အဆမတန် ငွေတိုးယူသူများနှင့် အမှတ်မရှိ ငွေချေးယူသူများ၏ သံသရာ

အဆမတန် ငွေတိုးယူသူများနှင့် အမှတ်မရှိ ငွေချေးယူသူများ၏ သံသရာ
by -
သူရိန်

“နေ့သွင်းက တနေ့ ဘတ်သုံးဆယ်၊ နေ့ပြန်တိုးက တနေ့ သုံးဆယ်၊ နေ့တိုင်း ပေးနေရတယ်။ ချေးထားတဲ့ငွေ အရင်းအနှီးက ဘတ် ၂ဝဝဝ လောက်နဲ့ လုပ်စားရတာ မလွယ်ဘူး” ဟု အဆမတန် ငွေတိုးပေးကာ လုပ်ကိုင်နေရ ...

“နေ့သွင်းက တနေ့ ဘတ်သုံးဆယ်၊ နေ့ပြန်တိုးက တနေ့ သုံးဆယ်၊ နေ့တိုင်း ပေးနေရတယ်။ ချေးထားတဲ့ငွေ အရင်းအနှီးက ဘတ် ၂ဝဝဝ လောက်နဲ့ လုပ်စားရတာ မလွယ်ဘူး” ဟု အဆမတန် ငွေတိုးပေးကာ လုပ်ကိုင်နေရသည့် အခြေအနေကို ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူ မြို့မစျေးတွင် ကုန်စိမ်းရောင်းနေသူ အသက် (၄ဝ) ကျော် အမျိုးသမီးတဦးက  ငြီးငြူပြောဆိုလိုက်သည်။

ဘုရားသုံးဆူမြို့နေထိုင်သူ အများစုမှာ အောက်ချေအဆင့် လက်လုပ်လက်စား၊ ခေါင်းရွက်ဗျတ်ထိုး လုပ်ကိုင်နေသူများ၊ အရင်းအနှီး မရှိသူများနှင့် စက်ရုံ အလုပ်ရုံများတွင် လုပ်ကိုင်နေကြသူများ ဖြစ်ကာ ငွေကြေး အခက်အခဲ ရှိသူများပီပီ ငွေကြေး တတ်နိုင်သူများထံမှ အဆမတန် ငွေတိုးချေးယူနေကြသည်မှာ ကျယ်ကျယ်ပြန့်ပြန့်ပင် ဖြစ်နေသည်။   

ထိုအမျိုးသမီးက “စျေးရောင်းကောင်းတဲ့ နေ့ဆိုရင် နေ့သွင်းနဲ့ နေ့ပြန်တိုးအတွက် မခက်ပေမယ့် စျေးရောင်းမကောင်းတဲ့ နေ့တွေဆိုရင် နေ့သွင်းနဲ့ နေ့ပြန်တိုးကို ငွေရင်းထဲက စိုက်ထုတ်ပေးလိုက်ရတယ်” ဟု အရင်းအနှီး မတည်ငွေ နည်းလာသည်နှင့်အမျှ ငွေတိုးချေး သံသရာလည်နေပုံကို ပြန်လည်ပြောပြနေသည်။

ငွေချေးယူသူများ အနေဖြင့် ငွေအရင်း ဘတ် ၁ဝဝဝ လျှင် တနေ့ဘတ် (၆ဝ) နှုန်းဖြင့် ရက်ပေါင်းနှစ်ဆယ်အတွင်း ပေးသွင်းရသည်။ လတိုးချေးယူပါက ဘတ် ၁ဝဝဝ လျှင်မူ တလအတိုး ဘတ် ၂ဝဝ အထိပေးသွင်းရသည်။

အလားတူ နေ့ပြန်တိုးပေးချေရာတွင်လည်း ငွေအရင်းဘတ် ၁ဝဝဝ ပေါ်တွင် ငွေတိုးအဖြစ် တနေ့ ဘတ်သုံးဆယ် ပေးသွင်းရပြီး ငွေအရင်း ပြန်ဆပ်နိုင်သည့် ကာလထိ နေ့စဉ် ပေးသွင်းရသည်။

ငွေချေးယူသူ အများစုက ၎င်းတို့ အဆမတန် ငွေတိုးချေးနေရသည်ကို သိနေကြသော်လည်း လက်ရှိ စားဝတ်နေရေး ဖြေရှင်းနိုင်ရေးအတွက် မျက်စိစုံ မှိတ်၍ ငွေတိုးချေးယူကြရပြန်သည်။

ထို့အတူ ငွေတိုးချေးလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့်လည်း ထိုလုပ်ငန်းမှ ရရှိသည့် ဝင်ငွေ ပမာဏသည် အခြားလုပ်ငန်းများမှ ရရှိသည့် ငွေကြေး ပမာဏနှင့် နှိုင်းယှဉ်ပါက လွယ်ကူပြီး၊ အချိန်တိုအတွင်း ငွေစပေါ်သည့်အတွက် သဘောတွေ့ကာ လုပ်ကိုင်နေကြသည်။

“ငွေအရင်းအနှီးကို မြုပ်နှံပြီးတော့ ကုန်သည်ပွဲစား လုပ်ရတာထက် ငွေတိုးချေးစားတဲ့ အလုပ်က ပို၍ တွက်ခြေ ကိုက်တယ်။ နေပူမိုးရွာထဲ သွားလာပင်ပမ်းစရာ မလိုဘဲနဲ့ သက်သက်သာသာနဲ့ ပုံမှန်ဝင်ငွေ ရနေတယ်” ဟု ငွေတိုးချေး လုပ်ငန်းဖြင့် ကြီးပွားနေသည့် အသက် ၅ဝ ကျော် အမျိုးသမီး တဦးက ဆိုသည်။

အခြားငွေတိုးစား လုပ်ကိုင်နေသူ အမျိုးသမီးကလည်း လုပ်ငန်းစတင် လည်ပတ်စဉ်က ရင်းနှီးမတည်ငွေ ဘတ် ၅ဝဝဝ ရှိရာမှ တနှစ်အကြာတွင် ဘတ် ရဝဝဝ အထိ တိုးလာသည့်အတွက် လက်ရှိတွင် ထိုလုပ်ငန်းထက် သာလွန်ကောင်းမွန်သည့် အလုပ် မရှိသေးကြောင်း သူမက ယခုလို ပြောသည်။

“ငွေတိုးချေးတဲ့ အလုပ်က အဆင်ပြေတယ်။ ပုံမှန်ငွေတိုးရနေမယ်ဆိုရင် တခြားဘာလုပ်ငန်းနဲ့မှ နှိုင်းယှဉ်လို့ မရဘူး။ ပြောရဆိုရတာတော့ နည်းနည်းပါးပါး ရှိတာပေါ့။ ဒါတောင် ကျမ ငွေပြန်မရတာ နှစ်ဦး သုံးဦးလောက် ရှိတယ်။ ပြန်မရလည်း ဘာမှ မဖြစ်ဘူး၊ သူတို့ ပေးထားတဲ့ ငွေအတိုးက ငွေအရင်းထက်တောင် များနေပြီ။ ဒါကြောင့် ဒီအလုပ်ထက်ကောင်းတဲ့ အလုပ် မရှိဘူးလို့ ကျမ ထင်တယ်” ဟု ကောက်ချက်ချကာ ပြောဆိုသည်။

တဖက်တွင်မူ ငွေတိုးချေးစားသူ ကြေးရှင်များ အနေဖြင့်လည်း ချေးယူသူများ၏ လိမ်လည်မှုများ ခံရသည့် အခါတွင် ငွေကြေး ဆုံးရှုံးမှုများနှင့် ရင်ဆိုင်တွေ့ကြံုရသည့် အချိန်များလည်း ရှိကြောင်း ဘတ် ၁ဝ သိန်းခန့် ဆုံးရှံုးခဲ့ဖူးသူ ငွေတိုးစား လုပ်ကိုင်သူ တဦးက ယခုလို ပြောသည်။

“အစတခါ နှစ်ခါလောက်တုန်းကတော့ အပေးအယူ မှန်နေတာပဲ။ နောက်ပြီး အဲဒီလူကလည်း မျက်နှာကြီး အသိုင်းအဝိုင်းကဆိုတော့ မလိမ်လောက်ဘူးလို့ ထင်ထားတယ်လေ။ ချေးပေးတဲ့ ငွေအရင်းအနှီးကလည်း များလာရော တခါထဲ အစရှာ မတွေ့တော့ဘူး” ဟု ထိုသူက ပြောသည်။

ယခုလို တွေ့ကြံုရသူ အများစုသည် ငွေချေးယူသူများထံမှ တစုံတရာ အပေါင်ခံပစ္စည်း လက်ခံထားခြင်း မရှိသည့်အတွက် လိမ်လည်သူများထံမှ ငွေကြေး ပြန်လည်ရရှိရန် လုံလောက်သည့် သက်သေခံ အထောက်အထား မပြနိုင်သည့်အတွက် တစုံတရာ အရေးယူနိုင်ရန် ခက်ခဲကြောင်း သိရသည်။

“လူကိုယုံလို့ အပေါင်ခံပစ္စည်းတောင် မပါဘဲ ချေးပေးလိုက်တာပါ။ ငွေတိုးကလည်း ၂ဝ တောင်ဆိုတော့ လောဘတက်တာလည်း ပါတာပေါ့။ ကျန်ခဲ့တဲ့ သူ့မိသားစု အသိုင်းအဝိုင်းကို တရားစွဲဖို့ ဆိုတာလည်း ခိုင်လုံတဲ့ သက်သေ အထောက်အထား မရှိတော့ ဘာမှ လုပ်လို့မရတော့ဘူး။ နောက်တ ရတာပဲ ရှိတယ်” ဟု ထိုသူက ဆိုသည်။

ယခင်က ဘုရားသုံးဆူမြို့ပေါ်တွင် တရားဝင် အမိန့်ရ အပေါင်ဆိုင် ဟူ၍ နိုင်ဘဇံ ဆိုသူ တဦးတည်းသာ ရှိခဲ့ရာ၊ ၎င်းနိုင်ဘဇံ အနားယူပြီးနောက်ပိုင်းတွင်မူ ငွေကြေးတတ်နိုင်သူ မည်သူမဆို ငွေတိုးချေးစားသည့် အလုပ်ကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်လာကြသည်။

နိုင်ဘဇံ၏ အပေါင်ဆိုင် ရှိစဉ်ကမူ ငွေတိုးချေယူသူများ လာရောက်အပ်နှံကြသည့် အပေါင်ပစ္စည်း ရွှေ၊ ဆိုင်ကယ်၊ ကား၊ အိမ်ခြံမြေများကို တန်ဖိုးပေါ်မူတည်ကာ ငွေတိုးကိုလည်း တရာလျှင် သုံးဘတ်နှုန်းဖြင့်သာ သတ်မှတ်ယူခဲ့သည့်အတွက် ပြဿနာ တစုံတရာ ပေါ်ပေါက်ခဲ့ခြင်း မရှိပေ။

ယခုအခါတွင် ဘုရားသုံးဆူမြို့နေထိုင်သူ နေ့စား အလုပ်သမားများကအစ လောင်းကစားသမားများ ပါမကျန် ငွေတိုး ချေးယူနေကြသည့်အတွက် ငွေတိုးချေးသူနှင့် အတိုးယူသူ ၂ ဦးအကြား ငွေကြေးကိစ္စ အခင်း ဖြစ်ပွားမှုများလည်း ဘုရားသုံးဆူမြို့ပေါ်တွင် မကြာခဏ ဆိုသလိုပင် ဖြစ်ပွားလေ့ ရှိသည်။

ဘုရားသုံးဆူမြို့သည် နယ်စပ်မြို့ငယ်လေးသာ ဖြစ်သော်လည်း တိုးပွားလာနေသည့် လူဦးရေအလိုက် အလုပ်အကိုင် ရရှိမှု အခွင့်အလမ်း နည်းပါးလာနေသည့်အတွက် ဒေသတွင်း နေထိုင်သူ အများစုမှာ စားဝတ်နေရေး ခက်ခဲမှုများနှင့် တွေ့ကြံုလာရကြောင်း လွန်ခဲ့သည့် ၂ နှစ်က ထိုဒေသသို့ ရောက်ရှိလာသည့် မြန်မာအလုပ်သမား တဦးက ဆိုသည်။

“ကျမတို့ အိမ်ပိုင် မရှိတော့ တန်းလျားမှာ ငှါးနေရတယ်။ အိမ်မှာ အလုပ်လုပ်တဲ့ သူက ကျမနဲ့ ညီမလေးပဲ ရှိတယ်။ အဖေအမေက အလုပ် မရှိဘူး” ဟု ပြောသည်။

၎င်းတို့ ၂ ဦး၏ စုပေါင်းလစာမှာ တလတွင် ဘတ် ၅ဝဝဝ ဝင်ငွေ ရှိသော်လည်း အိမ်ခန်း ငှါးရမ်းခအပြင်၊ လျှပ်စစ်မီးကြေး၊ ရေဖိုး စသည်တို့ကို ပေးချေရသည့်အတွက် ဝင်ငွေနှင့် ထွက်ငွေမမျှ ဖြစ်ကာ ငွေကို အတိုးယူ သုံးစွဲနေရကြောင်း ယခုလို ပြောသည်။

“အိမ်သုံးလို့ မလောက်ဘူး အလျင်မမှီဘူး။ မလောက်တော့ ငွေတိုးပေးပြီး ချေးငှါးရတယ်။ ယူလိုက် ပြန်ဆပ်လိုက်နဲ့။ ကျမတို့ရဲ့လုပ်အားတွေကို ငွေတိုးက စားသွားတာပဲ” ဟု အလုပ်နှင့်လက် မပြတ်အောင် လုပ်ကိုင်နေသည့် ကြားက ငွေတိုးပေးကာ ချေးယူနေရသည့် သူမတို့ မိသားစုဘဝကို ပြန်လည်ပြောပြသည်။

ယခုလို အဆမတန် ငွေတိုးချေးစားသူများ တစစ ကြီးထွားလာနေခြင်း၏ အဓိက အကြောင်းအရင်းမှာ ဘုရားသုံးဆူဒေသသည် မူးယစ်ဆေးဝါး ရောင်းဝယ်ရေးအပြင်၊ လောင်းကစားမှုမျိုးစုံ ပေါများလှသည့် ဒေသတခုလည်း ဖြစ်နေသည်ဟု ဒေသခံများက မှတ်ချက်ပေး ပြောဆိုကြသည်။

မည်သို့ပင်ဆိုစေကာမူ၊ အဆမတန် ငွေတိုးချေးစားသူ ငွေကြေးရှင်များနှင့် တဒင်္ဂ အခက်အခဲ တစုံတရာ ပြေလည်ရာ ပြေစေကြောင်း ငွေတိုးယူသူ ၂ ဦးတို့အကြား ဖြစ်ပေါ်လာမည့် ပြဿနာများတွင် ဒုစရိုက်မှုများမှာလည်း ထိုဒေသတွင် ယခင်ကထက် ပိုမို တိုးပွားလာမည်မှာ မြေကြီးလက်ခတ် မလွဲပင်။