ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်ငြိမ်းချမ်းရေးကောင်စီ လက်အောက်ခံ တပ်ရင်း (၇၀၉) မှတပ်ခွဲမှူး ဦးစီး အင်အား ၂၅ဦးသည် လက်နက်နှင့် အလင်းဝင် ရောက်သည့် အခမ်းအနားကို ဇွန်လ ၁၃ရက်နေ့က မွန် ပြည်နယ် ကျိုက်မရောမြို့ရှိ ရဲသံလွင်ခမ်းမတွင် ကျင်းပခဲ့သည်ဟု ယနေ့ထုတ် ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။
ထိုသို့ အလင်းဝင်ရောက်သည့် ငြိမ်းချမ်းရေးကောင်စီအဖွဲ့တွင် တပ်ခွဲမှူး ဗိုလ်ကြီးအဆင့်ရှိ စောလှသန်း အပါအဝင် တပ်ခွဲမှူး နှစ်ဦး၊ ဒုတပ်ခွဲမှူးတစ်ဦး၊ ဒုအရာခံဗိုလ်တစ်ဦးနှင့် တပ်သား ၂၁ဦးတို့ ပါ၀င်ပြီး၎င်းတို့ နှင့်အတူ ပွိုင့် ၄၅ ပစ္စတိုတစ်လက်နှင့် ကျည် ၁၂တောင့်၊ ကျည်အိမ်တစ်ခု၊ ပွိုင့် ၃၀ ကာဘိုင်တစ်လက် နှင့် ကျည် ၁၁တောင့်၊ ကျည်အိမ်နှစ်ခု၊ ပွိုင့် ၃၈ ကာဘိုင်တစ် လက်နှင့် ကျည် ၅တောင့်၊ တတောင့်ထိုးပြောင်း ရှည်တစ်လက်နှင့် ပြောင်းတိုတစ်လက်၊ ဘီအေ-၉၁ လက်ပစ်ဗုံး ၃လုံး၊ အမှတ်-၃၆ လက်ပစ်ဗုံး ၂လုံး၊ M-၁၆ ကျည်အိမ်အတို ၂ခု၊ ၅.၅၆ ကျည် ၂၁တောင့်၊ ရိုင်ဖယ်ပစ်ဗုံး ၅လုံးနှင့် လမ်းလျှောက်စကားပြော စက် ၁လုံး ယူဆောင်ခဲ့သည်ဟုလည်း ဖော်ပြပါရှိသည်။
ထိုကိစ္စနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးကောင်စီ နိုင်ငံခြားဆက်သွယ်ရေး တာဝန်ခံ ဗိုလ်မှူးချုပ်ဒေါက်တာတီ မသေက “ဗမာအ စိုးရက လက်နက်လေး ထပ်ဖြည့်တပ်ဆင်ပေးလိုက်ပြီး Propaganda လုပ်နေတာပဲလေ။ ဒီအဖွဲ့ဟာ အမှန်တော့ အစပိုင်းက ဒီကေဘီအေ။ အဲဒီကနေ ဟောင်သရော(KPF)အဖွဲ့။ ပြီးတော့ငြိမ်းချမ်းရေး ကောင်စီကို ၀င်လာကြတဲ့သူတွေ။ ခေါင်းဆောင် တွေတောင် သူတို့ကို အကုန်လုံး သိတာမဟုတ်ဘူး။”ဟုပြော ဆိုခဲ့သည်။
အလားတူ ငြိမ်းချမ်းရေးကောင်စီ စစ်ထောက်ချုပ် ဗိုလ်မှူးချုပ်စောရင်နုကို ကေအိုင်စီကဆက်သွယ်မေးမြန်း ရာ “ဒီအဖွဲ့က ဘုရားသုံးဆူမှာရှိတဲ့သူတွေ ဖြစ်မယ်။ ကျနော်တို့အဖွဲ့ရဲ့ တပ်ရင်း(၇၀၉)က ဘုရားသုံးဆူဘက် မှာ ရှိတာတော့ ဟုတ်တယ်။ ဒါပေမဲ့ သူတို့ကိုတော့ အသေအချာ မသိဘူး။ မေးကြည့်ရအုံးမယ်။”ဟုပြန်လည် ဖြေကြားခဲ့သည်။
သို့သော် အစိုးရသတင်းစာ ဖော်ပြချက်ထဲတွင် ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင် ၂၅ဦးကို မွန်ပြည်နယ်လုံခြံုရေး နှင့် နယ်စပ်ရေး ရာဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဌေးအောင်မြင့်က ကြိုဆိုပြီးမွန်ပြည်နယ်ကရင်တိုင်းရင်း သား ရေးရာဝန်ကြီးဌာန ၀န်ကြီး ဦး စောအောင်ကျော်သိန်းက လက်နက်နှင့် အလင်းဝင်ရောက်ခြင်းအပေါ် ၀မ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်များကို တစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ၂၅သိန်းကိုဗိုလ်မှူးကြီး ဌေးမြင့်အောင် ကလည်းကောင်း၊ ဆန် ၂၅အိတ်နှင့် ကုလားပဲ ၃အိတ်ကို ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက လည်းကောင်း မော်လမြိုင်ခ ရိုင်၊ ကျိုက်မရောမြို့ အမှတ်(၁၅) ရဲတပ်ရင်း၏ ရဲသံလွင်ခမ်းမတွင် ပြုလုပ်သည့် အလင်းဝင် အခမ်းအနားတွင် ထောက်ပံ့ပေး အပ်ခဲ့သည်။
“အခု ပြန်လက်နက်ချတဲ့သူတွေကလည်း မျိုးချစ်စိတ်ဓာတ်ရှိတဲ့သူတွေ မဟုတ်ဘူး။ သူတို့က အခွင့်သာလို့ ငြိမ်းချမ်းရေး ကောင်စီကို ရောက်လာကြတာ။ ဒီလိုလူမျိုးတွေက တစ်ပုံကြီး။ ဒီအစိုးရက ကျနော်တို့ကို ပြောင်းလဲဖွဲ့စည်းရေး အရင်က အကြိမ်ကြိမ် ဖိအားပေးလာပေမဲ့ လောလောဆယ်တော့ဘာမှမပြောလာသေး သလို ကျနော်တို့ကလည်း နားမထောင်ဘူး။”ဟု ဒေါက်တာတီမသေက ပြောသည်။
KNU/KNLA ငြိမ်းချမ်းရေးကောင်စီသည် ၂၀၀၇ခုနှစ်၊ ဖေဖော်ဝါရီလက ကေအဲန်ယူ တပ်မဟာ(၇)မှ ခွဲထွက်ကာ စစ်အစိုးရနှင့် ပူးပေါင်းခဲ့ပြီး ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်ခင် စစ်အုပ်စု၏ နယ်ခြားစောင့်တပ်နှင့်ပြည်သူ့ စစ်အဖြစ် ပြောင်းလဲဖွဲ့စည်း ရေးကို ငြင်းဆန်ခဲ့သည့် ကရင်အပစ်ရပ်အဖွဲ့ဖြစ်သည်။