သွေးက ပြောသော ပြည်ထာင်စု သမိုင်း

သွေးက ပြောသော ပြည်ထာင်စု သမိုင်း
by -
ခိုနူမ်းထုန်

ဆလိုင်းကစ်ခိုလျန်( Vangsangva)၊ ၁၉၄၇ ခုနှစ် ဇူလိုင် (၁၉) ရက်နေ့နိုင်ငံ့ ဖခင်ကြီးများက စတင် ပြီး ပြည်ထောင်စု သမိုင်းကို သွေးနဲ့ ရေးခဲ့ကြတာဟာ ဒီနေ့အထိ ဆိုရင် နှစ်ပေါင်း (၆၀) ကျော်လာ ခဲ့ပြီဖြစ် ပါတယ်။ အာဇာနည် ဖခင်ကြီးများ အပါအဝင် လူမျိုးပေါင်း စုံပြည်သူတွေ က သွေးနဲ့ရေး တဲ့ ပြည်ထောင်စု သမိုင်းဟာ ရာစုနှစ် ထက်ဝက်ကျော် ကြာမြင့်လာ ခဲ့ပြီး ဖြစ်ပါတယ်။

ဒီသမိုင်းတခုလုံးကို အစကနေ၊ အခြေခံအုတ်မြစ်ကနေ၊ ပြဿနာတွေရဲ့ အရင်းအမြစ် ကနေ စတင်ကိုင်တွယ် ရှုမြင် သုံးသပ်ကြရမှာ ဖြစ်ပါတယ်။ ကုန်လွန်ခဲ့သော အနှစ် (၂၀) ခရီးလေးကိုသာ ကွက်ပြီး ရှုမြင် သုံးသပ်ခြင်း အားဖြင့် ပြည်ထောင်စုသမိုင်း တခုလုံးကို မြင်ကွင်းကျယ် ရှုထောင့်ကနေ ရှင်းရှင်းလင်းလင်း ရှုမြင်သုံးသပ် နိုင်မှာ မဟုတ်ပါဘူး။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးကို ဒုတိယအကြိမ် လွတ်လပ်ရေး တိုက်ပွဲကြီး အဖြစ် အများတကာက နားလည်ကြ ပြီးဖြစ််ပါတယ်။ ဟုတ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ ရင်ဆိုင်ဆင်နွှဲနေကြ ရတဲ့ တော်လှန်ရေးကြီးဟာ ဒုတိယအကြိမ် လွတ်လပ်ရေးတိုက်ပွဲကြီးပဲ ဖြစ်ပါတယ်။

ပထမအကြိမ် လွတ်လပ်ရေးတိုက်ပွဲကြီးကို အပြီးအပိုင် အဆုံး သတ်ပြီး နိုင်ငံ့ ဖခင်ကြီးများ ရည်မှန်းခဲ့ တဲ့ အောင်ပွဲ ပန်းတိုင်ဖြစ်တဲ့ သာယာငြိမ်းချမ်းသော ပြည်ထောင်စုကြီးကို မထူထောင် နိုင်ခဲ့ကြတဲ့ အတွက်သာ လျှင် အခုအချိန်မှာ ဒုတိယအကြိမ် လွတ်လပ်ရေး တိုက်ပွဲကြီးကို ဆက်လက် ဆင်နွှဲနေရတာဖြစ် ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် နိုင်ငံ့ဖခင်ကြီးများက အုတ်မြစ်ချခဲ့တဲ့ ပေါ်ထွန်းလတ္တံ့သော အနာဂတ် ပြည်ထောင်စု နိုင်ငံတော်ကြီးဟာ ဘုရင်ရူးတွေအုပ်ချုပ်မယ့် ဘုရင့်နိုင်ငံလည်း မဟုတ်ခဲ့ပါဘူး။

လူမျိုးတမျိုးနဲ့တမျိုး နိုင့်ထက်စီးနင်းအုပ်ချုပ်မဲ့ တမင်း၊တနိုင်ငံ၊ တပြည်ထောင်စနစ်ကို ကျင့်သုံး မယ့် နိုင်ငံမျိုး ကိုလည်း နိုင်ငံ ဖခင်ကြီးများက လုံးဝ မရည်မှန်း ခဲ့ကြပါဘူး။ ဒီလိုနိုင်ငံမျိုးကို ထူထောင်ဖို့လည်း နိုင်ငံ့ဖခင်ကြီး များက အုတ်မြစ်မချခဲ့ကြပါ ဘူး။ ပြည်ထောင်တွေ စုပေါင်းပြီး ထူထောင်ထားတဲ့ တန်းတူရည်တူ လွတ်လပ်တဲ့ ပြည်ထောင်စု နိုင်ငံတော်သစ် အတွက် အုတ်မြစ် ချခဲ့တာဖြစ်ပါတယ်။ ဒါကို သက်သေထူဖို့ အတွက် သမိုင်း အထောက်ထားတွေ အခိုင်အမာ ရှိနေပါ တယ်။ နိုင်ငံ့ဖခင်ကြီးများ စည်းစည်းလုံးလုံး ချမှတ်ထားတဲ့ ပြည်ထောင်စု နိုင်ငံတော်သစ်ရဲ့ အခြေခံအုတ်မြစ် ဆိုတာဟာလည်း ဒီမိုကရေစီ အခြေခံ အုတ်မြစ်ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားများဖြစ်တဲ့ …

၁) ပြည်သူတွေအားလုံး တန်းတူညီမျှရေး၊

၂) ပြည်သူတွေအားလုံး လွတ်လပ်မှုကို အတူတကွ ခံစားရရှိိရေး၊

၃) ယင်းတန်းတူညီမျှမှုနှင့် လွတ်လပ်မှုတွေကို အခိုင်အမာ အာမခံထားတဲ့ အခြေခံဥပဒေတရပ် ပြဋ္ဌာန်းရေး

ဆိုတဲ့ ဒီမိုကရေစီရဲ့ အခြေခံတရားကြီး (၃) ခုစလုံးဟာ နိုင်ငံ့ဖခင်ကြီးများ အကောင်အထည်ဖော်ဖို့ ကြိုးခဲ့တဲ့ ဟာတွေ ဖြစ်ပါတယ်။ ဒီတော့ ဒီမိုကရေစီ အခြေခံတရားကြီး (၃) ချက်ဟာ နိုင်ငံ့ဖခင်ကြီးများ ချခဲ့တဲ့ အုတ်မြစ်မှာ ရှိပြီးသား ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ အခြေခံတရားကို ဆန့်ကျင်တဲ့ အတွေးအခေါ် မျိုး၊ မျှော်မှန်းချက်မျိုးကို နိုင်ငံ့ဖခင်ကြီးတွေ မချမှတ်ခဲ့ပါဘူး။ သမိုင်းမှတ်တမ်းတွေ အခိုင်အမာရှိပါတယ်။ အဲဒီသမိုင်းမှတ်တမ်းတွေကတော့…..

(၁) ပင်လုံစာချုပ်

(၂) ပင်လုံစာချုပ်နှင့် အညီဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့လမ်းပြမြေပုံ(၇) ချက်

(၃) ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ဦးစီးရေးဆွဲခဲ့တဲ့ အခြေခံဥပဒေ ပထမမူကြမ်း……

ဒါတွေဟာ တိုင်းပြည်အတွက် ဗိုလ်ချုပ်ကိုယ်တိုင် ပါဝင်ဦးဆောင်ချမှတ်ခဲ့တဲ့ ဒီမိုကရေစီ အခြေခံ အုတ်မြစ်တွေပဲ ဖြစ်ပါတယ်။ အဲဒီ့ အခြေခံတရားတွေကို ဒီနေ့ခေတ် အမြင်တွေနဲ့ ပေါင်းစပ်ပေး လိုက်ရင် ခိုင်မာတဲ့ ပြည်ထောင်စု အတွေးအခေါ် တရပ် ကိုဖော်ဆောင်နိုင် မှာဖြစ်ပါတယ်။

နိုင်ငံ့ဖခင်ကြီးများ ကျဆုံး ပြီးတဲ့ နောက်ပိုင်းမှာ သူတို့ချမှတ်ခဲ့တဲ့ ပြည်ထောင်စု လမ်းစဉ်ကနေ သွေဖီခဲ့တဲ့ ၁၉၄၇ ခုနှစ် အခြေခံဥပဒေရဲ့ အားနည်းချက်တွေကြောင့် မပြီးဆုံးသေးတဲ့ ပထမအကြိမ် လွတ်လပ်ရေး တိုက်ပွဲဟာ ပြည်တွင်းစစ်အသွင် နဲ့ နောက်ဆက်တွဲ ပေါ်ပေါက်ခဲ့ရတာသာဖြစ်ပါတယ်။ အဲဒီနောက်ဆက်တွဲ ပြည်တွင်းစစ်ကို အမှီသဟဲပြုပြီး ပြည်သူတွေကို ကျွန်ဇတ်သွင်းတော့မယ့် စစ်အာဏာဟာ တဖြည်းဖြည်း အားယူပြီး ကြီးထွားလာ ခဲ့တာဖြစ်ပါတယ်။

တန်းတူရည်တူ လွတ်လပ်တဲ့ ပြည်ထောင်စု နိုင်ငံတော်ကြီးကို ထူထောင်ဖို့ ကြိုးပမ်းခဲ့တဲ့ နိုင်ငံ့ဖခင်ကြီးများ သာ လုပ်ကြံမခံ ခဲ့ကြရင်၄င်း၊ သူတို့တတွေ လုပ်ကြံခံ ခဲ့ရသည့် တိုင်အောင် သူတို့ခင်းပေးထားခဲ့ တဲ့ ပြည်ထောင်စု လမ်းစဉ်ကို ဆက်လက်လျှောက် လှမ်းခဲ့ကြရင် ၄င်း ကျွန်တော်တို့ နိုင်ငံဟာ သာယာငြိမ်း ချမ်းတဲ့ ပြည်ထောင်စုကြီးကို မျက်မှောက်ပြု ကြရမှာဖြစ်ပြီး၊ ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကြီး ထဲကနေ ဘယ်စစ် အာဏာမှ ကြီးထွားရှင်သန်ခွင့်ရမှာ မဟုတ်ပါဘူး။

ဒါပေမယ့် နိုင်င့ံ ဖခင်ကြီးများကို စတေးပစ်ခဲ့ကြတဲ့အပြင် သူတို့ရဲ့ မျှော်မှန်းချက်တွေကိုပါ သွေဖီပြီး နင်းချေ ဖျက်စီးပစ်ခဲ့ကြတဲ့ အတွက် ၁၉၄၇ ခုနှစ်ကစပြီး ဒီနေ့အထိ ပြည်သူတွေ ဟာဒုက္ခပင်လယ် ဝေနေ ကြရ တာဖြစ်ပါတယ်။ ပြည်တွင်းစစ် အရှိန်အဟုန် ကြီးမားလာတာနှင့်အမျှ ပြည်တွင်းစစ်ကို အမှီသဟဲပြုနေတဲ့ စစ်အာဏာ ဟာလည်း ကြီးထွားလာတာဖြစ်ပါ တယ်။ ပြည်သူတွေလည်း ကျွန်တွင်းနက်သထက် နက်ပြီး နိုင်ငံ့ဖခင်ကြီးများ မျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီပြည်ထောင် စု နိုင်ငံတော်ကြီးနဲ့လည်း ဝေးသထက်ဝေး ခဲ့ရတာသာဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်မှာတော့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးပေါ်ပေါက်ခဲ့ပြီး၊ တိုင်းရင်းသား ပြည်သူတွေ ရဲ့သွေးတွေနဲ့ မြေပြန့်ဗမာညီအကို တို့ရဲ့သွေးတွေ ပေါင်းစည်း ခဲ့ကြတာဖြစ်ပါတယ်။ ဒါဟာ သွေး က ပြောသော ပြည်ထောင်စု သမိုင်းရဲ့ အကျဉ်းချုပ် သဘောမျှ သာဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် အာဇာနည်သွေးတွေဟာ ဒီနေ့ပြည်သူတွေရဲ့ ခန္ဒာကိုယ်ထဲမှာ ရှင်သန်လှုပ်ရှား စီးဆင်းနေပြီဖြစ်ပါတယ်။

သွေးကပြောသော ပြည်ထောင်စု သမိုင်းကို ပြန်လည် တူးဖော်ကြပြီး သွေးကပြောသော ပြည်ထောင်စု အတွေးအခေါ် ကို ပြန်လည် ဆုပ်ကိုင်ကြရတော့မှာ ဖြစ်ပါတယ်။

ကြီးမားမြင့်မြတ်ပြီး မွန်မြတ်ကောင်းမွန်တဲ့ ပြည်ထောင်စု အတွေးအခေါ်ကို ဂုဏ်သိက္ခာ ရှိရှိ ပြန်လည် ဖော် ထုတ် နိုင်မှသာလျှင် ဒီနေ့ ကျွန်တော်တို့ ဆင်နွဲနေတဲ့ ဒုတိယအကြိမ် လွတ်လပ်ရေး တိုက်ပွဲကြီး ဟာ အောင်ပွဲကို ဆွတ်ခူးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလိုမှ ပြန်လည် မဖော်ထုတ်နိုင်ကြဘူး ဆိုရင်တော့ အောင်ပွဲ နဲ့ ဝေးသထက်ဝေးနေကြရဦးမှာဖြစ်ပါတယ်။

ဘာဖြစ်လို့ လည်းဆိုတော့ ဒီမိုကရေစီ တော်လှန်ရေးကြီးရဲ့ လမ်းပြ မီးရှုး တန်ဆောင်ဟာ အဲဒီသွေး ကပြောသော ပြည်ထောင်စု သမိုင်းထဲမှာသာရှိပြီး အဲဒီသွေးက ပြောသော ပြည်ထောင်စုအတွေးအခေါ်က ဦးဆောင်မှ သာလျှင် ဒီမိုကရေစီအောင်ပွဲကို မနှေး အမြန် ဆွတ်ခူးနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့မျှော် မှန်းတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးဟာ မိုးပေါ်ကနေ အလိုအလျောက် ကျလာမှာ မဟုတ်ပါဘူး။

ကျဆုံးလေပြီးသော နိုင်ငံ့ဖခင်ကြီးများက သူတို့ရဲ့သွေးနဲ့ ဒီမိုကရေစီ အတွေးအခေါ်၊ ပြည်ထောင်စု အတွေးအခေါ်တွေကိုရေးသား သွားခဲ့တာဖြစ်တယ်။ အဲဒီ အတွေးအခေါ် တွေကို ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) ကာလမှာ လူမျိုးပေါင်းစုံ ပြည်သူတွေက သူတို့ရဲ့ သွေးတွေနဲ့ ဆက်လက်ပြီး ရေးသားခဲ့တာဖြစ်ပါတယ်။

ဒီနေ့ လူမျိုးပေါင်းစုံ ပြည်သူတွေဟာ အာဇာနည်သွေးတွေ၊ ဒီမိုကရေစီသွေးတွေ၊ ပြည်ထောင်စု အတွေး အခေါ် တွေကို အခိုင်အမာ တည်ဆောက်ကြပြီးရင် မနက်ဖြန်အောင်ပွဲကို မျက်မှောက်ပြုကြရမှာ ဖြစ်ပါ တယ်။ သွေးချောင်းစီးခဲ့ပြီမို့ သွေးပေါင်းစည်းကြပါစို့။

Most read this week