန်ဒုက္ခသည်စခန်းတွင် ရပ်ကွက် ၁၆ခုရှိပြီး လက်ရှိ လူဦးရေမှာ ၁၇,၀၀၀ကျော်နှင့် အိမ်ခြေ ၃,၅၀၀လုံးကျော်ရှိသည်ဟု စခန်းတာဝန် ရှိသူများက ပြောသည်။