ကလေးပညာရေး နစ်နာမည်ကို မိဘများက စိုးရိမ်ပူပန်

ကလေးပညာရေး နစ်နာမည်ကို မိဘများက စိုးရိမ်ပူပန်
by -
ပါးရယ်
ကရင်နီပြည် ရှားတောမြို့နယ်အတွင်းရှိ ကျေးလက်တောရွာများတွင် ကျောင်းသူ၊သားများအတွက် ဆရာ၊မများနှင့် သင်ထောက်ကူ ပစ္စည်းများ လုံလောက်မှု မရှိ၍ အနာဂတ် ကလေးပညာရေး ထိခိုက်နစ်နာစေမှာကို စိုးရိမ်ပူပန်မိကြောင်း ကျောင်းသူ၊သားမိဘများက....

ကရင်နီပြည် ရှားတောမြို့နယ်အတွင်းရှိ ကျေးလက်တောရွာများတွင် ကျောင်းသူ၊သားများအတွက် ဆရာ၊မများနှင့် သင်ထောက်ကူ ပစ္စည်းများ လုံလောက်မှု မရှိ၍ အနာဂတ် ကလေးပညာရေး ထိခိုက်နစ်နာစေမှာကို စိုးရိမ်ပူပန်မိကြောင်း ကျောင်းသူ၊သားမိဘများက ပြောသည်။

အဆိုပါ ထိုဒေသများတွင် ကျေးရွာပေါင်း ၁၂ ရွာ ရှိသည့်အနက် ၁၁ ရွာမှာ အခြေခံမူလတန်းကျောင်း တကျောင်းစီ ဖွင့်လှစ်ထား သော်လည်း ကျောင်းဆရာ၊မများနှင့် ကျောင်းသုံးပစ္စည်းများက အခက်အခဲ ရှိနေခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုဒေသရှိ ကလေးများအတွက် ပညာရေးဘက်ဆိုင်ရာတွင် ကက်သလစ်အဖွဲ့မှ စေတမာန်ဆရာ၊မများနှင့် အခြားသော ထောက်ပ့ံမှုများ ကူညီနေမှုမှာ ရှိနေသော်လည်း အမှန်တကယ် အကျပ်အတည်း ရှိနေဆဲဖြစ်ကြောင်း ကရင်နီလူမှုကယ်ဆယ်ရေးနှင့် ပင်မဌာနမှ ပြည်ထဲ ရေး ဒု-တာဝန်ခံ ဗားမားနိုင်က ပြောသည်။

“သူတို့ကို ဘာသာရေးဘက်က ထောက်ပံ့တာ နည်းနည်းရှိတယ်။ ဒါပေမဲ့ သင်ရိုးညွန်းတန်းတို့ သင်ထောက်ကူပစ္စည်းတို့က တကယ် မလုံလောက်ဘူး။ ဘောလ်ပင်၊ ခဲတံ၊ စာအုပ်တွေက ထုတ်ပေးတာ သူတို့ ၀ယ်ရတယ်။ အများအားဖြင့် ကျနော် ရွာထဲမှာ ကြည့်တာ ဖတ်စာအုပ်ယောက်တိုင်း မရှိကြဘူး။ ဗလာစာအုပ်လည်း တအုပ်နှစ်အုပ် လောက်ပဲ ရှိတယ် အဲလိုလေ” ဟု ၎င်းက ပြောသည်။

ဒေသခံရွာသူ၊သားများသည် ကျေးရွာသို့ ကျောင်းသူ၊သားများအား လာရောက်သင်ကြားပေးထားသော စေတမာန်ဆရာ၊မများကို ထောက်ပ့ံကြေး ပေးစရာ မလို အပ်ကြောင်း၊ ၎င်းအတွက် နေရေးထိုင်ရေး၊ အစားအသောက်နှင့် ကလေးများအတွက် ကျောင်းသုံးပစ္စည်း များကိုသာ ကုန်ကျခံပေးရကြောင်း ကျောင်းသား မိဘတဦးက ပြောသည်။

သူမက “ရွာထဲမှာ ကုန်ကျတဲ့ စရိတ်ပဲ ပြောမယ်ဆိုရင် စာအုပ်၊ ဘောလ်ပင်၊ ခဲတံဖိုးလောက်ပဲ ကုန်တယ်။ အရင်တုန်းက ဆရာ၊ရာမ လုံလောက်သေးတဲ့အတွက် ပေးစရာ မလိုဘူးလို့ ပြောတယ် ကျောင်းစရိတ်ပေါ့။ အရင်နှစ်က ကျမတို့ ၁၀၀၀၀ပဲ ပေးရတယ်။ ဒီနှစ် ကြတော့ ၁၅၀၀၀လောက် ပေးရတယ်” ဟု ပြောပါသည်။

ကျောင်းသူ၊သားများသည် ၎င်းတို့ ကျေးရွာ၌ အခြေခံမူလတန်းကျောင်း ပြီးဆုံးလျှင် အများအားဖြင့် လွိုင်ကော်မြို့သို့ ဆက်တက်ကြ သည်။ တချို့က ငွေးကြေး မတတ်နိုင်၍ မိဘများ၏ အလုပ်အကိုင်ကိုသာ ပြန်လည်ကူညီနေကြသည်။

ထိုဒေသရှိ ဒေသခံကျေးရွာသူကြီးများသည် ရှားတောမြို့၌ မြန်မာစစ်အစိုးရ အာဏာပိုင်များ ခေါ်ယူသည့် လစဉ်အစည်းအဝေးအား ပုံမှန်သွားရောက်တက်ရကြောင်း၊ အစည်းအဝေးတွင် ကျေးရွာများကို ဖွ့ံဖြိုးတိုးတက်အောင် သာယာလှပအောင် ဖန်တီးဆောင်ရွက်ကြဟု မှာကြားလေ့ရှိကြောင်း ရွာသူကြီးဖြစ်ဖူးသူ တဦးက ဆိုသည်။

သို့သော် စစ်အစိုးရ အာဏာပိုင်များသည် ထိုဒေသရှိ ကလေးပညာရေးဘက်ဆိုင်ရာတွင် ကူညီထောက်ပံ့မှု လုံးဝမပေးကြောင်း၊ အများ အားဖြင့်် ဒေသခံ ရွာသူ၊ သားများလည်း စာပေတတ်မြောက်ခြင်း မရှိကြ၍ အလေ့မထားခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။

ရှားတောမြို့နယ်ရှိ ကျေးရွာပေါင်း ၁၂ ရွာမှာ သီရိဒါး၊ ဒေါဖင်ရော၊ ဒေါလူလဲ၊ ဒေါတနောင်း၊ နောင်ပလု၊ ဒေါတခူး၊ လျားဒူခေါ၊ လျားဒူ ကဆ၊ ကလာလဲ၊ နွားအာလင်း၊ ကျူးလဲ(ရှမ်း)နှင့် ကျူးလဲ(ကယား) တို့ဖြစ်ကြပြီး လူဦးရေ ၄၀၀၀ ခန့် နေထိုင်လျက်ရှိသည်။

၎င်းကျေးရွာများသည် လွန်ခဲ့သည့် ၁၉၉၆ ခုနှစ်က မြန်မာစစ်အစိုးရတပ်များ၏ အတင်းအဓ္ဓမ မောင်းထုတ်မှုကြောင့် ရှားတောနှင့် လွိုင်ကော်မြို့ရှိ ရွှေ့ပြောင်းရေး စခန်းများ သို့ သွားရောက်နေထိုင်ကြကာ ၂၀၀၁ ခုနှစ်မှ စတင်၍ မူရင်းကျေးရွာများသို့ ပြန်လာနေထိုင် ကြခြင်း ဖြစ်သည်။