ချင်းအမျိုးသားသမိုင်းသစ်တွင်သည့် ငြိမ်းချမ်းရေးတွေ့ဆုံပွဲသာ

ချင်းအမျိုးသားသမိုင်းသစ်တွင်သည့် ငြိမ်းချမ်းရေးတွေ့ဆုံပွဲသာ
by -
ခိုနူမ်းထုန်

၂၃ နှစ်တာ ချင်းအမျိုးသားတော်လှန်ရေးတိုက်ပွဲဆင်နွှဲ့လာခဲ့သည့် ချင်းအမျိုးသား တပ်ဦးသည် ချင်းအမျိုးသားနိုင်ငံရေး သမိုင်းတွင် ကဗ္မည်းသစ်ထွင်ခဲ့ပြီဟု ပြောဆိုသံများ ယခုတလော ကြားကြား နေရသည်။

ခိုနူမ်းထုန်
အကြောင်းမှာ ၂၀၁၂ ခုနှစ် ဇန္နဝါရီ ၅- ၆ အကြား ချင်းအမျိုးသားတပ်ဦးနှင့် သမ္မတသစ် ဦးသိန်းစိန် အစိုးရတို့ ငြိမ်းချမ်း ရေးအတွက် ပြည်နယ်အဆင့် ပဏာမ တွေ့ဆုံဆွေးနွေးမည့် ချင်းအမျိုးသား တပ်ဦးမှ ငြိမ်းချမ်းရေးကိုယ်စားလှယ်များအား လူထု ၃၀၀၀၀ ကျော်မှ ခရီးစဉ် တလျှောက် သြဘာသံ များနှင့် အတူ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်ကို ရည်ညွန်း ပြောဆိုကြခြင်း ဖြစ်သည်။

ချင်းအမျိုးသားတပ်ဦးက ၄င်းတို့အဖွဲ့အစည်းသည် ပြည်သူမှ ပေါက်ဖွားလာသည့် ချင်းအမျိုးသား လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည်ဟု ခံယူထားခဲ့သည်။

ထို့ကြောင့်လည်း ပြည်သူ၏ ကာယအား၊ ဉာဏအားဖြင့် တခြားတိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ အစည်းများနှင့် လက်တွဲပြီး အမျိုးသားတော်လှန်ရေးအတွက် ၂၃ နှစ်တာ အထိ မားမား မတ်မတ် ရပ်တည် နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုသို ့ပြည်သူများက ချင်းအမျိုးသားတပ်ဦးဖက်မှ ရပ်တည်လာသည့်နှင့်အညီ ချင်းအမျိုးသားတပ်ဦးမှ ၂၀၁၁ခုနှစ် ဒီဇင်ဘာလ၌ ကျင်းပခဲ့သည့် ပထမအကြိမ်အရေးပေါ် ပါတီညီလာခံတွင် ပြည်တွင်းပြည်ပ တတ်သိပညာရှင်များ၊ မျိုးနွယ်စုံမှ ကိုယ်စားလှယ်များ၊ ကျောင်းသားလူငယ်များမှ ကိုယ်စားလှယ်များ ကမြန်မာအစိုးရသစ်နှင့်တွေ ့ဆုံဆွေးနွေးရန် အခဲနက်သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။ ညီလာခံ၏ ဆုံးဖြတ်ချက်များကိုလည်း ချင်းလူထုတရပ်လုံးက ကြိုဆိုထောက်ခံခဲ့ကြသည်။

ဤသို ့ထောက်ခံလာကြသည်နှင့်အညီ ချင်းအမျိုးသားတပ်ဦးမှ  ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ချင်းပြည်နယ် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးဖို့ ဇန္နဝါရီလ ၄ ရက်နေ့ မြန်မာစံတော် ချိန် နံနက် ရ နာရီ တိတိတွင် အိန္ဒိယ  - မြန် မာနယ်စပ် တီအို ချောင်းကို လျှော်လှေ နှင့် ဖြတ်ကူးခဲ့ရာ ခရီးစဉ် တလျှောက် ဒေသခံများက နွေးထွေးစွာ ကြိုဆိုခဲ့ကြ သည်။

ပထမဆုံးနယ်စပ်ရွာ အဝင်ဝတွင် အဖွဲ့ခေါင်းဆောင်ဒေါက်တာရွှေခါးက ကျေးရွာလူထုကြီးအား “ ၂၃ နှစ်တာ တော်လှန် ရေးအတွက်ရပ်တည်နိုင်တာဟာ မိဘပြည်သူတွေရပ်တည်ပေးမှုကြောင့်ပါ၊ တော်လှန်ရေးကြောင့် ဒေသခံလူထု မည်မျှ နစ် နာပြီး ဘယ်သူတွေ ထောင်နန်းစံခဲ့ရတယ်ဆိုတာ မိဘပြည်သူတွေသိကြမှာပါ၊ ယနေ့ ကျတော်တို့ဟာ ၂၃ နှစ်တာကာလအထိ ပြောလာခဲ့တဲ့ နိုင်ငံရေးစားပွဲပေါ် တက်ထိုင်ဆွေးနွေးဖို့ဟာ ဒီနေ့ လမ်းစပွင့် လာတယ်၊ အဲဒါကြောင့် အခု ဟားခါးကို သွားမယ်၊ ကျတော်တို့ဟာ လုယူခံထားရတဲ့ ချင်းလူမျိုးတွေရဲ့ ရပိုင်ခွင့်တွေ ပြန်အမ်းဖို့ အကြွေး သွားယူ မှာဖြစ် တယ်၊ အဲဒီ အတွက် ဆုတောင်း ပေးကြပါ”  ဟု လူထုကို ပြောခဲ့သည်။

အသက် ၈၀ အရွယ် အဖိုးတဦးက “ သားတို့မာပါစ၊ အသက်ရှင်ကြသေးတယ်နော်၊ ဘုရား နာ မတော်ကို ချီးမွမ်းပါတယ်၊ သားတို့ဖက်က ဘုရားရှင်ရပ်တည်ပါစေ၊ အဘ အိပ်မက်မက်နေတာ မဟုတ်ဘူးနော်” ဟု ဆိုပြီး မျက်ရည်နဲ့ ပြောစ ကားသည် ပရိသတ်အားလုံးကို မျက်ရည် ကျစေ ခဲ့သည်။

လမ်းတလျှောက် ဒေသခံပြည်သူများသည်  ငြိမ်းချမ်းရေးဆွေးနွေးပွဲအား လှိုက်လှဲစွာကြိဆိုပါ၏ ဟု စာတမ်းထိုးထား သော  မုဒ်ဦးအောက်တွင် ရိုးရာဝတ်စုံ၊ ရိုးရာသီချင်းများဟစ်ကြွေးသစ်ဆိုပြီး ပန်းစည်း၊ ပန်းကုံးများဖြင့် လှိုက်လှိုက် လှဲ လှဲကြို ဆိုကြသည်မှာ ဆိုဘွယ်ရာ မရှိတော့ပေ။

ထို့အပြင် ချင်းပြည်သူများ၏ အမြတ်တနိုးထားရှိသည့် နွားနောက်သားများဖြင့် ဧည့်ခံကျွေးမွေးကြ သည်။

စီအဲန်အက်ဖ် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား နယ်စပ်အထိ လာရောက်ကြိုဆိုသည့် ချင်းပြည်နယ် စိုက်ပျိုးရေးဝန်ကြီး ဦးဗန်ထောင်းက ထန်တလန်မြို့လူထုရှေ့မှောက်တွင် ယခုလိုပြော ခဲ့သည်။

“ ကျတော်တို့ အစိုးရလူကြီးတွေနယ်လှည့်ယင် လူကြီး မကြိုဆိုသူ ဒါဏ်ငွေ ကျပ် ၅၀၀၀ ဆောင်ရမည်ဆိုတာတောင် မရ ဘူး၊ အခု အားလုံးမျက်မြင်ပါ၊” ဟု အတိအလင်း ပြောခဲ့သည်။

စီအဲန်အက်ဖ် နှင့် ချင်းပြည်နယ်အစိုးရ ငြိမ်းအဖွဲ့တို့သည် အချက် ၉ ချက်ပါ သဘောတူညီချက်များကို လက်မှတ်ရေး ထိုးခဲ့ကြသည်။အဆိုပါ (၉)ချက်သည်- ချင်းပြည်နယ်အစိုးရ၏ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးအဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး၏ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးအဖွဲ့ တို့သည်-

၁။ ဤ သဘောတူညီချက်လက်မှတ်ရေးထိုးသည့် အချိန်မှ စပြီး ရန်လိုမှု ပစ်ခတ်တိုက်ခိုက်မှုများကို ချက်ချင်းရပ်ဆိုင်းရန်၊

၂။ဤ သဘောတူညီချက်ပါ အကြောင်းအရာများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် ချင်းပြည် နယ်ထန်တလန်မြို့တွင် ဆက်ဆံရေးဖွင့်ရန်၊ တီးတိန်နှင့် မတူပီမြို့များတွင်ဆက်ဆံရေး ရုံးဖွင့်ရေးကိုမူ ပြန်လည်အကြောင်းကြားမည်ဖြစ်သည်။ ( မှတ်ချက်- တီးတိန်နှင့် မတူပီမြို့ များတွင် ဆက်ဆံရေး ရုံးဖွင့်ခွင့်ရပြီဟု ကြားသိရ)။ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်ဆိုင်းထားစဉ် ကာလအတွင်း ထန်တလန်မြို့ နယ် ကျေးရွာ အုပ်စုသုံးခုတွင် ယာယီနေထိုင်ခွင့်ပြုရန်၊ တီးတိန်နှင့် ပလက်ဝမြို့ နယ် ကျေးရွာအုပ်စု များတွင် ယာယီနေထိုင်ခွင့်ကိုမူ ပြန်လည်အကြောင်းမည်ဖြစ်သည်။ (မှတ်ချက်- နေထိုင်ခွင့်ရရှိပြီးဟု ကြားသိ ရသည်)

၃။ လက်နက်ကိုင်ဆောင်ခြင်းမပြုသည့် ချင်းအမျိုးသားတပ်ဦး၊ တပ်မတော်တပ်ဖွဲ့ဝင်အားလုံးသည် ပြည်ထောင်စုအတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုရန်၊

၄။ ပြည်ထောင်စုအစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးမှုများပြု လုပ်နိုင်ရန်အတွက် အချိန်နှင့် နေရာ သတ်မှတ်နိုင်ရေးအတွက် အမြန်ဆုံး ထပ်မံတွေ့ဆုံရန်၊ ပြည်ထောင်စုအဆင့်နှင့် ထပ်မံတွေ့ဆုံရာတွင့် ဒို့တာဝန်အရေးသုံးပါးအပြင် ပြည်ထောင်စုအရေးနှင့်
တိုင်းရင်းသားအရေး၊ ဒီမိုကရေစီထွန်းကားရေးတို့ကို မူအားဖြင့်အ ခြေခံပြီး တွေ့ဆုံဆွေးနွေးရန်၊

၅။ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရာတွင် ချင်းပြည်သူများ၏ သဘောထားများကို အခြေခံဆွေး နွေးနိုင်ရေးအတွက်ဤ သဘောတူညီချက်ပြုလုပ်ပြီးသည်နှင့် တပြိုင်နက် ချင်းအမျိုးသား တပ်ဦး၊ တပ်မတော်သားများအား ပြည်တွင်းပြည်ပရှိချင်းပြည်သူများနှင့် လွတ်လပ်စွာတွေ့ဆုံဆွေးနွေး ခွင့်ပြုရန်၊

၆။ ချင်းပြည်သူ၊ပြည်သားများရင်ဆိုင်နေရသည့် အစာရေစာပြတ်လပ်မှု၊ ဆေးဝါးပြတ်လပ်မှု၊ သောက် သုံးရေ သန့်ပြတ် လပ်မှုပြသာနာများအား ဖြေရှင်းနိုင်ရန် နိုင်ငံတကာမှ ပရဟိတအဖွဲ့များအား တည်ဆဲဥပဒေနှင့် အညီ ပြည်ထောင်စု အတွင်း လွတ်လပ်စွာ လုပ်ဆောင်ခွင့်ပြုရန်၊

၇။ ပြည်ထောင်စုအတွင်း အဆင်းရဲဆုံးပြည်နယ်ဖြစ်သည့် ချင်းပြည်နယ်အား ခေတ်မှီတိုးတက်သည့် ပြည်နယ်သို့ အသွင် ပြောင်းနိုင်ရန် နိုင်ငံတော်အစိုးရ၏ ထောက်ပ့ံမှုဖြင့် စီးပွားရေး အထူးဇုံများကို ချင်းအမျိုးသားတပ်ဦးမှ တည်ဆဲဥပဒေနှင့် အညီ ဦးဆောင်ပြုလုပ်ရန်၊ စီးပွားရေးအထူးဇုံ ထူထောင် ရေးအတွက် ပြည်ထောင်စုအစိုးရနှင့် ချင်းအမျိုးသား တပ်ဦးတို့ သည် လုပ်ငန်းဖော်ဆောင်ရေး အတွက် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန်၊

၈။ ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချင်းအမျိုးသားတပ်ဦးနှင့် ချင်းပြည်နယ်အစိုးရတို့သည် အပြန်အလှန်အကြံ ပေး ပူးတွဲလုပ်ဆောင်ညှိနှိုင်းမှုများပြုလုပ်ရန်၊

၉။ ချင်းပြည်နယ်မြောက်ပိုင်းရှိ ဘိန်းခင်များ၊ ဘိန်းလုပ်ငန်းများ၊ဘိန်းကုန်ကူးခြင်းများ အမြတ်ပြတ် ချေမှုန်းရေးကို ချင်းပြည် နယ်အစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့အပြန်အလှန် ပူးပေါင်းလုပ်ဆောင် သွားရန် ဆိုပြီး အချက် (၉)ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

အထက်ပါအချက် (၉) ချက်ပါ သဘောတူညီချက်ကို ချင်းအမျိုးသားတပ်ဦး၏ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့တို့သည် ဟားခါးမြို့မှ အပြန် ခရီးစဉ်တလျှောက် ထန်တလန်မြို့ အပါအဝင် ကျေးရွာ (၅)ရွာမှ ပြည်သူများထံ ရှင်းလင်းမှုပြုလုပ်ခဲ့ကြရာတွင်ပြည်သူလူထုအားလုံးမှ တခဲနက် ထောက်ခံခဲ့ကြသည်။

ချင်းအမျိုးသားတပ်ဦးပြည်နယ်အဆင့် ငြိမ်းချမ်းရေးအဖွဲ့သည် မိခင်ဌာနချုပ်သို့ရောက်ရှိပြီးသည်နှင့် တပြိုင်နက် အထွေ ထွေအတွင်းရေးမှူးချုပ် ဦးဆောင်မှုဖြင့် အထက်ပါ (၉)ချက်ပါ သဘောတူညီ ချက်များအပေါ် တခုချင်းစီ ပြန်လည်သုံး သပ်ပြီး လုပ်ငန်းစဉ်များ ရေးဆွဲခဲ့ပြီးလည်း ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးနှင့် ပါတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ချင်းအမျိုးသားတပ်ဦး၏ ဗဟိုတရားသူကြီးချုပ် ဥက္ကဌ ဒေါက်တာ အင်ဒရူးငွန်ကျုံးလျန်ကမူ “အခု ငြိမ်းချမ်းရေးရယူတာ အလင်းဝင်တာမဟုတ်၊ လက်နက်ချတာ မဟုတ်၊ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ချင်လို့ရေ၊ ချင်းပြည်နယ်ဖွံ့ဖြိုးရေုးလုပ်ချင်လုပ်ရေ၊ ပြီးတော့ ဒီအတွက် စီအဲန်အက်ဖ်ရဲ့ ရည်မှန်းချက်ပန်းတိုင်မှ သွေဖယ်မသွားပါ” ဟု ပြောခဲ့သည်။

မည်သို့ပင်ဆိုစေ ၂၃ နှစ်တာ အမျိုးသားလက်နက်စွဲကိုင်လာခဲ့သည့် ချင်းအမျိုးသားတပ်ဦး၊ တပ်မတော် သားများသည် ချင်းအမျိုးသားနိုင်ငံရေးသမိုင်းမျက်နှာစာတွင် မှတ်ကျောက်သစ် တင်ခဲ့ကြ သည်ဟု ဆိုရမည်။ တနည်းအားဖြင့် အမျိုးသား နိုင်ငံရေးလှုပ်ရှားမှု အသွင်သစ် တရပ်ကို ထွင်လိုက် ခြင်းသာဖြစ်သည်။