လေးမြို ့မြစ်ရေစီးသံနဲ့ ဒိုင်မျိုးနွယ်တွေရဲ့ဘဝငိုရှိုက်သံ

လေးမြို ့မြစ်ရေစီးသံနဲ့ ဒိုင်မျိုးနွယ်တွေရဲ့ဘဝငိုရှိုက်သံ
by -
ခိုနူမ်းထုန်

ဒိုင်ချင်းလူမျိုးနွယ်စုများသည် ချင်းပြည်နယ်တောင်ပိုင်း မတူပီ၊ ပလက်ဝ၊ မင်းတပ်မြို့နယ် များတွင် အများအားဖြင့် နေ ထိုင်ကြပြီး လူဦးရေအားဖြင့် ၅၀၀၀၀ မှ ရ၀၀၀၀ အထိ ရှိမည်ဟု ခန့်မှန်းကြသည်။ မိရိုးဖလာ ရွေ့ပြောင်းတောင်ယာ စ နစ်ဖြင့် အသက်မွေး ၀မ်း ကျောင်းပြု ကြသည်။

ပလက်ဝမြို့နယ်အတွင်း လေးမြို ့မြစ်ကို မှီခိုပြီး ဥယာဉ်ခြံလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ ယာ လုပ်ငန်း များဖြင့် ၀မ်းစာရှာကာ နေ ထိုင်စားသောက် ကြသည့် ဌာနေ ဒိုင် ချင်းမျိုး နွယ်စုတွေ ကို ယခု ဆောင်းပါးခေါင်းစဉ်က ညွှန်းချင်တာပါ။

အဆိုပါ ဒေသရှိ ဒိုင်မျိုးနွယ်စုပြည်သူတို့သည် ဥယာဉ်စိုက်ပျိုးခြင်း၊ ငါးဖမ်းခြင်း၊ ၀ါး ခုတ်ခြင်း၊ တောင်ယာ စိုက်ပျိုးခြင်းဖြင့် လေးမြို ့မြစ်ကို ဖက်တွယ်လျက် နေ့တဓူဝ ၀ါး ဖောင်များ၊ လျှော်လှေ များဖြင့် ရုန်းကန် လှုပ်ရှား နေကြသည်။

လေးမြို ့မြစ်သည် မတူပီမြို့အနီး ဘုံတလာရေတံခွန်မှ မြစ်ဖျားခံပြီး မတူပီမြို့နယ်မှ ပလက်ဝမြို့နယ် ကို ဖြတ်သန်းကာ ရခိုင် ပြည်နယ် စစ်တွေမြို့အနီးတွင် ဘင်္ဂလား ပင်လယ် ထဲသို့ စီးဝင်သွားသည်။ လေမျိုမြစ်၊ ဘွေနူးမြစ် ( ကုလားတန်မြစ်)၊ မဏိပူ ရမြစ် တို့သည် ချင်းတောင်တွင် အကြီးဆုံးမြစ် များဖြစ်ကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် စွမ်းအင်ပြသနာ နှင့် ရင်ဆိုင်ခဲ့ရာ မြန်မာနိုင်ငံမှ လျှပ်စစ်စွမ်းအင်ကို ၀ယ်ယူဘို့အတွက် ၂၀၀၇ ခုနှစ်တွင် နှစ်နိုင်ငံအကြားသဘောတူညီမှု ရရှိခဲ့ကြသည်။ သဘောတူညီ ချက်အရ ဘင်္ဂလားဒေ့ရှ် – မြန်မာ နယ် စပ်ရှိ လေ မျိုမြစ်ပေါ်တွင် မဂ္ဂဝပ် ၅၀၀- ၆၀၀ အကြား စွမ်းအင်ထုတ်လုပ်နိုင်မည့် ရေကာတာ တည်ဆောက်ပြီး ဘင်္ဂလား ဒေ့ရှ် နိုင်ငံ ကို ရောင်းချရန်ဖြစ် လာသည်။ လျှပ်စစ်စွမ်းအင်၏ ၉၀ ရာခိုင်နှုန်းကို ဘင်္ဂလားဒေရှ့် သို့ ရောင်းချရန်ဖြစ် သည်ဟု သိရ သည်။ ကျန် ၁၀ ရာခိုင်နှုန်းကို မြန်မာအစိုးရက ခံစားမည်ဖြစ်သော် လည်း ဒိုင်ဒေသခံများအတွက် အကျိုးခံစားခွင့် ရှိမည် မရှိမည် မသိရပေ။

ကိုဖေချယ်ရွာ အနီးတွင် တည်ဆောက်မည့် လေးမြို ့မြစ်ရေကာတာ လျှပ်စစ်စီမံကိန်းကို ၂၀၀၉ခုနှစ်မှ စတင်ခဲ့ကြရာ ShwetaungHydropower Co.Ltd, Juction Model and High Tech Company (Myanmar), China Datang OverseasInvestment Co.Ltd, နှင့် Hydro China Xibei Engineering Company တို့မှ တရုတ် အင်ဂျင်နီယာ ၁၀ဦးနှင့် မြန်မာ အင်ဂျင်နီယာ တစ်ဦးတို့၏ ကွပ်ကဲခဲ့ကြသည်။ မြန်မာအစိုးရကမူလေ့လာ အဆင့် တွင်သာ ရှိနေသေးကြောင်း ပြောဆိုသော် လည်း လက်တွေ့ ဆောက်လုပ် ရန် အခြေအနေပိုများသည် ဟု လေ့လာသူများက ပြောကြသည်။

ချင်းပြည်နယ် ၀န်ကြီးချုပ် ကိုယ်တိုင် ၂၀၁၂ ခုနှစ် ဇန္နဝါရီလ ၂၇ရက်နေ့တွင်  ကွင်း ဆင်း ခဲ့ပြီးဖြစ်ကြောင်း သို့သော် ၎င်း စီမံကိန်းနှင့်ပတ်သက်၍ ဖြစ်နိုင်ဖွယ် ဆိုးကျိုးများ၊ စီမံကိန်း အကြောင်းစုံစသဖြင့် ဒေသခံများကို ရှင်းပြပေးခြင်းမရှိခဲ့ပါ။

ထိုသို့ လေးမြို ့မြစ်ကို တမံပိတ်ပြီး ရေကာတာ တည်ဆောက်မည်ဆိုပါက မြစ်ကို အမှီပြု ပြီးနေထိုင် စားသောက်နေသည့် ဒေသ ခံများ၏ ထမင်းအိုးကြီး၊ အိုးလတ်၊ အိုးသေး အားလုံး ကို ခွဲပစ်လိုက်တာနဲ့ အတူတူပင်ဖြစ်ပါလိမ့်သည်။ အဆိုပါ ဒေသတွင် ရွာပေါင်း ၆၀ ခန့်ရှိပြီး လူဦးရေအားဖြင့် ၂၀၀၀၀ နီးပါးရှိမည်ဟု ခန့်မှန်းကြသည်။

ထို့ကြောင့်ပင်လျှင် လေမျိုကို ချစ်သော၊ ဒိုင်ဒေသခံလူငယ်များသည် လေးမြို ့မြစ်ကို ကယ်တင်ပါ ဆိုပြီး စီမံကိန်းဆန့်ကျင် ရေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။

“ အသိပညာကင်းမဲ့နေသော မိရိုးဖလာ ၀မ်းရေးဖြင့် အသက်မွေးဝမ်း ကျောင်းပြု နေကြ သည့် ဒေသခံများသည် စီမံ ကိန်းကြောင့် ရွာပေါင်း မည်မျှ ထိခိုက်မည်၊ မည်သို့ထိခိုက်မည် စတာတွေကို တစုံတရာ နားလည်ကြတာ မဟုတ်ဘူး ”  ဟု ဒိုင်လူ ငယ်တဦးက ပြောပြသည်။

ရေကာတာ စီမံကိန်းတာဝန်ရှိသူများသည် ဒေသခံများက မိမိတို့အား လေးဂွနဲ့ပစ် သည်၊ ဆောက်လုပ်ရေး ပစ္စည်း များ ခိုးယူသည်စသဖြင့် နေပြည်တော်အစိုးရသို့ တိုင် တန်းသောကြောင့် ၂၀၁၂ ခုနှစ် မေလ ၂၁ ရက်နေ့တွင် မင်းတပ်ခရိုင် အုပ်ချုပ်ရေးရုံးမှ ဦးဌေးလွင်ကိုယ်တိုင် ကိုဖေချေ ရွာမှ ဦးမာထန်း နှင့် ဦးကျော်အေးတို့ကို စစ်ဆေး မေးမြန်း ခဲ့ သေးသည် ဟု သိရသည်။

မကြာခင်မှာပင် ရခိုင်ပြည်နယ် မြောက်ဦးမြို့ ပြည်သူ့ရဲစခန်း ဒုတာဝန်ခံ ဒုဗိုလ် စောရွှေ က ဒေသခံ လူကြီး (၄)ဦး ကို ၂၀၁၂ခုနှစ် မေလ (၃၁)တွင် ခေါ်ယူ မေးမြန်း သတိပေးခဲ့ သည့်အပြင် နေပြည်တော် က စီမံကိန်းလုပ်သားများ လုံခြုံရေး အတွက် စစ်တပ်စခန်း ချမည်ဟုလည်း ပြောဆိုခဲ့သည်ဟု ထပ်ဆို သည်။

“ ရေကာတာတောင် မဆောက်ရသေးခင် ကြောက်နေရပြီ၊ ကျတော်တို့ဒေသမှာတော့ လက်နက်ကိုင် ရဲတွေကပဲ ကြီးစိုး နေတာပါ၊ ဘယ်မှာလဲ ဒီမိုကရေစီဆိုတာက” ဟု ဒေသခံ တဦးက ပြောသည်။

လေးမြို ့မြစ်သည် ဒေသခံ ဒိုင် ချင်းနှင့် ရခိုင်ပြည်သူများအတွက်  စားဝတ်နေရေး အပြင် ရေ ကြောင်း သွားလာရေးအတွက် ပါ မှီခိုအားထားနေရသည့် မြစ်တစင်းဖြစ် သည်။ ရှေးရခိုင်လူမျိုးများ ချန်ထားခဲ့ သည်ဟုယူဆရသောကျောက်ဖြစ်ရုပ်ကြွင်း သမိုင်းဖြစ်လက်ရာ အများအပြားကို မြစ်ကြောင်း တစ်လျှောက်တွင် တွေ့ရှိရသည်ဟု လည်း ပြောကြပါသည်။

ထို့ကြောင့် လေးမြို ့မြစ်အပေါ် ရေကာတာ တည်ဆောက်ခြင်းသည် သစ်တောထူထပ် ၍ တောရိုင်း တိရိစ္ဆာန်ပေါများသော ၎င်းဒေသ၏ သဘာဝ ပတ်ဝန်းကျင်ကိုသာ ထိခိုက်စေ ရုံသာမကပဲ အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်များ ဆုံးရှုံးရ မည် ဖြစ်ပြီး ဒေသခံဒိုင် လူမျိုးစု များ ဖရိုဖရဲဖြစ်သွားမည်မှာ မုချ အမှန်ဖြစ်သည်။

မြန်မာပြည်နှင့် အိမ်နီးချင်းတရုတ်နိုင်ငံများတွင် ရေကာတာကြောင့် ဒေသခံပြည်သူများ၏ ထိခိုက်ဆုံးရှုံးမှုပမာ ဏမည်မျှ ရှိနေသည်ကို လေ့လာချက်များအရ သိရှိရသည်။ အသေးစိပ် မဖော်ပြလိုတော့ ပါ၊ ထို့ကြောင့် ဒီမိုကရေစီရောင်ခြည် သန်းလာနေသည့် မြန်မာနိုင်ငံတွင် အစိုးရအနေဖြင့် ဌာနတိုင်းရင်းသားဒေသ များတွင် ရေကာတာအပြင် တခြား စီမံ ကိန်း များ ပြုလုပ်လိုပါက ဒေသခံပြည်သူများအား ပညာပေးခြင်း၊ ဆန္ဒရယူခြင်းများပြုလုပ် သင့်ပါ သည်။

အောက်ခြေပြည်သူများကို အခြေမခံသည့် စီးပွားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်းဆိုသည်မှာ အာဏာရှင်၊ အရင်းရှင် အစိုးရ တို့၏ လုပ်နည်းလုပ်ဟန်သာဖြစ်နေသည်ဆိုတာကို ဒီမို ကရေစီအစိုးရ တရပ်အနေ ဖြင့်နားလည်ထား ပြီးဖြစ်ပါလိမ့်မည်။

လေးမြို ့မြစ်ရေကာတာ ရေအားလျှပ်စစ်စီမံကိန်းသာ ဆက်လက်အကောင်အထည်ဖော်မည် ဆိုပါက ဌာနေ ဒိုင်ချင်းတိုင်းရင်းသားများ၏ လူမှုနေစဉ်ဘဝမှ ထွက်ပေါ်လာမည့် ဘဝငို ရှိုက်သံနှင့် ဒိုင်ဒေသ၊ ဒိုင်မျိုးနွယ်စုများ ၏ ဘဝကို အလှဆင် ကျွေးမွေးနေသည့် လေးမြို ့မြစ် ၏ စီးသံသည် ဘင်္ဂလား ပင်လယ်ထဲသို့ စုန်မျောပြီး စီးဝင်ပျောက်ကွယ် သွားတော့မှာပါ။

Most read this week